Tuesday, January 12, 2016

၂၀၁၅ အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များ အပိုင်း(၂) Jan 12, 2016



ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-နမ္မတူကားလမ်းပေါ်က အီနိုင်းကျေးရွာ၊ ပန်ဟုမ်း ကျေးရွာ၊လွယ်တောက်ကျေးရွာနဲ့ ကောင်းခါးကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံငါးဆယ်နီးပါး
လောက်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရွာထဲဝင်ပြီး အတင်းအဓမ္မဖမ်းခေါ်သွားတယ်လို့ RFA သတင်းဌာနမှာ ဖော်ပြထား တာတွေ့ရပါတယ်။ မီဒီယာတွေရဲ့အားနည်းချက်က ဒါပါပဲ။ ဖမ်းသွားတဲ့လက်နက်ကိုင်အဖွဲ့ရဲ့ အမည်ကို ဘယ်တော့မှထုတ်ဖော်ရေးသားတာမျိုးလုပ်
တာမတွေ့ရပါဘူး။ ဒီတော့ လားရှိုး-နမ္မတူ ကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ကားတွေ၊ ခရီးသည်တွေကိုတားပြီး ဆက်ကြေးကောက်တာ ဘယ်အဖွဲ့တွေလဲ။ TNLA ၊ SSPP/SSA ၊ KIA ၊ AA စတဲ့အဖွဲ့တွေဖြစ်ပြီး မြောက်ပိုင်းဖက်ဒရယ်တပ်မတော်ဆိုပြီး နာမည်ခံထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါသွားတယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့ကျူးလွန်တယ်ဆိုတာ ဒေသခံတွေအသိဆုံးပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မုံးဝီးနှင့် ဟိုပန်ကျေးရွာများအနီး တစ်ဝိုက်တွင် TNLA နှင့် RCSS/SSA တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ TNLA မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ချက် ထုတ်ပြန်လာခဲ့သည်။ ယင်းသဘောထားထုတ်ပြန်ချက်မှာ ``မြန်မာ့တပ်မတော်နှင့် ပူးတွဲပြီး စစ်ရေးအရ ကျူးကျော်နယ်ချဲ့လာသည့် RCSS/SSA ၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချသည့်သဘောထား ထုတ်ပြန်ချက်´´ ဟု ဖော်ပြထားရာ တပ်မတော်မှ RCSS/SSA အား ကူညီတိုက်ခိုက်ပေးနေသည်ဟု စွပ်စွဲခြင်း ပင်ဖြစ်သည်။ RCSS/SSA ဘက်ကမူ တပ်မတော်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုထားပါသည်။ TNLA ရဲ့ သဘောထားထုတ်ပြန်ချက်သည် တပ်မတော်နှင့် RCSS/SSA တို့ ပူးပေါင်းပြီး စစ်ရေးဆင်နွှဲနေသည်ဟု စွပ်စွဲသော်လည်း တကယ်လက်တွေ့မြေပြင်တွင် တပ်မတော်ပါဝင် ကြောင်း သက်သေအထောက်အထား ပြစရာမရှိပေ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ TNLA နဲ့ RCSS/SSA တို့ရဲ့ နယ်မြေ အငြင်းပွားမှုပြဿနာဟာ ဆွေးနွေးအဖြေရှာပေမယ့် မပြေလည်တဲ့အပြင် ပိုမိုရှုပ်ထွေးလာပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ RCSS/SSA နဲ့ UNFC အဖွဲ့ကို TNLA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေ ရပ်တန့်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆွေးနွေးပြီး
နောက်တစ်ရက်မှာပဲ RCSS/SSA နဲ့ TNLA တို့ တိုက်ပွဲတွေထပ်ဖြစ်ခဲ့ကြတယ်။ ဖြစ်ပွားခဲ့တဲ့နေရာက
ကျောက်မဲမြို့နယ်၊ ညောင်ပင်လှ ကျေးရွာအနီးနဲ့ တောစန်ကျေးရွာအနီးမှာလို့ သိရပါတယ်။
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ တို့ကြား ရရှိထားတဲ့ NCA သဘောတူစာချုပ်အရ ရေးဆွဲသဘောတူညီခဲ့ကြ
တဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ကို ပေးအပ်ခဲ့ပြီ ဖြစ်ပါတယ်။ ကိုယ်စားပြု အစုအဖွဲ့တွေက ပါဝင်ဆွေးနွေးသူပေါင်းရာနဲ့ချီ တက်ရောက်မယ့် နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့်ဇန်န၀ါရီလ ပထမပတ်မှာ စတင်ကြဖို့ သမ္မတက အဲဒီပေးအပ်ပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့က ကိုယ်စားလှယ်ပေါင်း ၃၀၀ ခန့် ၀င်ရောက်ဆွေးနွေးခွင့်ပေးထားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ ကိုယ်စားလှယ် ၁၅၀ ဦး ရရှိထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီတွေဘက်က ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား ခေါင်းဆောင် ၅၀ နဲ့ ဖိတ်ကြားသင့်သူ ၅၀ တို့လည်း တက်ရောက်ဆွေးနွေးခွင့်ရရှိထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအတောင့်တင်းဆုံးလို့ သူ့ကိုယ်သူထင်နေတဲ့ UWSA ‘၀’ အဖွဲ့ဟာ အစိုးရရဲ့ NCA လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းမှုအပေါ် ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်းက ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ၊ မြို့တော်ပန်ဆန်းမှာ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ‘၀’ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိအစိုးရရဲ့ လက်ကျန် သက်တမ်းကာလ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းချက်ကို ‘၀’ ခေါင်းဆောင်တွေက လက်မခံဘဲ နိုင်ငံရေး ဆွေးနွေးပွဲတွေကိုတက်ရောက်ခွင့် ရလျှင်လည်း သူတို့လိုချင်တဲ့ ‘၀’ ပြည်နယ် တောင်းဆို မယ်လို့ ပြောဆိုလိုက်တာ တွေ့ရပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ၊ ချင်းရွှေဟော်မြို့ အရှေ့တောင်ဘက် မြို့စွန်မှာရှိတဲ့ ကိုးကန့်နတ်စင် ကုန်းအနီးမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် ၂ နာရီ ၁၅ မိနစ်ချိန်လောက်က မိုင်းပေါက်ကွဲမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ကိုးကန့်နတ်စင်ကုန်းအနီးက လူသွားလမ်း ဒါမှမဟုတ် မြေကွက်လပ်မှာ ပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ ချင်းရွှေဟော်မြို့ခံတစ်ဦးပိုင်ဆိုင်တဲ့ သီးနှံသိုလှောင်တဲ့ ဂိုဒေါင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ အဲဒီ ပေါက်ကွဲမှုကြောင့် ဂိုဒေါင်ရှေ့မှာ ရပ်ထားတဲ့ ၁၂ ဘီးယာဉ် ၆ စီး မီးလောင်ပျက်စီးခဲ့သလို ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်တွေလည်း သေဆုံးဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။ ဘယ်သူ့လက်ချက်လဲ၊ အဖြေက ရှင်းပါ တယ်။ ကိုးကန့်ဒေသကို ပြန်လည်သိမ်းပိုက်ဖို့ ကြံစည်ရင်း အစိုးရတပ်တွေကို မရှုမလှရှုံးလို့ ထွက်ပြေးပုန်း အောင်းနေရတဲ့ MNDAA ခေါ် ကိုးကန့်သောင်းကျန်းသူအဖွဲ့ပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှာ အစိုးရ တပ်တွေနဲ့ AA တို့ တိုက်ပွဲပြန်ဖြစ်နေတာကို တွေ့ရပါ တယ်။ တိုက်ပွဲဟာ ကျောက်တော်မြို့နယ် အတွင်းမှာရှိတဲ့ မဟာမုနိ ဘုရား အရှေ့မြောက်ဘက် ရန်ကုန်- စစ်တွေ လမ်းမ ရှမ်းမြောက်ဘက်မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည်နယ်ကို တိုက်ပွဲတွေ ကြောင့် အရုပ် ဆိုးအကျည်းတန် မခံနိုင်ပါဘူး။ အစိုးရတပ် တွေနဲ့ AA တို့ဟာ မတ်လအတွင်းကလည်း ဒီကျောက်တော် မြို့နယ်ထဲ မှာပဲ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက AA တပ်ဖွဲ့ဝင် ၅ ဦးကို အစိုးရတပ်က ဖမ်းဆီးရမိခဲ့ပါတယ်။ AA ကြောင့် ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကို ဒေသခံရခိုင်ပြည်သူတွေက လက်မခံကြပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ AA ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို ကိုယ်စားမပြုသလို လုံးဝသက်ဆိုင်ခြင်းလည်း မရှိပါဘူး။ ရခိုင်ပြည်သူတွေအနေနဲ့ ALP ကိုပဲ တရားဝင် အသိအမှတ် ပြုထားတာ ဖြစ်ပါတယ်။

KIA ဟာ ဒေသခံရှမ်းတိုင်းရင်းသားတွေကို နိုင်ထက်စီးနင်းလုပ်ပြီး လူသစ်ဖမ်းရုံနဲ့ အားမရသေးပါဘူး။ အခု ဒေသခံရှမ်းတိုင်းရင်းသူတွေပါ အတင့်ရဲစွာ ဖမ်းဆီးတာတွေ ကျူးလွန်လာပါပြီ။ KIA အပေါ် သည်းခံနိုင်စွမ်းက အတိုင်းအတာတစ်ခုကို ကျော်သွားပါပြီ။ ရှမ်းတွေကို သွေးတိုးစမ်းပြီး ရမလားလို့ လုပ်ကြည့်တဲ့သဘောပါ။ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအုပ်စု၊ မန့်ဟောင်း-နမ့်အွမ်ကျေးရွာမှာ ဒီဇင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တုန်း က ရှမ်းရိုးရာနှစ်သစ်ကောက်သစ်စားပွဲတော်ကို လာရောက်ကြပါတယ်။ အဲဒီလို လာရောက်တဲ့အချိန် လမ်းခု လပ်မှာ KIA တပ်မဟာ(၄)အဖွဲ့မှ ဒေသခံရှမ်းနဲ့ တအာင်းတိုင်းရင်းသား/သူတွေကို အတင်းအကြပ် ဖမ်းဆီးပါ တော့တယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ၅ ဦး၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ၁၀ ဦး စုစုပေါင်း ၁၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ KIA ရဲ့ လုပ်ရပ်က ရုပ်ပျက်လွန်းပါတယ်။ တိုင်းရင်းသားအချင်းချင်း ရိုးရာဓလေ့ကိုတော့ လေးစားသင့်ပါတယ်။ ရှမ်း တိုင်းရင်းသားတွေရဲ့ ကောက်သစ်စားပွဲ
တော်ကိုလာတဲ့ ဒေသခံတွေကို ဖမ်းတာဟာ ရိုးရာဓလေ့ကို စော်ကား လိုက်တာတဲ့ အတူတူပါပဲ။ ကောက်သစ်စားပွဲဟာ ပျော်စရာမကောင်းဘဲ ၀မ်းနည်းမှုနဲ့ အဆုံးသတ်ခဲ့ရတယ်။ ဖမ်းဆီးခံရတဲ့ မိန်းကလေးတွေရဲ့ မိဘဆွေမျိုးသားချင်းတွေ ဘယ်လောက်ထိ စိတ်ပူနေမလဲ ကိုယ်ချင်းစာကြည့် ပါ။KIA ဟာ ရှမ်းတိုင်းရင်းသားတွေ ပြုလုပ်တဲ့ ကောက်သစ်စားပွဲတော်ကို ဖျက်လိုဖျက်ဆီးလုပ်တာ ဖြစ်သလို ရှမ်းတိုင်းရင်းသား/သူတွေအပေါ် လူမျိုးရေးအနိုင်ကျင့်မှု ပုံစံမျိုးဖန်တီးနေတယ်လို့ မြင်ပါတယ်။ တကယ်လို့ ကချင်တွေလုပ်တဲ့ မနောပွဲမှာ ရှမ်းလက်နက်ကိုင်တွေက ကချင်တိုင်းရင်းသား/သူတွေကို ဖမ်းရင် ဘယ်လိုနေ မလဲ၊ ရှမ်းတွေလို သဘောထားကြီးစွာ ပြန်လွှတ်
ပေးဖို့ တောင်းဆိုရုံနဲ့ ပြီးမလား။ လက်နက်ကိုင်ထားတယ်ဆိုပြီး တိုင်းရင်းသားအချင်းချင်းအပေါ်
နိုင်ထက်စီးနင်းလုပ်တာကတော့ အခံရခက်တာအမှန်ဘဲ။၂၀၁၅အလွန် ၂၀၁၆မှာ ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်များ အကောင်းဘက်သို့ ဦးတည်နိုင်ဖို့ မျှော်လင့် ပါတယ်။

ဇော်လင်းသန့်
Myanmar Journal Update

No comments: