Sunday, October 2, 2016

၂၀၁၃ခုနှစ်က တရားရုံးထုတ်ရင်း အက်ရှင်ကားဆန်ဆန် ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံကို ပြန်ဖမ်းမိ


 


ကလေး၊ အောက်တိုဘာ၂။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၂၀၁၃ခုနှစ်က တရားရုံးထုတ်နေစဉ် အက်ရှင်ကားဆန်ဆန် ထွက်ပြေးလွှတ်မြောက်သွားသော တရားခံကို အောက်တိုဘာ ၁ရက်နေ့၌ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မောင်လာန်ကျေးရွာမှ ဖမ်းဆီးမိကြောင်း သိသည်။

၎င်းတရားခံသည် ၂၀၁၃ခုနှစ်၅လပိုင်းက မယ(ပ) ၄၄/၁၃ မူးစိတ် ၁၆(ဂ) အမှုမှ တရားခံပြေး ဒေါ်ဇန်ခန်းဒိမ် ဖြစ်ကြောင်းသိရသည်။

အဆိုပါအမျိုးသမီးအား တရားရုံးထုတ်စဉ်တွင် သားဖြစ်သူမှ ဆိုင်ကယ်ဖြင့် တင်ဆောင်၍ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သုံးနှစ်ခန့်အကြာတွင် ပြန်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

"အဲ့တုန်းက တရားရုံးထုတ်တုန်းက တရားခံပြေးအမျိုးသမီးက အနောက်ဘေး အပေါ့စွန့်သွားစဉ်မှာပေါ့ တရားရုံးဘေးလမ်းကြားကနေ သူ့သားနဲ့ အချိန်းအချက် လုပ်ထားပြီးသားပါ။ သားက ဆိုင်ကယ်နဲ့ အသင့်စောင့်နေပြီး ကောက်တင်ပြီး မောင်းပြေးသွားတာ။ ရုတ်တရက်ဆိုတော့ ကြောင်သွားကြတာ။ လိုက်လိုက် ဆိုတော့မမှီတော့ဘူး။ နောက်မှ သားဖြစ်သူကို ဖမ်းမိတယ်။ အဲ့တုန်းက အရာရှိရာထူးလျော ၁ယောက်၊ ရဲတပ်ကြပ်ကြီး၂ယောက်၊ရဲတပ်ကြပ်၁ယောက်၊ရဲတပ်သား၁ယောက် အလုပ်ပြုတ်နဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေကျခဲ့ကြတယ်"ဟု ကလေးမြို့မရဲစခန်းမှ တပ်ကြပ်ကြီးထန်းလွန်လ်က ပြောကြားသည်။

တရားခံထွက်ပြေးမှုတွင် ပါဝင်ကူညီခဲ့သည့် သားဖြစ်သူသည် ထောင်ဒဏ်(၇)နှစ်ကျခံခဲ့ရကြောင်း သိရသည်။

သတင်း - ဓါတ်ပုံ ။  ။ စည်သူထွန်း
Central News Myanmar

No comments: