Sunday, October 2, 2016

မန္တလေးဆေးရုံကြီး စက်ဘီး၊ ဆိုင်ကယ်အပ်နှံခလေလံ ပွင့်လင်းမြင်သာမှုမရှိဟုဆို


မန္တလေးပြည်သူဆေးရုံ ကြီးရှိ စက်ဘီး၊ ဆိုင်ကယ်အပ်နှံခ လေလံရောင်းချရာတွင် ပွင့်လင်း မြင်သာမှုမရှိဘဲ လုပ်ငန်းရှင်များ ၏ ဆန္ဒကို လျစ်လျူရှုဆောင်ရွက် ခဲ့သည်ဟုဆိုကာ စက်တင်ဘာ ၃၀ ရက်က သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။

လေလံရောင်းချရာတွင် ရရှိ သွားသူ၏ ဈေးနှုန်းကို မထုတ်ပြန် ခြင်း၊ လေလံပြိုင်မည့် ပမာဏ၏ ထက်ဝက်ကိုသာ လျှောက်လွှာထဲ တွင် ရေးသားထားရန်နှင့် ကျန်ထက်ဝက်ကို ဆေးရုံအတွက် ချန်ရမည်ဟု ပြောဆိုရေးသားခိုင်းခြင်း၊လေလံတင်ဒါရောင်းချချိန်သည် နှစ်စဉ် မတ်လတွင် လုပ်လေ့ရှိသော်လည်း ယခုနှစ်၌ စက်တင်ဘာတွင် ပြုလုပ်ခြင်းနှင့်ပတ်သက်၍ လေလံဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ခုနစ်ဦးက ဝေဖန်ခဲ့သည်။

‘‘ကျွန်မတို့ကို အောင်သွား တဲ့ လေလံဈေးနှုန်းကိုလည်း မပြောပြဘူး။ သူတို့ပြောတာက အိတ် ဖွင့်တင်ဒါဆို။ ကျွန်မလည်း စည် ပင်သာယာကပေးတဲ့ လေလံတွေ ပြိုင်ခဲ့ဖူးပါတယ်။ လေလံရတဲ့သူ ရဲ့ အမည်စာရင်းနဲ့ အောင်တဲ့နှုန်း ထားကို တစ်ခါတည်း အများရှေ့ မှာ ကြေညာပေးတယ်။ အခု လေ လံရသွားတဲ့သူကလည်း ရှစ်နှစ် ဆက်တိုက်ရတဲ့သူပဲ ဖြစ်နေတယ်’’ဟု လေလံပြိုင်ခဲ့သူ ဒေါ်ငြိမ်းငြိမ်း က ပြောသည်။

စက်ဘီး၊ ဆိုင်ကယ်အပ်နှံခ လေလံလျှောက်လွှာများကို စက် တင်ဘာ ၁၅ ရက် နောက်ဆုံးသတ် မှတ်ပြီး လုပ်ငန်းရှင် ၁၀ ဦး ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ လုပ်ငန်းရှင် တစ်ဦးက ရှစ်နှစ်ဆက်တိုက် လေ လံရရှိခဲ့သည်ဟု ဆိုသည်။

‘‘ကျွန်တော်ဆိုရင် မနှစ်က လည်း ပြိုင်တယ် မရဘူး။ လေလံ သူများရသွားတယ်။ ဒါပေမဲ့ သူ အောင်တဲ့နှုန်းကိုတော့ ထုတ်ပြော ရမယ်လေ။ ဆေးရုံက လေလံ ကော်မတီထဲမှာ ပါဝင်တဲ့ ဆေး နှင့် လူမှုဆက်ဆံရေးအရာရှိကို သွားမေးတော့လည်း နှုန်းထားကို မပြောဘူး။ နှစ်စဉ် သုံးလပိုင်းမှာ ပဲ လေလံတင်ဒါခေါ်တယ်။ ဒီနှစ် က ခြောက်လခြားပြီးမှ လုပ်တယ်။အဲဒီခြောက်လကိုလည်း အခုရတဲ့ သူကိုပဲ လုပ်ခွင့်ပေးခဲ့တယ်။ ဒါက ကျွန်တော်တို့ လုပ်ငန်းရှင်တွေအ တွက် နစ်နာပါတယ်’’ဟု ကျပ် ၁၀၂ သိန်းဖြင့် လေလံယှဉ်ပြိုင်ခဲ့ သည့် ဦးဇာနည်စိုးက ပြောသည်။

မန္တလေးဆေးရုံကြီးရှိ လေ လံကျင်းပရေးကော်မတီမှ လေလံလုပ်ငန်းရှင်များ၏ ဆန္ဒကိုဖယ် ရှား၍ အခွင့်အာဏာသုံးကာ လုပ် ဆောင်မှုနှင့်ပတ်သက်၍ စိစစ်ဖော်ထုတ်ပေးရန် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် သို့ စက်တင်ဘာ ၂၈ ရက်က တင်ပြထားကြောင်း ဒေါ်ငြိမ်းငြိမ်းထွေး က ပြောသည်။

အဆိုပါ လေလံကိစ္စနှင့်ပတ် သက်၍ မန္တလေးပြည်သူ့ဆေးရုံ ကြီး ဆေးရုံအုပ်ကြီးထံသို့ မေးမြန်းရာ ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သဖြင့် ယခုအ ချိန်တွင် ပြန်လည် ဖြေကြားပေး နိုင်ခြင်းမရှိကြောင်း ပြောသည်။

No comments: