Sunday, October 2, 2016

လူမှုကွန်ရက် စာမျက်နှာတွင် မမှန်သတင်း ဖော်ပြသူနှင့် ခြိမ်းခြောက်ငွေတောင်းယူမှုများကို ဖော်ထုတ်အရေးယူမည်

နေပြည်တော်၊ အောက်တိုဘာ ၁

လူမှုကွန်ရက် စာမျက်နှာများတွင် မတူကွဲပြားသည့် ဘာသာရေးလူမျိုးရေးအပေါ် အမုန်းတရား ဖြစ်စေမည့် ဝါဒဖြန့်သူများနှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် လူတစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဆောင်ရွက်ပြီး အတင်းအကျပ် စေခိုင်းမှု၊ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသူတို့ကို ဖော်ထုတ်အရေးယူမည် ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်းက ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် (၅၂) မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ရဲချုပ်ဇော်ဝင်းက လက်ရှိအခြေအနေသည် Facebook ကဲ့သို့သော အင်တာနက် စာမျက်နှာတို့ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုနှင့်အတူ မှုခင်းပုံစံသစ်များ ပေါ်ထွက်လာပြီး ယင်းလူမှုကွန်ရက်များကို အသုံးပြု၍ ဘာသာရေး၊ လူမျိုးရေးနှင့် ယုံကြည်မှုများကို ခုတုံးလုပ်ကာ ဝါဒဖြန့်မှုများမှ တစ်ဆင့် အကြမ်းဖက်မှုနှင့် မှုခင်းကြီးများအထိ ဖြစ်ပေါ်စေနိုင်ကြောင်း ရဲချုပ်က သတိပေးသည်။

ယင်းအပြင် လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် ဆောင်ရွက်ပြီး အတင်းအကျပ် ခိုင်းစေခြင်း၊ ငွေကြေးတောင်းခံမှုများ ကျူးလွန်လာသည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် ကလေးသူငယ်များနှင့် အမျိုးသမီးငယ်များကို မှုခင်း၏ သားကောင်အဖြစ် ပစ်မှတ်ထား လုပ်ဆောင်နေကြရာ ယင်းကဲ့သို့ ပြဿနာများ ပေါ်ပေါက်မှု မရှိစေရန် မိဘအုပ်ထိန်းသူများ အနေနှင့် သတိထားရန် အရေးကြီးပြီး  ဖြစ်ပွားလာပါက လျင်မြန်စွာ ဖြေရှင်းနိုင်ရန် ရဲတပ်ဖွဲ့၏ Cyber Crime ကာကွယ်တားဆီး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုလိုကြောင်း ရဲချုပ်က ဆိုသည်။

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပုဂ္ဂိုလ်တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုကိုသော် လည်းကောင်း ဂုဏ်သိက္ခာ ထိခိုက်စေရန် ရည်ရွယ်၍  စာနှင့် ဓာတ်ပုံများ ဖော်ပြခဲ့မှုတို့တွင် နစ်နာသူများဘက်မှ သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း တပ်မတော်နှင့် အစိုးရအပေါ် ဂုဏ်သိက္ခာ ထိခိုက်စေမည့် ဓာတ်ပုံနှင့် စာများဖော်ပြခဲ့သည့် ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်အချို့သာ ရဲတပ်ဖွဲ့ အနေနှင့် ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရှိရသည်။

(၅၂) မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ အပါအဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထဲရေး ဒုတိယဝန်ကြီးနှင့်  တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရဲတပ်ဖွဲ့အရာရှိ ကြီး/ငယ် များ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ကျဆုံးရဲတပ်ဖွဲ့ဝင် အချို့နှင့် ထမ်းဆောင်ဆဲ အရာထမ်း၊ အမှုထမ်းများကို စွမ်းဆောင်ရည်ဆုများ ချီးမြှင့်ခဲ့သည်။

No comments: