Wednesday, January 13, 2016

နိုင်ငံရေးစကားလုံးအကြီးကြီးတွေပြောချင်လျှင် ဖွဲ့စည်းပုံအရင်ဖတ်ပါ

နိုင်ငံရေးစကားလုံးအကြီးကြီးတွေပြောချင်လျှင် ဖွဲ့စည်းပုံအရင်ဖတ်ပါ

13-1-2016

နိုင်ငံရေးဟူသော ဝေါဟာရအပေါ် မြန်မာလူမျိုးတို့၏ အဓိပ္ပာယ်သတ်မှတ်မှုမှာ မြန်မာသမိုင်းနှင့် နိုင်ငံရေး ဖြစ်စဉ်များအပေါ်တွင် များစွာမှီခိုလျက်ရှိသည်။ မြန်မာနိုင်ငံရေးသမားအချို့က နိုင်ငံရေးဟူသော ဝေါဟာရ အား "နိုင်ငံရေးဆိုသည်မှာ နိုင်ငံအတွင်းမှာမှီတင်းနေထိုင်ကြသော ပြည်သူလူထု၏ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ တရားမျှတရေး၊ စားရေး၊ ၀တ်ရေးနှင့် နေရေး စသည်တို့ဖြစ်သည်" ဟု ဆိုကြသည်။ အချို့က "နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားအားလုံးတို့ နေ့စဉ် တွေ့ကြုံနေရသော အရေးကိစ္စပင်ဖြစ်သည်"ဟု သတ်မှတ်သည်။ အချို့က "နိုင်ငံရေး ဆိုသည်မှာ ဘုရင်ဧကရာဇ် အမှုထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ မိမိ၏ ရသင့်ရထိုက်သော အခွင့်အရေးကိုပြောဆိုခြင်း၊ တောင်းခံခြင်းနှင့် အရယူခြင်းဖြစ်သည်" ဟု တွင်တွင် ကျယ်ကျယ် ပြောဆိုလျက်ရှိကြသည်။ အရစ္စတိုတယ်ကမူ "လူသည် နိုင်ငံရေးသတ္တဝါဖြစ်သည်။ နိုင်ငံရေး ဆိုသည်မှာ လူသားတို့၏ဘ၀ကို အကောင်းဆုံး အနေအထားတစ်ရပ်သို့ ရောက်ရှိစေနိုင်စွမ်းသော သိပ္ပံ သို့မဟုတ် ၀ိဇ္ဇာပညာရပ်ဖြစ်သည်"ဟု ဆိုခဲ့သည်။
မည်သို့ဆိုစေ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောအရေးဟု နားလည်နိုင်ပြီး တပ်မတော်သားဖြစ်စေ၊ ဆရာဝန်ဖြစ်စေ၊ လူချမ်းသာဖြစ်စေ၊ လူဆင်းရဲဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုး သမီးဖြစ်စေ အားလုံးနှင့်သက်ဆိုင်သောအရေးဖြစ်သည်ဟု မှတ်သားနိုင်သည်။ တပ်မတော်၏ဖခင် ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင်ကပင် "နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူး လို့ ပြောနေပေမယ့် တစ်နေ့ကျရင် နိုင်ငံရေး က ကိုယ်နဲ့လာပြီးတော့ ဆိုင်နေလိမ့်မယ် ရှောင်နေလို့ မရဘူး"၊ “နိုင်ငံရေး ဆိုတာလူသားတိုင်းရဲ့ မွေးရာပါ သမိုင်းပေးတာဝန်သာဖြစ်တယ်”ဟု တပ်မတော်၏ဖခင် ဗိုလ်ချုပ် အောင်ဆန်းမှ ပြောဆိုခဲ့သည်။ ဤသို့ ဆိုလျှင် နိုင်ငံသားတစ်ဦးအဖြစ် တာဝန်ကျေဖို့ထက် လူသားတစ်ဦးအဖြစ် တာဝန်ကျေဖို့(သို့မဟုတ်) လူသားပီသဖို့အတွက် နိုင်ငံရေး လုပ်ရမည်ဖြစ်သည်။
မိမိနိုင်ငံ၏အရေးကို သိရှိဖို့ လက်ရှိမိမိနိုင်ငံမှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ကို နိုင်ငံသားတိုင်း သိဖို့လိုသည်။ လက်ရှိ မြန်မာနိုင်ငံတွင်အာဏာအရှိဆုံးက အစိုးရအဖွဲ့၏ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် သမ္မတ လား၊ သမ္မတ အား ဖြုတ်ချလို့ရသည့် လွှတ်တော်လား၊ လွှတ်တော်များတွင်မှ အမြင့်ဆုံးလွှတ်တော်၏ နာယကကြီးလား၊ လွှတ်တော်နာယကကြီးကို ဖြုတ်ချခွင့်ရှိသည့် ပြည်သူလားဆိုသည်ကို လူငယ်များသာမက အချို့လူကြီး
များပင် ကောင်းကောင်းမသိကြပေ။ မြန်မာနိုင်ငံတွင် အာဏာအရှိဆုံးမှာ သမ္မတလည်းမဟုတ်၊ လွှတ်တော် နှင့် ပြည်သူလည်း မဟုတ်ပေ။ အမြင့်ဆုံး အခွင့်အာဏာအရှိဆုံးမှာ အခြေခံဥပဒေ (Constitution)သာ ဖြစ်သည်။ ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအား သမ္မတ အုပ်ချုပ်နေသည်ဟု ပြောဆိုခြင်းထက် အခြေခံဥပဒေက အုပ်ချုပ်နေသည်ဟုပြောဆိုက ပိုမှန်သည်။ အခြားအခြေခံဥပဒေရှိသည့် နိုင်ငံတိုင်းတွင် လည်း အလားတူပင်ဖြစ်သည်။
သမ္မတ အပါအဝင် အစိုးရအရာရှိအားလုံးနှင့် လွှတ်တော်အမတ်များ အားလုံးသည် အခြေခံဥပဒေမှ ပေးအပ်ထားသော အခွင့်အာဏာထက် ကျော်လွန်လုပ်ဆောင်ခွင့် မရှိသည့်အပြင် အခြေခံဥပဒေအရ ယင်းတို့အားလုံးကို ဖြုတ်ချခွင့်ရှိသည်။ ပြည်သူအားလုံးသည် မိမိတို့အား ဖွဲ့စည်းပုံကပေးထားသည့် အခွင့်အာဏာများကို သိရှိရန်နှင့် အသုံးချရန် အခြေခံဥပဒေကို ဖတ်ကြရပေမည်။ အထူးသဖြင့် နိုင်ငံရေး သမားများနှင့် မိတ်ဆွေဖြစ်နေသူများ၊ နိုင်ငံရေးသတင်း စိတ်ဝင်စားသူများနှင့် လူမှုကွန်ရက်သုံးသူများ အနေဖြင့် အလိမ်မခံရအောင်၊သူတစ်ပါး ဆရာအလုပ်မခံရအောင်၊ မိမိပြောသည့်စကားက သူတစ်ပါးဟား စရာမဖြစ်ရအောင် ဖွဲ့စည်းပုံကို ကျေညက်စွာဖတ်ဖို့လိုသည်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အမတ် အားလုံးကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးခိုင်းသည့်အလုပ်မှာ ဖွဲ့စည်းပုံဖတ်ဖို့ဖြစ်သည်။ ဤသို့ပြောခြင်း မှာ အလကားမဟုတ်၊ NLD အမတ်အများစုမှာ ဖွဲ့စည်းပုံမဖတ်ဘဲ နိုင်ငံရေး စကားလုံးကြီးတွေ ပြောဆိုခြင်း၊ ဖွဲ့စည်းပုံမဖတ်ဖူးဘဲ ပြင်ဖို့ဆော်သြနေခြင်းများကြောင့်ဖြစ်သည်။ အမတ်ဖြစ်မှ ဖွဲ့စည်းပုံဖတ်ခိုင်းရခြင်း၊ ဖွဲ့စည်းပုံစာမေးပွဲ စစ်ရခြင်းမှာ ကာယကံရှင်များအတွက် များစွာအရှက်ရစေပြီး သိက္ခာလည်း ကျစေသည်။
အမတ်များ၊ အာဏာပိုင်များနဲ့ဂျာနယ်လစ်များမှာ ဖွဲ့စည်းပုံကိုအကြိမ်ကြိမ် အလွတ်နီးပါးရအောင် ဖတ်ရမည် ဖြစ်ပြီး သာမန်ပြည်သူအားလုံးမှာလည်း ဖွဲ့စည်းပုံအခြခံဥပဒေကို နားလည်အောင်ဖတ်ရှုပြီး မိမိနိုင်ငံ အကြောင်း၊ မိမိနိုင်ငံ၏ အမြင့်ဆုံးဥပဒေအကြောင်းနဲ့ ယင်းဥပဒေကို မည်သို့ ကာကွယ်သင့်ကြောင်းကို သိရှိ နားလည်သင့်ပေသည်။

ဒေါက်တာမျိုးချစ်

No comments: