Wednesday, May 25, 2016

ဖားကန့် ဥပဒေစိုးမိုးရေးအတွက် ကျည်ဆန်ခြောက်ချက် ------------------------------------

ဖားကန့် ဥပဒေစိုးမိုးရေးအတွက် ကျည်ဆန်ခြောက်ချက်
----------------------------------------

ဖားကန့်တွင် လက်သည်မတွေ့သော နောက်ထပ်သေနတ်မှုတစ်ခုဟု ဆိုလျှင် အံ့ဩစရာများစွာ ရှိလာမည်မဟုတ်ပါ။ သို့သော် ကျည်ဆန်ခြောက်ချက်ဒဏ်ကို ခံသွားရသူမှာ အမျိုးသမီး အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး ဆိုလျှင်တော့ အနည်းငယ် မျက်ခုံးပင့်သွားနိုင် ပါသည်။

သူ့အမည်က မနန္ဒာလှိုင်။ သူ့ကို လူတော်တော်များများ သိကြသည်။

မနန္ဒာလှိုင်ကို လူပိုသိစေသော အချက်အချို့ ရှိသည်။
ဖားကန့်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးလောကတွင် ရှားရှားပါးပါး အမျိုးသမီးရာအိမ်မှူး ဖြစ်နေခြင်းက လူအများ၏ စိတ်ဝင်စားခံရခြင်း၏ နံပါတ်တစ်အချက် ဖြစ်သည်။ အမျိုးသမီးဖြစ်သော်လည်း ရပ်ရေးရွာရေးများကို အမျိုးသားများထက် သွက်သွက်လက်လက် လုပ်နိုင်ကြောင်းကို ဆုထူးပန် ကျောက်မျက်ကုမ္ပဏီ၏ တရားမဝင် စွန့်ပစ်မြေစာပုံကိစ္စဖြင့် ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်ကာ သက်သေပြခဲ့သည်။
(မှော်ရှန်ကျေးရွာထိပ်တွင် ဆုထူးပန် ကျောက်မျက်ကုမ္ပဏီက စွန့်ပစ်သည့် စွန့်ပစ်မြေစာပုံမှာ အန္တရာယ် ရှိနေသည့်အတွက် ကုမ္ပဏီအား မြေစာဝိတ်လျှော့ခြင်း၊ ကျောက်ရိုးစီခြင်းများ ပြုလုပ်ပေးရန် ရှေ့ဆောင် တောင်းဆိုခဲ့သည်။ ကုမ္ပဏီမှာ အင်တင်တင်ဖြင့်လုပ်သည် ဟုလည်း သိရသည်။ ယခု မနန္ဒာလှိုင် သေဆုံးချိန်အထိ မပြီးသေးဟုလည်း သိရသည်။)

အခြားသော ရပ်ရေးရွာရေးများ ကိုလည်း ထိုနည်းတူစွာ လုပ်ဆောင်ပေးခဲ့သည်။ အထူးသဖြင့် လူနေကျေးရွာများနှင့် စိမ့်စမ်းရေထွက်ရှိသော နေရာများတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ၏ တရားမဝင် စွန့်ပစ်မြေစာများ ကိစ္စတွင် ဦးဆောင် ကန့်ကွက်သူတစ်ဦး ဖြစ်လာခဲ့သူဖြစ်သည်။

ယခုတော့ ကျည်ဆန်ခြောက်ချက်က သူ့ခန္ဓာကို ဖောက်ထွင်းသွားလေပြီ။ သူ့အသက်ကို နုတ်ယူ သွားလေပြီ။

သေနတ်သံ၊ ဗုံးသံများနှင့် ယဉ်ပါးနေပြီဖြစ်သော ဖားကန့်ဒေသတွင် မေလ ၂၂ ရက်နေ့ ညနေပိုင်းက ပေါ်ထွက်ခဲ့သော ထိုသေနတ်သံ ခြောက်ချက်မှာမူ ဖားကန့်မြို့နယ် တစ်ခုလုံးကိုသာမက ကချင်ပြည်နယ် တစ်ခုလုံးကိုပင် ကျော်လွန်၍ အထိတ်တလန့် ဖြစ်စေခဲ့သည်။

သတ်သွားသူက အမျိုးသားသုံးဦး။

ယခုဖြစ်စဉ်မျိုးကို ၁၉၉၄ ခုနှစ်ကတည်းက ဖားကန့်တွင် ပထမဆုံးဖြစ်သည်။
အခင်းဖြစ်သည့် ညနေက မည်သူမျှ မနန္ဒာလှိုင်၏ အိမ်အနားသို့ မကပ်ရဲကြ။ မသွားရဲကြ။ ဌာနဆိုင်ရာနှင့် စစ်တပ်၊ ရဲတို့လောက်သာ လုံခြုံရေးများဖြင့် ရှုပ်ယှက်ခတ်နေကြသည်။
သားသမီးသုံးဦးရှိသော မနန္ဒာလှိုင်၏ အိမ်ထောင်သက် ၁၀ နှစ်ကျော်ပြီ ဖြစ်သည်။
မနန္ဒာလှိုင် သေနတ်နှင့်ပစ်ခံရချိန်တွင် အိမ်တွင် ခင်ပွန်းဖြစ်သူကိုမျိုးထွန်း ရှိနေသည်။ နေမကောင်းသဖြင့် အိမ်အပေါ်တွင် အိပ်နေကြောင်း ကိုမျိုးထွန်းက ဆိုသည်။

ကြမ္မာငင်မည့် ထိုနေ့ ညနေ ငါးနာရီခန့်တွင် လူနှစ်ဦးရောက်လာသည်။ ဆိုင်ကယ်ပျောက် တိုင်လိုသည်ဟူ၏။

“မရှေးမနှောင်းမှာ နောက်ထပ် လူတစ်ယောက် ထပ်ရောက်လာသံ ကြားတယ်၊ ခဏနေတော့ သေနတ်သံလိုလို ကြားလို့ ဆင်းကြည့်လိုက်ချိန်မှာ မိန်းမက မီးခိုးတွေကြားမှာ သားအငယ်ဆုံးလေးက ဒဏ်ရာရတဲ့ သူ့အမေကို တွဲပြီး ဧည့်ခန်းထဲက ထွက်လာတယ်” ဟု ကိုမျိုးထွန်းက ရှင်းပြသည်။
“ချက်ချင်း ဖားကန့်ဆေးရုံကို ခေါ်သွားတယ်။ လမ်းမှာ တစ်လမ်းလုံးတော့ ညည်းလာတယ်။ ဖားကန့် ရဲစခန်းရှေ့အရောက်မှာ ညည်းသံတိုးတိုးလေး ကြားလိုက်ရပြီး ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး”

ကျည်ဆန်ခြောက်တောင့်က ခန္ဓာကိုယ်အနှံ့ ဖောက်ဝင်သွားခဲ့သည်။ ဘယ်ဘက်ညှပ်ရိုးတွင် တစ်ချက်၊ ညာဘက်ရင်အုံတွင် သုံးချက်၊ ညာဘက်နံရိုး အောက်တွင် တစ်ချက်၊ ညာလက်ဖျံတွင် ထုတ်ချင်းပေါက် တစ်ချက်။

၂၄ ရက်နေ့တွင် မနန္ဒာလှိုင်၏ ရုပ်အလောင်းအား သင်္ဂြိုဟ်ရန် စီစဉ်ခဲ့သော်လည်း ရပ်ဝေးမှ ဆွေမျိုးများကို စောင့်ဆိုင်းခဲ့ခြင်းကြောင့် ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီသို့ အချိန်ပြောင်းလိုက်ကြောင်း သိရသည်။

မနန္ဒာလှိုင်အမှုသည်လည်း ထုံးစံအတိုင်း ယခုအထိ လက်သည်မပေါ်သေး။

သေနတ်ဖြင့်ပစ်သတ်ခံရသည့် အမှုပေါင်းသည် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် လေးမှုထက်မနည်း ရှိခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရမှုသည် ပထမဆုံးဖြစ်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းကလည်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်နှစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်သတ် ခံခဲ့ရသေးသည်။

ဖားကန့်မြေသည် အစိုးရသစ်ကြိုးပမ်းနေသော တရားဥပဒေစိုးမိုးရေး၏ လွတ်မြောက်နယ်မြေလည်း ဖြစ်ဆဲဖြစ်သည်။ ဥပဒေ ထီးရိပ်အတွက် အားထုတ်နေသော ဖားကန့်ဒေသအသီးသီးရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပရဟိတသမားများ၊ သတင်းသမားများ၏ လုံခြုံရေးသည် ကျည်တစ်တောင့်အောက် မဆိုင်းမတွ ရောက်သွားနိုင်သည်ကို ဆိုင်းတောင် (ဆိပ်မူ) ကျေး ရွာမှော်ရှန်ရပ်ကွက်၏ ယခုဖြစ်စဉ်က မီးမောင်းထိုးပြ နေသည်။

သို့သော် ဖားကန့်ကို တရားဥပဒေ စိုးမိုးမှု ထီးရိပ်အောက်ပြန်ထည့်ရန် နောက်ထပ် မနန္ဒာလှိုင်များ စတေးရဦးမည်လား။
နောက်ထပ် သေနတ်သံခြောက်ချက်များ မပေါ်ပါဟု အာမခံသူများကိုသာ အလိုရှိနေသည်။

(ဇော်မိုးထက်)


No comments: