တရားမဝင် ရွှေတူးဖော်မှုများ
ရှိနေသော မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင်
ရွှေတူးဖော် သည့် ဒေသခံများအနေနှင့် တရားဝင်လုပ်ကိုင်ခွင့် မရခြင်းကြောင့်
စားဝတ်နေရေး ခက်ခဲလျက်ရှိကြောင်း ယင်းဒေသခံများက တညီတညွှတ်တည်း ပြောကြားသည်။
အဆိုပါကျေးရွာ
ဒေသခံအများစုသည် ပေါက်ပြား၊ သံတူးချွန်းများကိုသာ အသုံးပြု၍
နေ့စဉ်စားသောက်နေထိုင်ရေးအတွက် တစ်နိုင်တစ်ပိုင် တူးဖော်လျက်ရှိကြောင်း
အုံးဇုံးကျေးရွာအုပ်စု လိပ်ကျကျေးရွာ အနောက်ဘက် သဲပြင်သာလုပ်ကွက်တွင်
ရွှေတူးဖော်နေသည့် ဒေသခံများက ပြောဆိုကြသည်။
"ဟိုတစ်လောကတော့
လုပ်ငန်းရှင်တစ်ဦးက ဘက်ဟိုးစက် ယန္တရားတွေနဲ့လုပ်တော့ သဘာဝပတ်ဝန်းကျင်
ပျက်စီးတယ်ဆိုပေမယ့် အခုသူက ပုဏ္ဏားဘက် ရောက်သွားပြီး လုပ်နေတော့ အခု
သဲပြင်သာ လုပ်ကွက်လေးကိုတော့ ဒေသခံတွေအတွက် တရားဝင် ချပေးသင့်ပါတယ်"ဟု
လိပ်ကျကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။
ယင်းလုပ်ကွက်တွင်
ကျေးရွာဒေသခံများအပြင် ရခိုင်ပြည်နယ်ဘက်မှ လာရောက်
လုပ်ကိုင်သူများလည်းရှိကြောင်း လိပ်ကျကျေးရွာ ဒေသခံ ဒေါ်မြင့်အေးက
ပြောကြားသည်။
"ရွှေကျင်စားလာတာ အနှစ်၂၀
လောက်ရှိပါပြီ။ အခုနောက်ပိုင်း လုပ်ကွက်တွေကရှား တစ်နိုင်တစ်ပိုင်
ရွှေရှာခွင့်မပေးတော့ စားဝတ်နေရေး အခက်အခဲ ဖြစ်တာပေါ့။ ပြီးတော့
တရားဝင်လုပ်ခွင့်မရတော့ ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရနဲ့ လုပ်နေရတယ်။ အခု
အစိုးရသစ်တစ်ရပ်အနေနဲ့ တရားဝင် လုပ်ကိုင်ခွင့်ပေးရင်တော့ ဘယ်သူ့မှ
ကြောက်စရာ မလိုတော့ဘူးပေါ့" ဟု ၎င်းက ဆိုသည်။
သပိတ်ကျင်းမြို့နယ်အတွင်း
တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ရေးလုပ်ကိုင်ခွင့်များကို ပြီးခဲ့သည့်
၂၀၁၁-၂၀၁၂ အတွင်းက ချထားလုပ်ကိုင်ခွင့် ပြုခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်အတွင်း
ပြန်လည်ရပ်နားခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ၅ မိုင်ကျေးရွာ အမှတ် ၂
သတ္တုတွင်းလုပ်ငန်း လက်ထောက်တာဝန်ခံ ဦးမောင်မောင်က ပြောကြားသည်။
"အစိုးရသစ်အနေနဲ့
တစ်နိုင်တစ်ပိုင် လုပ်ကွက်လေးတွေ ချထားလုပ်ကိုင်ခွင့် ပေးမယ်ဆိုရင်တော့
မြို့နယ်မှာရှိတဲ့ အခက် အခဲပြဿနာလေးတွေ ချုပ်ငြိမ်းသွားမယ်။ ဒေသခံတွေလည်း
စားဝတ်နေရေး ပိုအဆင်ပြေသွားနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။
အဆိုပါနေရာတွင်
စက်ယန္တရားကြီးဖြင့် တရားမဝင် လုပ်ကိုင်ခဲ့မှုကြောင့် သဘာဝပတ်ဝန်းကျင်
ပျက်စီးမှုများ၍ တိုင်ကြားမှုများ ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်
ဇူလိုင်လကုန်ပိုင်းက အမှတ်၂ သတ္တုတွင်းလုပ်ငန်း၏ ဌာနဆိုင်ရာ
ပူးပေါင်းအဖွဲ့နှင့် ကွင်းဆင်း ရှင်းလင်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
No comments:
Post a Comment