Tuesday, January 12, 2016

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် သူရဦးရွှေမန်း ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ -------------------------------------------------



ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် သူရဦးရွှေမန်း ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ
-------------------------------------------------

ဧည့်သည်တော်များနှင့် ညီလာခံ ကိုယ်စားလှယ်များ ခင်ဗျား -
မင်္ဂလာနှစ်သစ်ကူးမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပါစေ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အမှာစကား ပြောကြားခွင့် ရရှိသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ဒါထက် NCA ဖြစ်မြောက်လာအောင်နှင့် ယင်း NCA မှတစ်ဆင့် ညီလာခံ ဖြစ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင်ပံ့ပိုးကူညီခဲ့ကြသူများနှင့် အဖွဲ့အစည်းများကို ဤညီလာခံကြီးမှ ဂုဏ်ပြုမှတ်တမ်းတင်ရန်အတွက် အဆိုပြု တင်ပြအပ်ပါတယ်။

ဧည့်သည်တော်များနှင့် ညီလာခံ ကိုယ်စားလှယ်များ ခင်ဗျား -
ငြိမ်းချမ်းရေးဟာ မြန်မာတစ်မျိုးသားလုံး ပြည်ထောင်စုတစ်ခုလုံး၏ ဂုဏ်သိက္ခာ၊ ဂုဏ်အင်္ဂါနှင့် သက်ဆိုင်ပါတယ်။ ဒါကြောင့် ဤကိစ္စကို နိုင်ငံသား အားလုံး ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ယခုအချိန်ဟာ ရွှေမြန်မာတွေလို့ မည်ကဲ့သို့ပင် အမွှန်းတင်စကားတွေ၊ သမိုင်းကြောင်းတွေနဲ့ ပြောနေကြပါစေ၊ နိုင်ငံအတွင်းမှာ ပဋိပက္ခများကြောင့် တိုင်းရင်းသားပြည်သူ အများအပြား ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့နေကြလို့ ဂုဏ်မတင့်နိုင်ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

အိုးမဲ့အိမ်မဲ့၊ မိဘမဲ့၊ စားရမဲ့သောက်ရမဲ့၊ ပြေးလွှားပုန်းအောင်း တိမ်းရှောင်နေရသူတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ မျက်နှာငယ်ငယ်နဲ့ နေထိုင်လုပ်ကိုင် စားသောက်နေကြရပါတယ်။

တန်ဖိုးရှိလှသော အသက်နှင့် ခန္ဓာကိုယ်ကို စွန့်ခဲ့ကြရသူတွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြရသူတွေဟာ များပြားလှပါပြီ။ အမှားအမှန်၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခွင့် မရှိဘဲ တိုက်ခိုက်နေကြသော်လည်း မိမိတို့ဘက်ကသာ မှန်တယ်လို့ ထင်မြင်ယူဆ ပြောဆိုနေကြဆဲပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ပြောကြပြောကြ နောက်ဆုံးမှာတော့ တန်ဖိုးရှိလှတဲ့ အမိနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများရဲ့ အသက်နှင့် ခန္ဓာတွေကို စတေးခံရပြီး ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရတာပဲ အဖတ်တင် ကျန်နေရပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ (IDPs & Refugees) ကိစ္စတွေဟာ ဝမ်းနည်းစရာ အလွန်ကောင်းလှပါတယ်။

ဒီအတွက် မိမိတို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့ မဖြစ်မနေ လိုအပ်နေတယ်၊ ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်ကြရမယ်၊ သူ့ကြောင့်ကိုယ့်ကြောင့် လွှဲချနေလို့ မဖြစ်တော့ဘူး။ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများကလည်း တိုင်းပြည်ကို တကယ်ချစ်ရင်၊ ပြည်သူတွေအပေါ် အမှန်တကယ် စာနာထောက်ထား သနားငဲ့ညှာမယ်ဆိုရင် မိမိတို့ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအတွက် အဆင်ပြေနေတာ၊ လုံခြုံပြည့်စုံနေတာတွေဟာ နိုင်ငံနှင့်နိုင်ငံသား၊ ပြည်သူတစ်ရပ်လုံးအတွက် အဆင်ပြေနေတာ ပြည့်စုံလုံခြုံနေတာ မဟုတ်ဘူး၊ ဟုတ်တယ်ဆိုတာကို သတိပြုဆင်ခြင်ရမည့် အချိန်ရောက်နေပါပြီ။

ဧည့်သည်တော်များနှင့် ညီလာခံ ကိုယ်စားလှယ်များ ခင်ဗျား -
ငြိမ်းချမ်းရေးကို မဖြစ်မနေရအောင် လုပ်ကြမယ်ဆိုရင် သန္နိဋ္ဌာန်နှင့် ရည်ရွယ်ချက် ခိုင်မာပြတ်သားဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်တွေနှင့် အဖွဲ့အစည်းတွေက သဘောထားကြီးကြဖို့ လိုပါတယ်။ အချင်းချင်း စိတ်ရှည်သည်းခံဖို့၊ နားလည်ခွင့်လွှတ်နိုင်ကြဖို့၊ လေးစားကြဖို့၊ ယုံကြည်ကြဖို့၊ မျှမျှတတ ပြောဆိုဆက်ဆံကြဖို့၊ ရိုးသားပွင့်လင်းကြဖို့ လိုပါတယ်။ ဒါတွေ ပါဝင်ခြင်း မရှိပါက ငြိမ်းချမ်းရေးအတွက် အိပ်မက်ပင် မက်နိုင်ကြမှာ မဟုတ်ပါဘူး။

ဒီလိုဆိုရင် စိတ်စေတနာမှန်ဖို့ လိုအပ်သလို လုပ်နည်းလုပ်ဟန် မှန်ဖို့လည်း အထူးအရေးကြီးပါတယ်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် အသာစီးရအောင်သာ ကြိုးစားအားထုတ်နေကြမယ်ဆိုရင် လမ်းချော်လမ်းလွဲသွားနိုင်တာတွေ ဖြစ်လာမှာကို သတိပြုကြရမယ်။

ထို့အတူ တစ်ချိန်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ယခုအချိန်မှာတော့ နိုင်ငံသားအားလုံးအတွက် စိတ်ချလုံခြုံရအောင် နားလည်ခွင့်လွှတ်ခြင်းနှင့်အတူ ဆောင်ရွက်ပေးရမည်ဆိုတဲ့ အချက်ကိုလည်း ခံယူလုပ်ဆောင်ကြဖို့ လိုတယ်။

လူဆိုတာ အမှားမကင်းနိုင်ပါဘူး၊ ဒါကို နားလည်လက်ခံပြီး ဘယ်လိုသက်ညှာရမလဲ၊ ဘယ်အတိုင်းအတာအထိ ခွင့်လွှတ်ရမလဲ၊ ပြုပြင်ပေးရမလဲ၊ ကူညီဖေးမကြမလဲ၊ သူနှင့် သူ့ပတ်ဝန်းကျင်ကို အကျိုးရှိအောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို စဉ်းစားနိုင်လေ ကောင်းလေဖြစ်မှာမို့ အားလုံး အပြုသဘောနှင့် ပါဝင်ပေးကြဖို့ လိုပါလိမ့်မယ်။

ဧည့်သည်တော်များနှင့် ညီလာခံ ကိုယ်စားလှယ်များ ခင်ဗျား -
ငြိမ်းချမ်းရေးဟာ တရားဥပဒေစိုးမိုးမှု အောက်မှာသာ ဖြစ်ထွန်းတည်ရှိနိုင်တာ ဖြစ်လို့ တရားဥပဒေစိုးမိုးအောင်လည်း လုပ်ဆောင်ကြရပါမယ်။ တရားဥပဒေစိုးမိုးနိုင်ဖို့အတွက် တည်ဆဲဥပဒေများကို ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် ပြင်သင့်တာပြင်၊ ထားရှိသင့်တာတွေ ထားရှိဖို့ လိုအပ်ပါတယ်။

တရားမျှတပြီး ပြည်သူများ အမှန်တကယ် လိုက်နာနိုင်သော ဥပဒေများဖြစ်ရေး၊ အမှန်တကယ် လိုက်နာနိုင်ရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက အမှန်တကယ် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်နိုင်စွမ်းရှိရမှာ ဖြစ်သလို၊ ပြည်သူများ အားလုံးကလည်း ယုံကြည်စွာ ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဧည့်သည်တော်များနှင့် ညီလာခံ ကိုယ်စားလှယ်များ ခင်ဗျား -
ငြိမ်းချမ်းရေး မရှိသေးဘူး ဆိုတာဟာ လက်နက်ကိုင်ပဋိပက္ခ တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ပဲ အမျိုးသား အချင်းချင်း တိုင်းရင်းသား အချင်းချင်း မသင့်မြတ်ခြင်း၊ သဟဇာတ မဖြစ်ခြင်း၊ ရန်လိုခြင်း၊ အနိုင်ယူ အသာစီး ရလိုခြင်းများကြောင့် ဆိုတာကိုလည်း နားလည်သဘောပေါက်ကြပြီလို့ ထင်ပါတယ်။ ထိုကိစ္စများကို သဟဇာတ ညီညွတ်မျှတအောင် မိတ်ဆွေများ ဖြစ်လာအောင် လုပ်ဆောင်ကြရ ပါမယ်။

အဆိုပါ ကိစ္စများအတွက် အဖြေရှာဆောင်ရွက်ပေးရန် ဤညီလာခံကြီးတွင် တာဝန်ရှိလာပါပြီ။ နောင် ဆက်လက် အမွေခံဆောင်ရွက်ကြရမည့် နိုင်ငံခေါင်းဆောင်များ၊ အစိုးရများ၊ ပါတီများ၊ အဖွဲ့အစည်းများ၊ နိုင်ငံသားများတွင်လည်း တာဝန်ရှိနေပါပြီ။

ဧည့်သည်တော်များနှင့် ညီလာခံ ကိုယ်စားလှယ်များ ခင်ဗျား -
ပြည်သူများ အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတောင့်တနေကြတာ ဖြစ်ပါတယ်။ ဒီအတွက် ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၏ ဦးဆောင်မှုနှင့် စီမံဆောင်ရွက်မှုနောက်တွင် ပြည်သူများက ထပ်ကြပ် လိုက်ပါဆောင်ရွက်ကြမည်သာ ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စု၏ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အနေဖြင့် ငြိမ်းချမ်းရေး ရရှိအောင် ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့်အညီ ဤညီလာခံကြီးက စေတနာ၊ မေတ္တာ၊ သစ္စာတရားများဖြင့် အစပြု ဆောင်ရွက်ပေးကြပါလို့ တင်ပြတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

(ဓာတ်ပုံ - မြင့်မိုးညို)

No comments: