Sunday, October 16, 2016

ထိုင်းထီးနန်းကို ဆက်ခံမည့် အိမ်ရှေ့မင်းသား ဗွီဂျလောင်ကွန်နဲ့ ပတ်သက်ပြီး လက်တလော သိထားရမည့် အချက် (၄) ချက်

ထိုင်းဘုရင်ဘူမိဘော ကံတော်ကုန်သွားပြီးတဲ့နောက်မှာ ထီးနန်း ဆက်ခံဖို့ အပ်နှင်းခံထားရတဲ့ အိမ်ရှေ့မင်းသား ဗွီဂျလောင်ကွန်နဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုတွေ မြင့်တက်လို့ လာပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ဘုရင်ဘူမိဘော ကံတော်ကုန်သွားပြီးတဲ့နောက် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ထိုင်းထီးနန်းကို အိမ်ရှေ့မင်းသား ဗွီဂျလောင်ကွန်က ဆက်ခံမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ကံတော် ကုန်သွားတဲ့ ဘုရင် ဘူမိဘောက သူ့နေရာကို ဆက်ခံဖို့အတွက် အိမ်ရှေ့မင်းသား ဗွီဂျလောင်ကွန်ကို အပ်နှင်းထားတဲ့အကြောင်း အမျိုးသားလွှတ်တော်ကို တင်ပြသွားမယ့် အကြောင်းလည်း ဝန်ကြီးချုပ် ပရာရွတ်က ကြေညာခဲ့ပါတယ်။

အိမ်ရှေ့မင်းသား ဗွီဂျလောင်ကွန်ဟာ ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ စိတ်ဝမ်းကွဲမှုတွေ ရှိနေတဲ့အချိန်မှာ ထီးနန်း အရိုက်အရာကို ဆက်ခံရမှာဖြစ်ပြီး သူနဲ့ပတ်သက်လို့ လက်တလော သိထားသင့်တာတွေထဲက Time မဂ္ဂဇင်းကြီးက ဖော်ပြထားတဲ့အချက် လေးချက်ကို ပြန်လည်ကောက်နှုတ်ကာ မျှဝေ ပေးလိုက်ပါတယ်။

(၁) ထီးနန်းကို ဆက်ခံရန် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ ပြီးဆုံးသည်အထိ စောင့်ရမည်။

အိမ်ရှေ့မင်းသားအနေနဲ့ ဘုရင် ဘူမိဘော ကံတော်ကုန်ခြင်းအတွက် တိုင်းသူပြည်သားတွေနဲ့အတူ ဝမ်းနည်း ကြေကွဲနိုင်ရန်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကာလ ပြီးဆုံးမှသာ ထီးနန်းကို ဆက်ခံသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာရွတ်က ကြေညာထားပါတယ်။ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကာလကို တစ်နှစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

(၂) ဆက်ခံသူတွေထဲမှာ အတစ်ဦးတည်းသော အမျိုးသား

၁၉၅၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အိမ်ရှေ့မင်းသားဟာ ဘုရင် ဘူမိဘောနဲ့ မိဖုရား ဆီရီကစ်တို့ရဲ့ တစ်ဦးတည်းသော သားတော် ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဥရောပနဲ့ သြစတြေးလျက ပုဂ္ဂလိက ကျောင်းတွေမှာ တက်ရောက်ခဲ့ပြီး တော်ဝင်စစ်ကောလိပ်ကနေ ဘွဲ့ရခဲ့ပါတယ်။

(၃) နာမည်ပျက်စရာ အမှုပွေမှုများ

အိမ်ရှေ့မင်းသားဟာ ကုန်လွန်ခဲ့တဲ့နှစ်တွေ အတွင်းမှာ နာမည်ပျက်စရာ အမှုပွေတာမျိုးတွေ ရှိခဲ့ပြီး ဒီအတွက်ကြောင့်ပဲ ထိုင်းထီးနန်းကို အိမ်ရှေ့မင်းသားထက် စာရင် သူ့ရဲ့ညီမဖြစ်သူ မင်းသမီး သီရိဒုံကသာ ဆက်ခံသင့်တယ်လို့ ထင်မြင်ယူဆတဲ့ ထိုင်းပြည်သူ ပြည်သား အများအပြား ရှိနေပါတယ်။

(၄) အာဏာသိမ်း အစိုးရအဖွဲ့၏ စိုးရိမ်မှု

အိမ်ရှေ့မင်းသားဟာ ဖြုတ်ချခံလိုက်ရတဲ့ ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုရှိသူ ဖြစ်နေတာနဲ့ ပတ်သက်ပြီး လက်ရှိထိုင်း နိုင်ငံရဲ့ အာဏာသိမ်း အစိုးရက စိုးရိမ်ပူပန်မှု ရှိနေပါတယ်။

No comments: