မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, September 14, 2015
ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂါလီများကို ဒဂုံတောင်တွင် ဖမ်းမိ ------------
ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂါလီများကို ဒဂုံတောင်တွင် ဖမ်းမိ
---------------------------------------
ရန်ကုန်၊ စက်တင်ဘာ ၁၃
မြောက်ဦးမြို့မှ ရန်ကုန်မြို့သို့ ခိုးဝင်လာသော ဘင်္ဂါလီလူမျိုး အမျိုးသားလေးဦးကို စက်တင်ဘာလ ၁၂ ရက် နံနက် ၁ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် ၁၀၄ ရပ်ကွက်၊ ရွှေဝါထွန်းလမ်းရှိ နေအိမ်တစ်လုံးတွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ဘင်္ဂါလီတွေ ခိုးသွင်းမှုနဲ့ အိမ်ရှင်လင်မယား နှစ်ယောက်ကို ဖမ်းထားတယ်၊ ရခိုင်ကနေ ရန်ကုန်ကို ကားနဲ့ သယ်လာတဲ့အဖွဲ့မှာ ပါတဲ့သူတွေတော့ လွတ်နေတုန်းပဲ။ ဘင်္ဂါလီလူမျိုး လေးယောက်ကို ဒီနေ့ ဒဂုံတောင်တရားရုံးမှာ မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၆ (၂) နဲ့ တရားစွဲဆိုထားတယ်” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းထံမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖမ်းမိသော ဘင်္ဂါလီများမှာ မြောက်ဦးမြို့နယ်၊ ရှမ်းတောင်ကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး အသက် ၁၅ နှစ်မှ ၂၀ ကြားရှိ အမျိုးသားလေးဦး ဖြစ်ကြောင်း၊ ယင်းဘင်္ဂါလီများမှာ ရန်ကုန်မြို့သို့ ရောက်ရှိရန် တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ ပို့ဆောင်ခအဖြစ် ပေးချေရကာ ရန်ကုန်မြို့သို့ သြဂုတ်လ ၂၃ ရက်နေ့က ရောက်ရှိခဲ့ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၀၄ ရပ်ကွက်၊ ရွှေဝါထွန်းလမ်းရှိ အသက် ၅၂ နှစ်အရွယ် ဦးကိုကိုနိုင် (ခ) အရွတ်ခန်၏ နေအိမ်တွင် ပုန်းခိုနေစဉ် ဖမ်းဆီးခံရကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ဖမ်းမိတဲ့ ဘင်္ဂါလီတွေက မြန်မာစကား နားမလည်ဘူး၊ ရွှေဝါထွန်းလမ်းထဲက ဘင်္ဂါလီစကား နားလည်တဲ့ ရာအိမ်မှူးနဲ့ ခေါ်မေးမြန်းခိုင်းတော့ မင်းပြားမြို့က သူတို့လူမျိုး ဘာသာဝင်တစ်ဦးနဲ့ ဆက်သွယ်ပြီး ရန်ကုန်မှာ အလုပ်လာရှာတာလို့ သိရတယ်။ အဆင်မပြေရင် မြဝတီဘက်က တစ်ဆင့် ထိုင်းနဲ့ မလေးရှားကို ထပ်ထွက်မယ် သိရတယ်။ ဒဂုံတောင် ရောက်နေတာ ရက် ၂၀ ကြာမှ သတင်းရလို့ ဝင်စစ်ဆေးရာက ဖမ်းမိခဲ့တာ” ဟု အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းဘင်္ဂါလီလူမျိုး လေးဦးကို သြဂုတ်လ ၁၅ ရက်နေ့က မြောက်ဦးမြို့တွင် မော်တော်ယာဉ်တစ်စီးက လာရောက်ခေါ်ဆောင်ပြီး မြောက်ဦး-ပြည်လမ်း တစ်လျှောက် ယာဉ်နောက်ခန်းတွင် ခိုးဝှက်တင်ဆောင်လာခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်များအရ စုံစမ်းသိရှိရသည်။
“လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေ မရောက်ခင် ခိုးတင်လာတဲ့ ဘင်္ဂါလီတွေကို ကားပေါ်က ဆင်းခိုင်းပြီး လမ်းလျှောက်ခိုင်းတယ်။ ဂိတ်ကျော်မှ ကားပေါ်ပြန်တင်မောင်းတယ်။ ပြည်မြို့က နေအိမ်တစ်လုံးမှာ ရှစ်ရက်လောက်နားပြီး ရန်ကုန်ကို နောက်ကားတစ်စီးနဲ့ ထပ်သယ်လာခဲ့တာ။ အခုဖမ်းမိတဲ့ နေအိမ်ပိုင်ရှင်က ဘင်္ဂါလီတစ်ယောက်ကို စားစရိတ် ငါးသောင်းနဲ့လက်ခံပြီး ခေါ်ထားတာလို့ သိရတယ်” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (၆) မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ဘင်္ဂါလီများ ဖမ်းဆီးရမိမှုမှ နေအိမ်တွင် ဝှက်ထားပေးသူ ဦးကိုကိုနိုင် (ခ) အရွတ်ခန်းတို့ ဇနီးမောင်နှံနှင့် ငွေကျပ် သိန်း ၄၀ ဖြင့် မြောက်ဦးမှ ရန်ကုန်သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည့် ဖာရို၊ မောင်စိုးတို့ကို ဒဂုံတောင်မြို့မ ရဲစခန်းက (ပ) ၉၉၁/၁၅၊ ပုဒ်မ ၃၆၈/ ၃၇၀/ ၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးနေကြောင်း၊ ဘင်္ဂါလီ အမျိုးသားလေးဦးကို ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၂) အရ ရဲအရေးမပိုင်မှု အမှတ်စဉ် ၈/၁၅ ဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ကာ တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။
သြဂုတ်လ ၂၂ ရက်နေ့ကလည်း ရန်ကုန်မြို့အတွင်း ခိုးသွင်းလာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ဘင်္ဂါလီလူမျိုး ၁၀ ဦးကို မှော်ဘီမြို့နယ် အမှတ် (၄) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ပြီး စစ်ဆေးခဲ့ရာ တစ်ဦးလျှင် ကျပ် ၁၂ သိန်း သယ်ဆောင်ခပေးရပြီး စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းနှစ်ခုမှ ပန်းတောင်းမြို့သို့ စစ်ရောင် FAW ယာဉ်ဖြင့် လိုက်ပါလာပြီး ပန်းတောင်းမှ ရန်ကုန်သို့ မော်တော်ယာဉ် ၃ စီးဖြင့် လိုက်ပါလာခြင်း ဖြစ်ကြောင်း၊ ယင်းနောက် လွတ်မြောက်သွားသည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ ဘင်္ဂါလီလူမျိုး ကိုးဦးနှင့် ယာဉ်မောင်းများကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံရှာဖွေခဲ့ရာ လူမပါသည့် မော်တော်ယာဉ်နှစ်စီးကို တိုက်ကြီးနှင့် ထောက်ကြန့်မြို့တို့တွင် သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment