Saturday, October 1, 2016

ရှုံးပွဲမရှိခဲ့သူ လက်ဝှေ့အားကစားသမား တာဝဲလ် အလဲထိုးခံရတဲ့ဒဏ်ရာနဲ့ သေဆုံး

စက်တင်ဘာ ၂၉ ရက်နေ့က လက်ဝှေ့ပွဲမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီးနောက် စကော့လူမျိုးလက်ဝှေ့သမား မိုက်ခ်တာဝဲလ်ဟာ ဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း နည်းပြအဖွဲ့က ပြောပါတယ်။

ကွယ်လွန်သွားတဲ့လက်ဝှေ့သမားဟာ အသက် ၂၅ နှစ်ရှိပြီး ဂလက်စ်ဂေါမြို့က ရာဒီဆန်ဘလူဟိုတယ်က စိန့်အန်းဒရှုးအားကစား ကလပ်မှာ ယှဉ်ပြိုင်ထိုးသက်ရင်း ငါးချီမှာ ဒဏ်ရာရရှုံးနိမ့်ကာ ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။

တာဝဲလ်ရဲ့လေ့ကျင့်ဖော် ချိုးလ်ရိုစ့်က နောက်ဆုံးအချိန်အထိ ထိုးသတ်သွားသူလို့ ချီးကျုးပြောဆိုခဲ့ပါတယ်။

ကွယ်လွန်သူ တာဝဲလ်နဲ့ပတ်သက်ပြီး လက်ဝှေ့အားကစားလောကမှ မိတ်တွေများ၊ ထိုးသက်ဖော်များနှင့် လက်ဝှေ့အသင်းမန်နေ ဂျာများက ၀မ်းနည်းကြေကွဲကြောင်းစာများကို ဖေ့ဘွတ်ခ်နဲ့တွစ်တာတို့ကဲ့သို့ လူမှုကွန်ရက်တွေမှာ ရေးသားခဲ့ကြပါတယ်။

တာဝဲလ်ဟာ အဲဒီပွဲစဉ်ရဲ့ပထမအချီမှာကတည်းက အလဲထိုးခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ပြန်ထနိုင်ခဲ့ပြီး ပွဲကို ဆက်ယှဉ်ပြိုင်ခဲ့တာပါ။ ဒိုင်လူကြီးဗစ်တာလုဂ်လင်က ငါးချီမှာ တာဝဲလ်အလဲထိုးခံရပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ပွဲကို ရပ်ပေးခဲ့ပါတယ်။

သူ့ကို ကြိုးဝိုင်းအတွင်းမှာပဲ ဆေးဝါးကုသမှုပေးပြီး အောက်ဆီဂျင်ပေးခဲပါတယ်။ ပြီးမှ ဆေးရုံသို့ခေါ်ဆောင်သွားခဲ့တာပါ။ လက်ဝှေ့ကျော်တာဝဲလ်ဟာ ဆုကြေးစားလက်ဝှေ့သမားအနေနဲ့ စက်တင်ဘာ ၂၉ရက်မတိုင်မီက ၁၁ပွဲနိုင်၊ ၁ပွဲသရေနဲ့ ရှုံးပွဲမရှိ စံချိန်တင်ထားခဲ့သူပါ။

No comments: