Tuesday, January 12, 2016

မြန်မာ့မြေကြီးပေါ်တွင် ကိန်းအောင်းပုန်းခိုနေသည့် လူသတ်ခြေဖြတ်လက်နက်များ



မြန်မာ့မြေကြီးပေါ်တွင် ကိန်းအောင်းပုန်းခိုနေသည့် လူသတ်ခြေဖြတ်လက်နက်များ
------- ---- ----- -------

တရုတ်နယ်စပ်အနီး တိတ်ဆိတ်သော လူ့အဖွဲ့အစည်းအတွင်း ကလေးငယ် သုံးဦး၏ ဘ၀ကို ပြောင်းလဲစေခဲ့သည့် ထိုမနက်ခင်းက အခြားနံနက်ခင်းများကဲ့သို့ပင် ပုံမှန်စတင်ခဲ့သည်။ ကလေးငယ်များက နံနက်ခင်းနေရောင်အောက်တွင် မြေလမ်းပေါ် လမ်းလျှောက်ရင်း စကားတွတ်ထိုးနေခဲ့သည်။ ထိုအချိန်တွင် ကြီးမားသည့် ပေါက်ကွဲမှုတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ဖုန်မှုန့်များ ကင်းစင်သွားချိန်တွင် ကလေးငယ်များမှာ သွေးများဖုံးလွှမ်းနေပြီး မချိမဆန့်ဝေဒနာဖြင့် မြေပေါ်တွင်လူးလွန့်နေကြသည်။ စစ်ပွဲများဖြစ်ပွားနေသည့် နယ်စပ်ဒေသများတွင် မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရသူ သားကောင်းများစာရင်းတွင် ထိုကလေးငယ်များမှာ နောက်ဆုံးပါဝင်လာသူများ ဖြစ်သည်။

ကလေးငယ်များ၏ ဦးလေးဖြစ်သူ လျှိုဒေါင်က “ကလေးသုံးယောက်မှာ နှစ်ယောက်က သတိလစ်နေပြီး သတိရှိနေသေးတဲ့ တစ်ယောက်ကလည်း အသက်ရှူလို့မရတော့ဘူးလို့ ပြောနေပါတယ်။ ပေါက်ကွဲမှုကြုံတွေ့ပြီး နှစ်လအကြာအထိ ခန္ဓာကိုယ်ထဲမှ ဗုံးဆံအစအနများကို ဆရာဝန်များက ဖယ်ရှားပေးခဲ့ရကာ ယနေ့အချိန်အထိ ဆေးရုံတက်နေရဆဲ ဖြစ်သည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်များအတွင်း အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ထောင်ထား ခဲ့သည့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးဒဏ်ရာရသူ ထောင်နှင့်ချီ၍ ရှိနေသည်တွင် ထိုကလေးငယ်များလည်း အပါအ၀င် ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းပြသ၁နာမှာ အလွန်ကြီးမားသော်လည်း ပြသ၁နာကို ဖြေရှင်းရန် အားထုတ်မှု မရှိသလောက်ဖြစ်သည်။ မိုင်းရှင်းလင်းရန် ကြိုးပမ်းမှုများကို ဆက်လက်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်က အဟန့်အတား ဖြစ်စေပြီး စစ်ဘက်ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကလည်း အခက်အခဲဖြစ်စေသည်။

သို့သော် ထိုအခြေအနေက ပြောင်းလဲလာဖွယ်ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုကြောင့် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို မကြာမီ စတင်နိုင်မည်ဟု မြေမြှုပ်မိုင်း ရှင်းလင်းရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက မျှော်လင့်လျက်ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် စစ်တပ်နှင့် စစ်ဗိုလ်ချုပ်ဟောင်းများ လွှမ်းမိုးထားသည့် အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အနိုင်ရခဲ့သည်။ မြေမြှုပ်မိုင်းရှင်းလင်းရာတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်းပါဝင်နိုင်ရေးအတွက် လိုအပ်သည့် အပစ်အခတ် ရပ်စဲရေးကိုလည်း အနည်းဆုံးအားဖြင့် စာရွက်ပေါ်တွင် သဘောတူညီမှု ရယူနိုင်ခဲ့သည်။

နော်ဝေအခြေစိုက် NPA အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဘင်ဂျီဘော့ဂ်မိုအာက “အစိုးရသစ်အပေါ်မှာ ကျွန်တော်တို့ မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိပါတယ်။ ပြည်သူလူထုရဲ့ အသက်နဲ့ ကျန်းမာရေးအပေါ် မြေမြှုပ်မိုင်းတွေရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ အစိုးရသစ်က NPA လို အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်” ဟု IRIN သတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည် ၁၉၄၈ ကတည်းက ပြည်တွင်းစစ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်ပွဲများအတွင်း အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အများအပြားက မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြသော်လည်း အရေအတွက် မည်မျှရှိကြောင်း မည်သူမျှမသိခဲ့ပေ။ မြေမြှုပ်မိုင်းနှင့် ကလပ်စတာဗုံး စောင့်ကြည့်ရေးအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွင် ကိုလံဘီယာနှင့် အာဖဂန်နစ္စတန်တို့နောက် ကမ္ဘာ့တတိယနေရာ၌ ရှိနေပြီး ၁၉၉၉ မှ ၂၀၁၄ အတွင်း ထိခိုက်ဒဏ်ရာရမှု ၃၇၄၅ ဦး ရှိခဲ့သည်ဟု ဆိုသည်။ အဖွဲ့က နိုဝင်ဘာ ၁၀ တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ယခုဖော်ပြပါ အရေအတွက်ဟာ မြန်မာနိုင်ငံမှာ အမှန်တကယ် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။” ဟု ဖော်ပြခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် အတိအကျ သိရှိနိုင်ရန် ကြိုးစားမှုမှာ “တရားဝင် အချက်အလက်ကောက်ခံမှု လုပ်ငန်း မရှိခြင်း၊ အခြေခံအစီရင်ခံစာ ပုံစံမရှိခြင်းနှင့် အချက်အလက် မျှဝေမှုမရှိခြင်း” တို့ကြောင့် အတားအဆီး ဖြစ်နေသည်ဟု မြေမြှုပ်မိုင်းနှင့် ကလပ်စတာ ဗုံး ပိတ်ပင်ရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ အစီရင်ခံစာ တွင် ဖော်ပြသည်။

မြန်မာနိုင်ငံသည် အစိုးရမဟုတ်သော အဖွဲ့များက မြေမြှုပ်မိုင်းအသုံးပြုသည့် နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် အိန္ဒိယ၊ ပါကစ္စတန်နှင့် တောင်ကိုရီးယား တို့နှင့် အတူ မြေမြှုပ်မိုင်း အများအပြား ထုတ်လုပ်သည့် အစိုးရများ စာရင်းတွင်လည်း ပါဝင်သည်။ ထို့အပြင် ၂၀၁၄ အတွင်း မြေမြှုပ်မိုင်း အသုံးပြုမှုအသစ်များ ရှိသည့် နိုင်ငံ ၃ ခုသာ ရှိရာတွင် မြန်မာနိုင်ငံက ဆီးရီးယား၊ မြောက်ကိုရီးယားတို့နှင့်အတူ ပါဝင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

KHTun

Ref - IRIN

The Ladies News

No comments: