Monday, October 24, 2016

အမေရိကန်တွင် ဘတ်စ်ကားနှင့် ကုန်တင်ကား တိုက်မိပြီး ၁၃ ဦးထက်မနည်း သေဆုံး On  


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ဘတ်စ်ကားနှင့် ကုန်တင်ကား တိုက်မိမှု ဖြစ်ပွားရာ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် ခရီးသည်တင် ဘတ်စ်ကားက ကုန်တင်ကား၏ နောက်ဘက်ကို အရှိန်ဖြင့် ဝင်တိုက်ခဲ့သည့် ဖြစ်ရပ်အတွင်း နောက်ထပ် လူပေါင်း ၃၀ မျှလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားသော မတော်တဆမှုတွင် ထိခိုက်သေကြေသူ အများစုသည် လက်တင်အမေရိက နိုင်ငံများမှ လာရောက်လည်ပတ်သူများ ဖြစ်ကြောင်းလည်း သတင်းများက ဆိုသည်။ ပမ်းလ်စပရင်း မြို့ငယ်
အနီးတွင် နံနက်အစောပိုင်းက ဖြစ်ပွားသော ယာဉ်တိုက်မှု အပြီး၌ ကယ်ဆယ်ရေး ဝန်ထမ်းများက ကျိုးကျေနေသည့် ဘတ်စ်ကား ကိုယ်ထည်အတွင်းသို့ ပြတင်းပေါက်မှန်များကို ခွဲ၍ ဝင်ပြီး အလောင်းများကို ဆွဲထုတ်ခဲ့ရသည်။ ဘတ်စ်ကားသည် လော့စ်အန်ဂျလိစ်သို့ ဦးတည် မောင်းနှင်နေခဲ့ခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာရသူများအနက် ၅ ဦးသည် အခြေအနေ ပြင်းထန် ဆိုးရွားကြောင်းလည်း လော့စ်အန်ဂျလိစ်တိုင်းမ်စ် သတင်းစာက ဆိုသည်။ ထို့အပြင် ယခုယာဉ်တိုက်မှုသည် ပြည်နယ်သမိုင်းတွင် ဆယ်စုနှစ် အတော်များများ
အတွင်း အဆိုးရွားဆုံး ယာဉ်မတော်တဆမှုလည်း ဖြစ်ခဲ့ကြောင်း သတင်းစာ၌ ဖော်ပြထားသည်။

ဖြစ်စဉ်တွင် သေဆုံးသူ အများစုမှာ ဘတ်စ်ကား ရှေ့ပိုင်း၌ လိုက်ပါလာသူများ ဖြစ်ကြသည်။ သေဆုံးသူများတွင် ဘတ်စ်ကား မောင်းသူလည်း ပါဝင်သည်။ တာဝန်ရှိသူများက သေဆုံးသူများကို မည်သူမည်ဝါ ခွဲခြားနိုင်ရန် ရက်ပိုင်းမျှထိ အချိန်ယူရနိုင်ကြောင်း မှတ်ချက်ပေးထားသည်။

အခင်းဖြစ်ပြီးနောက် ပတ်ဝန်းကျင် အဝေးပြေးလမ်း အချို့ကို ယာယီပိတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန် ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်းလည်း သိရသည်။ ယခုမတော်တဆမှု ဖြစ်ပွားသော ဘတ်စ်ကားကို US Holiday ကုမ္ပဏီက ပိုင်ဆိုင်ပြီး ကယ်လီဖိုးနီးယားရှိ ကာစီနိုရုံတစ်ခုမှ လော့စ်အန်ဂျလိစ်သို့ ဦးတည် သွားရောက်ခဲ့ခြင်းဟု ဆိုသည်။ အဆိုပါ ကုမ္ပဏီသည် ကယ်လီဖိုးနီးယားနှင့် လာ့စ်ဗီးဂက်စ်ရှိ ကာစီနိုရုံများသို့ ပို့ဆောင်သည့် ခရီးစဉ်များကို တာဝန်ယူ ပြေးဆွဲလေ့ ရှိကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

အမေရိကန် အဝေးပြေးလမ်းများ၏ လုံခြုံရေးစနစ် ကောင်းမွန်မှုကြောင့် ယခုလို ဆိုးရွားသော မတော်တဆမှုမျိုး ပေါ်ပေါက်ခြင်းသည် ရှားပါးသော အခြေအနေ တစ်ရပ်ဖြစ်သည်။ ကနဦး စစ်ဆေးမှုများအရ သက်ဆိုင်ရာ ကုမ္ပဏီ၌ ဘတ်စ်ကားတစ်စီးနှင့် ယာဉ်မောင်း တစ်ဦးသာရှိပြီး လုံခြုံရေး စံသတ်မှတ်ချက် လိုက်နာပြည့်မီသည့် ထောက်ခံချက် ရရှိထားသလို လွန်ခဲ့သည့် ၂ နှစ်အတွင်း ယာဉ်တိုက်မှု အလုံးစုံ ကင်းရှင်းသည့်မှတ်တမ်း ပိုင်ဆိုင်ထားကြောင်း သိရသည်။

Ref: Los Angeles Times

No comments: