Friday, October 7, 2016

ရုပ်သံလိုင်းလုပ်ကိုင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ အောင်မြင်သည့် ရုပ်သံကုမ္ပဏီ ၄၀ ကျော် ထုတ်ပြန်


 မြန်မာ့အသံနှင့် ရုပ်မြင် သံကြားလုပ်ငန်း (MRTV)မှ ငှား ရမ်းပေးမည့် ရုပ်သံလိုင်းငါးလိုင်း ကို လုပ်ကိုင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ကို ဖိတ်ခေါ်ခဲ့ရာ ယင်းတို့အနက် အဆိုပြုလွှာ အောင်မြင်ခဲ့သည့် ပုဂ္ဂလိက ကုမ္ပဏီ ၄၂ ခုကို ပြန်ကြားရေးဝန် ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းနှင့် နည်း ဥပဒေရေးဆွဲခြင်းတို့အတွက် ကြာမြင့်မည့်အချိန် တစ်နှစ်ခွဲခန့်အ တွင်း ပုဂ္ဂလိက ရုပ်သံလုပ်ငန်း လုပ်ကိုင်လိုသူများအား MRTV မှ ရုပ်သံလိုင်းငါးလိုင်းကို ငှားရမ်း ပေးရန် စီစဉ်နေခြင်းဖြစ်သည်။

စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI)များ နောက်ဆုံးလျှောက် ထားရမည့် စက်တင်ဘာ ၂၂ ရက် အထိ ကုမ္ပဏီပေါင်း ၄၄ ခုက လျှောက်ထားခဲ့ပြီး ကုမ္ပဏီ ၄၂ ခုမှာ EOI အဆင့် အောင်မြင် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။

အဆိုပါ စိတ်ဝင်စားမှု အဆို ပြုလွှာ (EOI)  အဆင့် အောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် Request for Proposal (RFP)ကို ထပ်မံလျှောက်ထားရမည်ဖြစ်ပြီး ယင်းအဆင့်ကို ရွေးချယ်ရန် အ ချိန် သုံးလခန့် ကြာမြင့်မည်ဖြစ် ကြောင်း လျှောက်လွှာများကို စိစစ်သည့် Tun Group Asia ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးချစ်ထွန်း ဖေက ပြောသည်။

 ‘‘အခု EOI အောင်မြင်တဲ့ ကုမ္ပဏီတွေကို နောက်တစ်ပတ် ထဲမှာ Request for Proposal (RFP) ကို ကြိုရှင်းပြမယ်။ သူတို့ RFP ပြင်ဆင်ပြီး တင်ဖို့အချိန် ရှစ် ပတ်ရမယ်။ သူတို့တင်ပြီးရင် လေးပတ်အကြာမှာ ကျွန်တော်တို့က စိစစ်ထုတ်ပြန်ပေးမှာပေါ့။ စုစု ပေါင်း အချိန် ၁၂ ပတ်လောက် ကြာမှာပေါ့’’ဟု ဦးချစ်ထွန်းဖေက ပြောသည်။

Request for Proposal (RFP) အဆင့်တွင် စီးပွားရေးနှင့် ပတ်သက်သည့် အစီအစဉ်၊ နည်း ပညာပိုင်းဆိုင်ရာ၊ ရုပ်သံအစီအ စဉ် ဖန်တီးနိုင်မှု စသည့်အသေး စိတ်အချက်အလက်များ ပါဝင် မည်ဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။

ရုပ်သံထုတ်လွှင့်ခွင့်လျှောက် ထားသည့် ကုမ္ပဏီများတွင် လက် ရှိ သတင်းစာ၊ ရေဒီယိုနှင့် အွန် လိုင်းသတင်းဌာနများအဖြစ် လုပ် ကိုင်နေသည့် မဇ္ဈိမ၊ Eleven၊ DVB၊ Three Friend Coun-struction ကုမ္ပဏီ(စံတော်ချိန်)၊ ပတ္တမြား FM၊ Information Matrix ၊ Myanmar Cable NewsAgency၊ ကမာရွတ်မီဒီယာနှင့် ဟင်္သာမီဒီယာ စသည့် သတင်း ဌာနများ ပါဝင်သည်။

 ရုပ်သံလိုင်းငါးလိုင်း ထုတ် လွှင့်ပြသသည့်အဆင့်ထိ ရောက် ရှိရန်မှာ အဆိုပြုလွှာများ ရွေး ချယ် စိစစ်ခြင်းနှင့် အခြားသော စက်ပစ္စည်းတပ်ဆင်ခြင်းကိစ္စများ အပါအဝင် ခန့်မှန်းခြေအချိန်လေး လခန့် ကြာမြင့်မည်ဖြစ်ကြောင်း ဩဂုတ် ၂၅ ရက်က ပြုလုပ်သည့် ရုပ်သံမီဒီယာဖွံ့ဖြိုးရေးဆွေးနွေးပွဲ တွင် ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုပ်သံလိုင်းများ ငှားရမ်းလုပ် ကိုင်ခွင့်ရရှိသူများမှာ ကနဦးဂြိုဟ် တုဆက်ကြောင်း ငှားရမ်းခနှင့် ထုတ်လွှင့်စက်များ တပ်ဆင်ခြင်း တို့အတွက် ကျပ်သိန်း ၉၀၀ ကျော် ကျသင့်မည်ဖြစ်ပြီး ရုပ်သံလိုင်း များ ထုတ်လွှင့်နိုင်မှုအတွက်လည်း ရုပ်သံလိုင်းတစ်ခုလျှင် တစ်လ ကျပ်သိန်း ၂၀၀ ကို ပြန်ကြားရေး ဝန်ကြီးဌာနသို့ ပေးသွင်းရမည်ဖြစ် သည်။

 လက်ရှိတွင် ပြည်တွင်း၌ ထုတ်လွှင့်နေသည့် ရုပ်သံလိုင်း အားလုံးမှာ ယခင်အစိုးရ လက် ထက်ကတည်းက အစိုးရနှင့် ဖက် စပ်လုပ်ကိုင်နေသည့် ကုမ္ပဏီများ ဖြစ်ပြီး ယခုငှားရမ်းပေးမည့် ရုပ် သံလိုင်းငါးလိုင်းတွင် ၎င်းတို့ကို ထပ်မံ လျှောက်ထားခွင့်  မပြုခဲ့ပေ။

No comments: