Monday, October 24, 2016

အာဖဂန်၏ ဘိန်းထုတ်လုပ်မှု တစ်နှစ်အတွင်း ၄၃ ရာခိုင်နှုန်း မြင့်တက်လာ


အာဖဂန်နစ္စတန် နိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ၄၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် ဘိန်းထွက်ရှိမှု အများဆုံး နိုင်ငံ၏ ထုတ်လုပ်မှု ပမာဏသည် ဆက်လက် မြင့်တက်နေဆဲဟု အတည်ပြုခဲ့သည်။ ထို့အပြင် ဘိန်းစိုက်ပျိုးရာ နယ်မြေသည်လည်း တစ်နှစ်အတွင်း ၁၀ ရာခိုင်နှုန်းတိုးကာ ဟက်တာ ၂၀၁၀၀၀ မြင့်တက်လာခဲ့သည်။

ဘိန်းစိုက်ပျိုးရာ ဧရိယာ ကျယ်ပြန့်လာမှု နည်းပါးသည့်တိုင် တစ်ဧကချင်း ထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် အထွက်ပမာဏတွင် သိသိသာသာ ပိုများလာခြင်းဟုလည်း သိရသည်။ အာဖဂန်မှ ထွက်ရှိသည့် ဘိန်းကို ဟီးရိုးအင်း ဘိန်းဖြူ ချက်လုပ်ရာတွင် အရေးအပါဆုံး ပါဝင်ပစ္စည်းသဖွယ် အသုံးပြုလေ့ ရှိသည်။

အာဖဂန်ရှိ တာလီဘန် စစ်သွေးကြွများသည် ၎င်းတို့ ထိန်းချုပ်ထားရာ နယ်မြေများရှိ ဘိန်းစိုက်တောင်သူများထံမှ အခွန်ငွေ ကောက်ခံလေ့ရှိပြီး ယင်းသည် ၎င်းတို့၏ အဓိက ဝင်ငွေရင်းမြစ်တစ်ခုလည်း ဖြစ်နေကြောင်း သိရသည်။

ကုလသမဂ္ဂ လက်အောက်ခံ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၏ ညွှန်ကြားရေးမှူး ယူရီ ဖီဒိုတော့ဗ်က “နိုင်ငံတကာမှာ ဘိန်းစိုက်ပျိုးမှုကို ဆန့်ကျင် တိုက်ဖျက်မှုတွေ အရှိန်မြှင့်တင်နေချိန်မှာ အခုကိန်းဂဏန်းကတော့ စိုးရိမ်စရာပါပဲ”ဟု မှတ်ချက်ပေးခဲ့သည်။

ဘိန်းသည် ဘိန်းဖြူချက်လုပ်မှုအတွက် အရေးကြီးသလို မော်ဖင်းကဲ့သို့ အစွမ်းထက်သည့် အကိုက်အခဲ အနာအကျင် ပျောက်ဆေးများ ဖော်စပ်ရာတွင်လည်း အလွန်အသုံးဝင်သည်။ နိုင်ငံအများအပြားသည် ဆေးဝါးဖော်စပ်ရန် ဘိန်းစိုက်ပျိုးမှုများ ရှိကြသော်လည်း အာဖဂန်မှ ထွက်ရှိသည့် ဘိန်းအများစုမှာမူ တရားဝင် ဈေးကွက်များမှတဆင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများသို့သာ ရောက်သွားလေ့ ရှိသည်။

အာဖဂန် အစိုးရသည် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးအတွက် မူဝါဒများ ချမှတ် ဆောင်ရွက်သွားမည်ဟု ကြေညာထားသော်လည်း အစိုးရ ထိန်းချုပ်ထားရာ နယ်မြေ ဧရိယာ အများအပြားတွင်ပင် ပေါ်ပေါ်ထင်ထင် ဘိန်းစိုက်မှုများ ရှိနေသလို ဒေသဆိုင်ရာ အာဏာပိုင်များက လာဘ်ငွေယူကာ မမြင်ဟန်ပြုနေဆဲဟု ဆိုသည်။

ပြီးခဲ့သည့် တစ်နှစ်တာအတွင်း အာဖဂန်တွင် ဘိန်းစိုက်ဧရိယာ ၃၅၅ ဟက်တာမျှကိုသာ ဖျက်သိမ်းနိုင်ခဲ့သည်။ အဆိုပါ ပမာဏသည် ယင်းမတိုင်မီ တစ်နှစ်ကထက် ၉၀ ရာခိုင်နှုန်းမျှ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်ကမူ ဟက်တာ ၄၀၀၀ ဝန်းကျင်ထိ ဖျက်သိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

Ref: BBC

No comments: