နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေး လုပ်ငန်းရှင် အချို့အား တွေ့ရစဉ်
ယခင် အစိုးရ အဆက်ဆက်နှင့် လုပ်ကိုင်ခဲ့သော လုပ်ငန်းရှင်များအား စိတ်ပူပန်ခြင်း မရှိရန် အောက်တိုဘာ ၂၂ ရက်က နေပြည်တော် MICC 2 ခန်းမတွင် ပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ခရိုနီလုပ်ငန်းရှင် ဦးခင်မောင်အေးက လုပ်ငန်းရှင်ကြီးများအား လုံခြုံမှု အာမခံချက် ပေးခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ ကြိုဆိုခဲ့သည်။
အောက်တိုဘာ ၂၂ ရက်က နေပြည်တော်ရှိ MICC 2 ခန်းမတွင် ကျင်းပခဲ့သော အဆိုပါ အခမ်းအနားသို့ တက်ရောက်လိုသူ များပြားနေသဖြင့် အခွန်ထမ်းထိပ်တန်း ၁၅၈ ဦးအား ဖိတ်ကြားခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အစိုးရသစ် ပထမ ခြောက်လအတွင်း မျှော်မှန်းသလောက် စီးပွားရေး မတိုးတက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံ ပြောကြားခဲ့ပြီး လက်ရှိတွင် လုပ်ငန်းရှင်များ အတိတ်ကို ပြန်မကြည့်ဘဲ အနာဂတ်မျှော် မူဝါဒနှင့် ဆက်သွားမည်ဖြစ်ပြီး ဆန်ရှင် လွတ်လာသူများ အများပြည်သူအတွက် မလုပ်ဘဲ ကိုယ်ကျိုးအတွက်သာ ဆက်လုပ်နေမှု စောင့်ကြည့်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်သည်။
အဆိုပါ အခမ်းအနားတွင် စီးပွားရေး မူဝါဒနှင့် ပတ်သက်၍ ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့် လုပ်ငန်းစဉ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆွေးနွေးပြောကြားခြင်း၊ သံတမန်များအဖွဲ့ နာယက မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E Mr. Robert Chua၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ကမ္ဘောဇဘဏ် လီမိတက် အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလိုင်ခမ်း၊ မြန်မာနိုင်ငံဘဏ်အသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့က အထွေထွေ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စီးပွားရေး သမားများနှင့် တွေ့ဆုံခြင်းသည် အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားပြီးနောက်ပိုင်း ပထမဆုံး တွေ့ဆုံခြင်းလည်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ထိပ်တန်းလုပ်ငန်းရှင်များဖြစ်သည့် ကမ္ဘောဇ လုပ်ငန်းစုမှ အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း၊ FMI မှ ဦးသိမ်းဝေ၊ CB ဘဏ်နှင့် Myanmar Microfinance Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဧဒင် ဦးချစ်ခိုင်၊ ထူးကုမ္ပဏီမှ ဦးတေဇ၏ သားနှစ်ဦးဖြစ်သော ဦးပြည့်ဖြိုးတေဇနှင့် ဦးထူးတေဇ၊ Max ဦးဇော်ဇော်၊ Dagon International ဦးဝင်းအောင်၊ ပတ္တမြားနဂါး ဦးနေ၀င်းထွန်း၊ ဦးဇော်ဝင်းရှိန်၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ကုန်သည်စက်မှု အသင်းချုပ်မှ လုပ်ငန်းရှင်များနှင့် မိတ်ဖက် အဖွဲ့အစည်းများ စသည့်ပုဂ္ဂိုလ်များအပြင် အခွန်ထမ်းထိပ်တန်း မဟုတ်သည့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေ၏ မြေးဖြစ်သူ ဦးနေရွှေသွေးအောင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့ဝင်များ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် ဒုဥက္ကဋ္ဌ ဦးဆက်အောင်၊ ပြည်ထောင်စုဝန်ကြီးများတွင် ဦးကျော်တင့်ဆွေ၊ ဒေါက်တာ အောင်သူ၊ သူရဦးအောင်ကို၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာ ၀င်းမြတ်အေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးများနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း စသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်
No comments:
Post a Comment