Thursday, October 27, 2016

ကျိုက်ထီးရိုးဘုရားရှိ အလှူခံပုံးအားလုံး ဖွင့်ဖောက်ရာတွင် ကျပ်သိန်း ၁၅၀ ကျော်ရရှိ


မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ် ကျိုက်ထီးရိုးဘုရားရင်ပြင် ပေါ်ရှိ အလှူခံပုံးများကို ဂေါပကအသစ်လက်ထက်တွင် ဖွင့်ဖောက်ခဲ့ရာ ကျပ်သိန်း ၁၅၀ ကျော် ရရှိခဲ့သည်ဟု ဂေါပကအဖွဲ့များမှ သတင်းရရှိသည်။

ဘုရားရင်ပြင်ပေါ်တွင်အလှူခံပုံး ၃၁ ပုံးရှိပြီး ဂေါပက အသစ်လက်ထက်အတွင်း ပထမတစ်ကြိမ် ဖွင့်ဖောက်ခဲ့ရာ ကျပ်သိန်း ၆၀ ကျော်နှင့် ဒုတိယ အကြိမ်တွင် ကျပ်သိန်း ၉၀ ကျော် စုစုပေါင်း ကျပ်သိန်း ၁၅၀ ကျော် ရရှိခဲ့သည်။

‘‘အလှူခံပုံးက ရတဲ့ငွေကို ဘုရားအတွက် အသုံးပြုမယ်။ အလှူခံပုံးက ပိုက်ဆံတွေ ဖွင့်ဖောက်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိအောင် ကျွန်တော်တို့ လုပ်ထားပါတယ်’’ဟု ကျိုက်ထီးရိုးဘုရား ဂေါပက တစ်ဦးဖြစ်သူ ဦးမောင်မောင်မျိုးက ပြောသည်။

အလှူခံပုံး ဖွင့်ဖောက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ စခန်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကိုခေါ်ယူပြီး ၎င်းတို့၏ ရှေ့မှောက်၌ အလှူခံငွေများကို ရေတွက်ခြင်းဖြစ်သည်ဟု ဦးမောင်မောင်မျိုးက ဆိုသည်။

‘‘နောက်ဆိုရင် တစ်ပတ်ကို သုံးကြိမ် ဖွင့်ဖောက်သွားဖို့ရှိတယ်။ တစ်ရက်ခြားတစ်ခါပေါ့။ အလှူခံ ကန်ထရိုက်စနစ်တွေ ဖျက်လိုက် ပြီဆိုတော့ ဘုရားဖူးတွေလည်း စိတ်အနှောင့်အယှက် မဖြစ်စေ တော့ဘူး။ ဘုရား အလှူခံပုံးက ပိုက်ဆံ ဘယ်လောက်ရလဲဆိုတာ ဒေသခံတွေနဲ့ ဘုရားဖူးသူတွေကို ဂေါပကတွေက ချပြသွားမယ်’’ဟု ဂေါပကတစ်ဦးဖြစ်သူ ဦးစိန်မြင့် က ပြောသည်။

ကျိုက်ထီးရိုးစေတီ ဂေါပက အဖွဲ့ဝင်အသစ် ၁၅ ဦးအား စက် တင်ဘာ ၃၀ ရက်က သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ခန့်အပ်လိုက်ပြီးနောက် ဘုရား ပေါ်ရှိ အလှူခံကန်ထရိုက်စနစ် များ ဖျက်သိမ်းခြင်း၊ ဈေးဆိုင် ခန်းများကို ဘုရားဖူးသူများ စိတ် အနှောင့်အယှက် မဖြစ်စေရေး စည်းကမ်းချက် ထုတ်ပြန်ခြင်း၊ တောင်တက်ကား နောက်ခန်းများ ကို ဈေးနှုန်းလျှော့ချခြင်းများ ပြု လုပ်ခဲ့သည်။

No comments: