Thursday, October 27, 2016

ချင်းတွင်းမြစ်အတွင်းက ရင်နင့်ဖွယ်ဇာတ်လမ်း





လူနှင့်ကုန် အဆမတန်တင်ဆောင်ခဲ့မှုကြောင့် တန်ဖိုးရှိလှသော လူ့အသက်ပေါင်း ၈၀ ကျော် သေဆုံးခဲ့သည့် အောင်စိုးမိုးကျော်ရေယာဉ် ဓာတ်ပုံ - ၀င်းဇော်ခိုင်

ချင်းတွင်းမြစ်အတွင်း နစ်မြုပ်သွားသော အမြန်ရေယာဉ်တွင် မကြာမီ မင်္ဂလာဆောင်တော့မည့် ဇနီး မောင်နှံ ပါသွားသည်ဆိုသည့် သတင်းကို မမှန်ပါစေနှင့်ဟု ဆု တောင်းသူ များပြားခဲ့ကြသည်။ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မင်္ဂလာဆောင်ဖိတ်စာပုံ တက်လာ သော်လည်း မြင်ရကြားရသူအပေါင်းက ယုံကြည်ရန် ဆက်လက် ငြင်းဆန်ခဲ့ကြသည်။ သို့သော် သတင်းဆိုးသည် ဆုတောင်းများမ ပြည့်လောက်အောင် ကံဆိုးစွာမှန် ကန်နေပါသည်။

သတို့သားလောင်းသည် ခြေ ထောက်တွင် ဒဏ်ရာပြင်းထန်စွာ ရခဲ့သည့်တိုင် ချင်းတွင်းမြစ်ထဲသို့ ဆင်းခဲ့သည်။ သူရှာဖွေရမည်မှာ သူ၏ချစ်လှစွာသော သတို့သမီး တစ်ဦးတည်းမကဘဲ သူ၏ အစား ထိုးဖွယ်ရာမရှိသော မိဘနှစ်ပါးနှင့် မိသားစုဝင်များကိုပါ ဖြစ်နေလေသည်။

‘‘မင်္ဂလာကိစ္စကြောင့် ကျွန် တော်တို့ မိသားစုလိုက်ကြီး ဆင်း လာကြတာ’’ဟု ကိုအောင်ခန့်ဖြိုး က ကြေကွဲဆို့နင့်စွာပြောသည်။

မိဘနှစ်ပါး၊ ဇနီးလောင်း၊ အသက်(၆)နှစ်အရွယ် တူမနှင့် အသက်(၁)နှစ်သာသာ ရှိသေးသည့် တူလေး၊ အစ်မလတ်၊ အဒေါ်နှင့် (၅)နှစ်အရွယ် ၀မ်းကွဲမောင်နှမ တို့ကို တစ်ပြိုင်နက် ဆုံးရှုံးခဲ့ရသော အပူမီးမှာ ၎င်းကို
တောက် လောင်နေကြောင်း ညှိုးရော်နေ သော  မျက်နှာက သက်သေပြနေ သည်။

ရေယာဉ်တွင် ပါလာသော မိသားစုဝင် ၁၂ ဦးအနက် ၎င်းအပါအ၀င် လေးယောက်သာ အသက် ရှင်ခဲ့သည်။ ရှစ်ယောက်မှာမူ ချင်း တွင်းမြစ်အတွင်း ကြွေလွင့်ခဲ့ရလေ သည်။ ချင်းတွင်းလှိုင်းသည် ကို အောင်ခန့်ဖြိုးအား အသက်ဘေးလွတ်ရာသို့ ရိုက်ပုတ်ခဲ့သော်လည်းမည်သို့မျှ သူပျော်နိုင်တော့မည်မ ဟုတ်ပါ။ ရေယာဉ်တစ်ခုခုဖြစ်ပြီ ဟု သိလိုက်၍ မိခင်ဖြစ်သူက တံခါးကို ဆွဲဖွင့်လိုက်စဉ် အခန်းအတွင်း သို့ မြစ်ရေများ ဒလဟောတိုးဝင် လာသည့် အခိုက်အတန့်သည် နှစ် ပေါင်းများစွာ အတူတကွရှိခဲ့ကြ သော မိသားစုတစ်ခု၏ နောက်ဆုံး အခိုက်အတန့်လည်းဖြစ်သည်။

 ကယ်ဆယ်ရေးသမားများ က လှေပေါ်တင်ခေါ်လာချိန်တွင် ကမ်းပေါ်၌ သူ့နာမည်အော်ခေါ်နေသည့် အစ်မအသံကို ကြားလိုက်ရသည်။ အစ်မဖြစ်သူကို အလျင်အမြန်ပြေးတွေ့ပြီး စက်လှေငှားကာ မြစ်ထဲသို့ ပြန်ဆင်းတော့ သည်။

သူကဲ့သို့ပင် မိသားစုဝင်များကို လိုက်ရှာနေသော ဦးလေးနှင့် မြစ်ထဲတွင် ဆုံပါတော့သည်။

အလျင်အမြန် နစ်မြုပ်သွား သော ရေယာဉ်ကြောင့် ရှာမတွေ့ ဘဲ ကမ်းသို့ ပြန်ရောက်လာခဲ့ကြ သည်။ နစ်မြုပ်စဉ်က ရခဲ့သော ဒဏ်ရာကြောင့် ဆေးရုံသို့ သူ ရောက်ခဲ့သည်။

 သို့သော် သူ၏စိတ်သည် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေ သည်။ ပျောက်ဆုံးနေသူများနှင့် ပြန်ဆုံနိုင်မည့် သတင်းကောင်းကို မျှော်လင့်နေသည်။ သို့သော် အချိန်တွေ ကြာလာသည်နှင့်အမျှ မျှော်လင့်ချက်တို့ ပါးလျ
လာသည်။ ဆေးရုံကဆင်းပြီး ရေယာဉ်ဆယ်ယူရေးလုပ်ငန်းများကို မျက်ခြည်မပြတ် စောင့်ကြည့်တော့ သည်။ သူ၏ကုမ္ပဏီက သင်္ဘောတစ်စီး စီစဉ်ပေးပြီး ရေယာဉ်ဆယ်ယူရေးလုပ်ငန်းများ အနီးတွင် တောက်လျှောက်
ရှိနေပေးခဲ့သည်။

မျှော်လင့်ခဲ့ရသော သူ့ဇနီးလောင်း၏ အသက်မဲ့ခန္ဓာကိုယ်သည် ရေယာဉ်နစ်မြုပ်ပြီး ငါးရက်အကြာတွင် ပြန်ပေါ်လာခဲ့သည်။ ကံကြမ္မာသည် ရက်စက်စွာ တိုက်ဆိုင်လွန်းခဲ့ပြန်သည်။ အောက်တိုဘာ ၁၉ ရက်သည် ဖိတ်စာထဲက မင်္ဂလာရက်မြတ် ဖြစ်နေသောကြောင့်ပင်။ ကြေကွဲမှုများသည် သတို့သားလောင်း တစ်ယောက်တည်းအတွက် မဟုတ်ပါချေ။

 သတို့သမီးလောင်းသည် သတို့သားလောင်းအတွက် ဇနီး ကောင်းဖြစ်ရုံသာမက မိဘများအ တွက် သမီးကောင်း၊ နာမကျန်းဖြစ်သူများအတွက် ဆရာဝန်ကောင်းလည်း ဖြစ်နေပြန်သည်။ အညာဒေသရှိ ခင်ဦးမြို့၏ သမီးကောင်း
လည်းဖြစ်သည်။

‘‘ကျွန်မတို့မြို့အတွက် ကြီး မားတဲ့ ဆုံးရှုံးမှုပါ’’ဟု ခင်ဦး ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်၏ ဇနီး ဒေါ်နီလာက ပြောကြားသည်။

ခင်ဦးမြို့သည် ဒေါက်တာ မျိုးသန္တာဌေးအတွက် ပူဆွေးဝမ်းနည်း နေကြသည်။ ဒေါက်တာသည် ခင် ဦးမြို့ဆေးရုံတွင် ဆယ်စုနှစ်တစ်ခု ကျော်ကြာမျှ မြို့နေပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေး ခဲ့သည်။ မြို့၏ တိုးတက်ရာ တိုးတက်ကြောင်းကိစ္စများတွင် ဒေါက်တာ အမြဲပါဝင်ပတ်သက်ခဲ့သည် ချည်းသာ။

ဟုမ္မလင်းမြို့နယ် အတွင်းရှိ ရွှေပြည်အေးမြို့လူထု၏ စိတ်နှလုံးသည်လည်း ညှိုးနွမ်းနေကြပြီ။ ဖွံ့ ဖြိုးတိုးတက်မှုနောက်ကျနေသော ဒေသတွင် ကျန်းမာရေးအသိပေးခဲ့သည့် မီးအိမ်ရှင်သည် ချင်းတွင်းမြစ်တစ်နေရာတွင် ချုပ်ငြိမ်းသွားသောကြောင့်ဖြစ်သည်။

ရွှေပြည်အေးမြို့နေလူထုနှင့် ဆေးရုံဝန်ထမ်းများ စုပေါင်းပြီး အောက်တိုဘာ ၂၁ ရက်က ဒေါက် တာအတွက် ဆွမ်းသွတ်အမျှအ တန်းပေးဝေပေးခဲ့ကြသည်။

 ဒေါက်တာ၏ မိခင်သည် ကျောင်းဆရာမကြီးတစ်ဦးဖြစ်ပြီး ဒေါက်တာ၏ မိသားစုမှာ အေး ဆေးတည်ငြိမ်ကာ လူချစ်လူခင်ပေါများသည့် ၀န်ထမ်းမိသားစု ဖြစ်သည်။ ယခုတော့ ဒေါက်တာ့ မိသားစု၊ ဒေါက်တာ့ခင်ပွန်း လောင်း၏ မိသားစုအပါအ၀င် မိသားစုများစွာသည် မမျှော်လင့် သောအဖြစ်ဆိုးနှင့် ကြုံခဲ့ကြရပြီ ဖြစ်သည်။

‘‘၀ိသမလောဘစိတ်ကြောင့် တန်ဖိုးရှိတဲ့ အသက်တွေ ဆုံးရှုံးကြရတာ’’ဟု ဒေါက်တာ၏မိခင် ဆရာမကြီး ဒေါ်ကျင်ရွှေက ပြောသည်။

 နောင်အလားတူဖြစ်စဉ်မျိုး မဖြစ်ရလေအောင် စနစ်ကောင်း တစ်ခု လိုအပ်နေပြီဖြစ်ကြောင်း ဆရာမကြီးက ထောက်ပြသည်။

ကိုအောင်ခန့်ဖြိုး၏ မိသားစု ဝင်များနှင့် သူ၏ဇနီးလောင်းတို့ သာမက ဖြစ်ရပ်ဆိုးကြီးတွင် ကိုယ်တိုင် အသက်ဘေးမှ လွတ်မြောက်သော်လည်း ယောက်ျားဖြစ်သူနှင့် လသားအရွယ် ရင်သွေးငယ် သေဆုံးသွား၍ စိတ်နှလုံး
ပြင်းထန်စွာ ထိခိုက်ပြီး စိတ်ကစဥ့်ကလျား ဖြစ်သွားသူ၊ စေတနာဖြူစင်လှသော ကျောင်းဆရာမငယ်များ စသဖြင့် ကံဆိုးမိုးမှောင်ကျခဲ့သူ များစွာရှိ ပါသည်။

သို့သော် မည်သူမျှ ကျွန် တော်တို့ တာဝန်ရှိပါသည်ဟု တာ ၀န်သိစွာထုတ်ဖော်ဝန်ခံမှု ယခုအချိန်ထိ မရှိသေးပေ။

ရေယာဉ်ပေါ်တွင် လူမည်မျှ စီးနင်းခဲ့သည်ဟူသော စာရင်းဇ ယားတစ်ခုကိုပင် မည်သည့်တာ ၀န်ရှိသူမျှ တိတိကျကျမပြောနိုင်ခဲ့ ကြပေ။ အသက်ရှင်ကျန်ရစ်သူနှင့် အလောင်းတွေ့ရှိမှုကို ပေါင်းပြီး ခန့်မှန်းပြောဆိုနေကြရသည်။ ၀ိသမလောဘစိတ်ဖြင့် တင်ချင်တိုင်း တင်ခဲ့သည်ကို စစ်ဆေးကြပ်မတ် မည့်သူမရှိခဲ့ခြင်းကို ပြသနေသည်။အန္တရာယ်များလှသော ရေ လမ်းခရီးတွင် မိမိအသက်ကို မငဲ့ ကွက်ဘဲ ခရီးသည်အလွန်အကျွံ တက်စီးခဲ့ခြင်းကလည်း လုံလောက်သည့် လမ်းပန်းဆက်သွယ်ရေး မလုပ်ပေးနိုင်ခြင်းကို ပြသနေသည်။

အောင်စိုးမိုးကျော် (၂) ရေ ယာဉ်နစ်မြုပ်မှုအတွက် ၀န်ကြီး ဌာနက ဖွဲ့စည်းပေးခဲ့သော စုံစမ်း စစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌအပါအ၀င် အစိုးရအဖွဲ့ဝင်အားလုံးပါ ၀င်သော သတင်းစာရှင်းလင်းပွဲမှ ရရှိသော အချက်အလက်များ အရ အောင်စိုးမိုးကျော်ရေယာဉ်သည် လူ ၃၀ ကျော်သာ တင်ဆောင်နိုင် သည်ဟု ရေကြောင်းပို့ဆောင်ရေး က သတ်မှတ်ပေးခဲ့သည့် ရေယာဉ်ဖြစ်သည်။

လူ ၃၀ ကျော်သာ တင်ဆောင် နိုင်သော ရေယာဉ်သည် လူ ၃၀၀ ခန့် တင်ဆောင်သွားလာနေသည် ကို ဖြေရှင်းပေး၊ ကြပ်မတ်ပေးရန် တာဝန်ပျက်ကွက်ခဲ့ကြသည်။ အ ကျိုးဆက်အဖြစ် ပြည်သူများ၏ တန်ဖိုးရှိလှသော လူ့အသက် များပေးဆပ်လိုက်ရသည်။ ပြန်ရသည့် အလောင်းမှာပင် ၇၃ လောင်းပင်ရှိနေသည်။

‘‘ကျွန်တော်တို့ ဖောင်းပြင်ကို ရောက်တော့ တာဝန်ရှိသူတွေကို သွားပြောတယ်။ လူတင်ထားတာ အရမ်းများနေပြီ။ အန္တရာယ်ရှိ တယ်ပြောတော့ သူတို့လည်း တား မရဘူး။ လက်မှတ်တွေက ရောင်းပြီးသားတွေ ဖြစ်နေပြီလို့
ပြောတယ်’’ဟု အသက်ဘေးမှ လွတ် မြောက်ခဲ့သူ ဦးအောင်ကျော်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ အရမ်းအန္တ ရာယ်များနေပြီ။ ကျွန်တော်တို့ကို ကယ်ပါဦး’’ဟု ဦးအောင်ကျော်ဦး သည် ရေယာဉ်မနစ်မြုပ်မီက သူ ၏ လူမှုကွန်ရက်စာမျက်နှာပေါ် တွင် ရေးသားခဲ့သေးသည်။

သို့သော် မည်သူတစ်ဦးတစ် ယောက်ကမျှ ယင်းအဖြစ်ဆိုးကို မကြုံတွေ့ရန် တားပေးနိုင်သူမရှိခဲ့ပေ။

ဦးအောင်ကျော်ဦးသည် ပလတ်စတစ်ပုံးခွံပြေးဝယ်ပြီး လင်မယားနှစ်ယောက်လက်တွင် ချည်ကာ လိုက်ပါခဲ့ကြသည်။ နောက်ဆုံး သူတို့အသက်ကို ကယ်ခဲ့သည် မှာ မေခလာနတ်သမီးလည်း မဟုတ်ဘဲ ပလတ်စတစ်
ပုံးခွံများသာ ဖြစ်ခဲ့သည်။

ခရီးသွား ပြည်သူများသည် နာရီပေါင်းများစွာ စီးနင်းရသော ရေလမ်းခရီးကို အသက်ကယ် အင်္ကျီမပါဘဲ လိုက်ပါခဲ့ကြရသည်။ မြန်မာပြည်သူများသည် ပေးဆောင်ရသော အခကြေးငွေနှင့် ထိုက်တန်သည့် ၀န်ဆောင်မှု၊ လူသားချင်း စာနာထောက်ထားမှုတို့ကို မရရှိသည့်ဒဏ်ကို မည်မျှထိ ဆက်လက်ခံစားနေရဦးမည်နည်းဆိုသည်မှာ မေးခွန်းထုတ်စရာ ပင်။

‘‘တာဝန်ရှိသူတွေ ပြည်သူ  ကြားထဲ ဆင်းဖို့လိုနေပြီဆိုတာကို ပြတာပဲ’’ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလက ဟုမ္မလင်း ခန္တီးခရီးစဉ်တွင် ချင်းတွင်းမြစ် ကြောင်းကိုပင် အသုံးပြုခဲ့ရသည်။ ထိုစဉ်က ရေယာဉ်စင်းလုံးငှားခဲ့ သည်ကိုပင် အခြားခရီးသည်များ ထံမှ ငွေကြေးရယူပြီး စင်းလုံးငှား ရေယာဉ်ပေါ်တင်ဆောင်မှုဖြစ်ပွား ခဲ့ကြောင်း ၎င်း၏လုံခြုံရေးတာဝန်  ရှိသူတစ်ဦးက ပြန်လည်ပြောပြဖူး သည်။

သမ္မတက ရေယာဉ်နစ်မြုပ်မှုအပေါ် ၀မ်းနည်းကြောင်း ထုတ်ပြန်ပြီး တာဝန်ရှိသူများအား အရေးယူမည်ဟု စာထုတ်သည်။

 သို့သော် ယင်းမှာ ဖြစ်ပြီး နောက်မှ လုပ်သောအရာ ဖြစ်ပေ သည်။ တကယ်လိုအပ်နေသည်မှာ မဖြစ်မီကြိုတင်ကာကွယ်မှုသာဖြစ်သည်။

 စုံစမ်းစစ်ဆေးရေးကော်မ ရှင်သည် ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ် မှ အားနည်းချက်များကို ရှာဖွေပြီး နောင်အလားတူဖြစ်ရပ်မျိုး မဖြစ် ပွားရန် အကြံပြုတင်ပြချက်များကို အစိုးရအဖွဲ့သို့ တင်ပြမည်ဟုဆို သည်။

ကနီ အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ယင်းကိစ္စကို လွှတ်တော်တွင် ဆွေးနွေးမည်ဟု ပြောသည်။

‘‘ဒီကိစ္စကို တစ်နိုင်ငံလုံး လည်း သိသွားတယ်။ အုပ်ချုပ်တဲ့ အစိုးရလည်း သိသွားတယ်။ အန်တီတို့က သမီးတစ်ယောက် ဆုံးရှုံး ရတယ်။ သူက မိသားစု ခုနစ် ယောက် ဆုံးရှုံးရတယ်။ တခြား ပြည်သူတွေ၊ ပညာတတ်ကျောင်း ဆရာ၊ ဆရာမတွေ၊ ၀န်ထမ်းတွေ ကျောင်းသူ၊ ကျောင်းသားတွေ၊ နိုင်ငံရဲ့ အင်အားတွေ အများကြီး ဆုံးရှုံးရတယ်။ ဒါကို အုပ်ချုပ်သူ အစိုးရက မျက်ဝါးထင်ထင်တွေ့ သွားပြီ။ အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးနိုင်ရင် အန်တီတို့
ကျေ နပ်ပြီ။ သမီးရဲ့အဖြစ်ကိုအကြောင်းပြုပြီးတော့ နောင်ဒါမျိုးတွေမဖြစ် ရလေအောင် ဘက်ပေါင်းစုံကနေ ပြုပြင်ပြောင်းလဲနိုင်ရင် အန်တီတို့ ကျေနပ်ပါပြီ’’ဟု ဆရာမကြီး ဒေါ် ကျင်ရွှေကပြောသည်။

 သို့သော် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သူ ကိုဝင်းဇော်ခိုင်ကတော့ အောက်ပါအတိုင်းပြောသည်။

‘‘နစ်မြုပ်နေတဲ့ ရေယာဉ်ကို ဆယ်ယူနေတဲ့အချိန်မှာတောင်မှ ကုန်တွေ၊ ခရီးသည်တွေ အပြည့် တင်ထားတဲ့ ရေယာဉ်တွေ ချင်းတွင်းမြစ်ထဲမှာ ဖြတ်သွားတာကို စိတ်မကောင်းစွာနဲ့ တွေ့နေရ တယ်’’။          ။


ဇနီးလောင်းနှင့်မိသားစုဝင်ခုနစ်ဦး ဆုံးရှုံးခဲ့သည့် ကိုအောင်ခန့်ဖြိုး


တိုင်းပြည်အတွက် တန်ဖိုးရှိလှသော ဆရာဝန်တစ်ဦး ဆုံးရှုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ဝန်ကြီးဌာန၏ အထူးဝမ်းနည်းကြေကွဲကြောင်း ပေးပို့သည့်စာ

No comments: