Tuesday, December 22, 2015

ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းဖိုရမ်မှ တောင်းဆိုချက် ၁၂ ချက် ထုတ်ပြန် ------- -

ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းဖိုရမ်မှ တောင်းဆိုချက် ၁၂
ချက် ထုတ်ပြန်
-------           -------            ---------

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် နေပူတောင် စီမံကိန်းများကို ရပ်ဆိုင်းထားရန်နှင့်
ရခိုင်ပြည်နယ် အတွင်း အကောင်အထည် ဖော်နေသော ရွှေသဘာဝဓာတ်ငွေ့မှ
ရခိုင်တစ်ပြည်နယ်လုံး ၂၄ နာရီ လျှပ်စစ်မီးရရှိအောင် အမြန်ဆုံး အကောင်အထည်
ဖော်ရေး အပါအ၀င် တောင်းဆိုချက် ၁၂ ချက်ကို ရခိုင်ပြည်နယ် လုံးဆိုင်ရာ
အရပ်ဘက် လူမှုအဖွဲ့အစည်း၏ ဖိုရမ်က တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌  ဒီဇင်ဘာ ၁၈ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ
သုံးရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါ ဖိုရမ်မှ အချက် ၁၂ ချက် ပါဝင်သော
သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အဓိကဆွေးနွေးတဲ့ အချက်တွေကတော့ ပြည်နယ်ဝန်ကြီးချုပ် ခန့်ရေးကိစ္စ၊
နောက်သယံဇာတ အရေးကိစ္စ ၊ နောက်ပြီး လူမှုအဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍ၊
နောက်စီမံကိန်း အကြောင်းတွေ၊ အခြေခံ အဆောက်အအုံ ကိစ္စတွေ
တော်တော်များများ ဆွေးနွေးခဲ့ပါတယ်” ဟု ရခိုင်ဖိုရမ် ဖြစ်မြောက်ရေး စီစဉ်သူ
ဦးထွန်းကြည်က ပြောသည်။

ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်တွင် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်တာဝန်
ထမ်းဆောင်မည့် ရခိုင်ပြည် နယ် အစိုးရအဖွဲ့နှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့သည်
အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင် အသိမှတ်ပြုပေး
ရန်၊  ရခိုင်ပြည်နယ်တွင် အများစု အနိုင်ရထားသော နိုင်ငံရေးပါတီများ၏ လွှတ်တော်
ကိုယ်စားလှယ်များထဲမှ ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများ
နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ
၏ ပါဝင်မှုအခန်းကဏ္ဍကို ထည့်သွင်း အသိမှတ်ပြုပေးရန် စသည်တို့ ပါဝင်သည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ထုတ်ယူ တူးဖော်နေသော သဘာဝ သယံဇာတများ၏
၅၀ ရာခိုင်နှုန်းအား ရခိုင်ပြည်နယ် ပြည်သူလူထုအား ခံစားခွင့်ပြုရန်၊ ဒေသခံပြည်သူ
များ၏ ဆန္ဒနှင့်အညီ ခေါ်ဆောင်ခြင်း မရှိသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့်
နေပူတောင် စီမံကိန်များကို ရပ်ဆိုင်းထားရန်၊ ရခိုင်ပြည်နယ်အတွင်း အကောင်
အထည်ဖော် ဆောင်ရွက်နေသော ရွှေသဘာဝဓာတ်ငွေ့မှ ရခိုင်တစ်ပြည်နယ်လုံး ၂၄
နာရီ လျှပ်စစ်မီးရရှိအောင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စသည့်အချက်များ ပါဝင်သည်။

“ပြည်နယ်အစိုးရမှာပဲ ဖြစ်ဖြစ် ပြည်ထောင်စု အစိုးရမှာပဲဖြစ်ဖြစ် လူမှုအဖွဲ့အစည်း
များရဲ့ ကဏ္ဍက အရေးကြီးပါ တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ်
တိုင်းပြည်ရဲ့ကဏ္ဍအသီးသီးကို အစိုးရသည် အောက်ခြေအထိ နေရာတကာ
လက်လှမ်း မမီနိုင်ပါဘူး။ ဒါ့ကြောင့် ဒီကိစ္စတွေမှာ လူမှုအဖွဲ့အစည်းတွေရဲ့
လုပ်ဆောင်ချက်က ပိုမို အဆင်ပြေ ထိရောက်မှုတွေ ရှိနိုင်တယ်။ ဒါ့ကြောင့်
လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အစိုးရအနေနဲ့ အားပေးဖို့လိုပါတယ်” ဟု
ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအေးသာအောင်  က
ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ယပ်လှဲကျောင်းတိုက်တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့်
ရခိုင်ပြည်နယ်လုံး ဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖိုရမ်အား ရခိုင်ပြည်နယ်
၁၇ မြို့နယ်နှင့် ရန်ကုန်အခြေစိုက် လူမှုအဖွဲ့အစည်း ပေါင်း ၁၀၇ ဖွဲ့မှ ဖိတ်ကြားထား
သည့် ဧည်သည်များနှင့် အရပ်ဘက်အဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း နှစ်ရာကျော်
တက်ရောက်ခဲ့ကြသည်။

သတင်း - MMK
Photo -  Khaing Kaung San
The Ladies News Journal

No comments: