------ ---------- --------
ဒေသခံတွေ အဆိုအရ အစိုးရလက်အောက်ခံ တပ်ရင်းတစ်ရင်းကနေ ရွာထဲဝင် ပေါ်တာဆွဲ ၊ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရတဲ့ လားရှိုးမြို့နယ် မန်ပန်ပြည်သူ့စစ် နယ်မြေထဲက မန်လုန်းကျေးရွာမှ ဒေသခံတွေကို နေရပ်ပြန်လာကြဖို့ မန်ပန်ပြည်သူ့စစ် တာဝန်ရှိသူတွေက လိုက်လံဆော်သြမှုတွေ ပြုလုပ်နေတယ်လို့ ထွက်ပြေးလာသူတွေ အရေး ဆောင်ရွက်နေသူတွေက ပြော ပါတယ်။
"ဒီကနေ့ပဲ ထွက်ပြေးနေတဲ့ လူတွေကို သူတို့တွေ ခေတ္တ ပုန်းရှောင်နေတဲ့ နမ့်ပါင် အပါဝင် တခြားရွာတွေမှာ ကားတွေနဲ့ လိုက်ခေါ်နေတာ၊ လူတွေက ကြောက်လို့ ပြန်မလိုက်ကြဘူး" လို့ ထွက်ပြေးလာသူ တွေအရေး ဆောင်ရွက်ပေးနေတဲ့ ကျားခေါင်း SNLD ပါတီမှ စိုင်းလှထွေးက ဇန်န၀ါရီလ ၈ ရက်နေ့ ညနေပိုင်းမှာThe Ladies News ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၄ ရက်နေ့က မန်ပန်ပြည်သူ့စစ် နယ်မြေဖြစ်တဲ့ လားရှိုးမြို့နယ် နားနန်းကျေးရွာ အုပ်စုက မန်လုံးကျွေးရွာမှာ ပေါ်တာလိုက်ဖို့ ဒေသခံတွေကငြင်းဆန်တဲ့ အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား နှစ်ဦးနဲ့ ကလေးငယ် တစ်ဦး သေဆုံးခဲ့ရပြီး ရွာလူကြီးနဲ့ ရွာသားအချို့ပါ ဖမ်းဆီးခံထားရ တယ်လို့ ရွေးကောက်ပွဲ အနိုင်ရ လားရှိုးးဒေသခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးစိုင်းဝမ်းလှိုင်ခမ်းကလည်း The Ladies News ကို အတည်ပြု ပြောဆိုပါတယ်။
"တော်တော်ဆိုးပါတယ် ။ အခုက ရွာတွေမှာ ပေါ်တာတွေလည်း လိုက်ဆွဲနေတာ ။ ခွဲတမ်းနဲ့ကို တချို့ပေးနေရတာ။ ကျွန်တော်တို့လည်း ကူတာ ကူညီနေရတာ အသက် ရန်ရှာခံရမှာလည်း ကြောက်နေရတယ်။ အခုဖြစ်တဲ့ နယ်မြေက ပြည်သူတွေက ဘာအကာကွယ်မှ မရှိဘူး ဖြစ်သွားလို့ အရပ်သားတွေ သေရတာ " လို့စိုင်းလှထွေးကလည်း ပြောပါတယ်။
အာအက်ဖ်အေ လွတ်လပ်တဲ့ အာရှအသံ မြန်မာပိုင်းရဲ့ သတင်းတစ်ရပ်မှာတော့ မန်ပန်ပြည်သူ့စစ် ကလည်း မန်လုန်းကျေးရွာ အောက်ဘက်က နားကာ ကျေးရွာ အပါဝင် အခြားရွာတွေမှာ တစ်ရွာကို ငါးယောက်နှုန်းနဲ့ ပစ္စည်းတွေထမ်းဖို့ လူတောင်းနေတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အခုထွက်ပြေးနေတဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေထဲမှာ အများစုဟာ အမျိုးသမီးနဲ့
ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
The Ladies News Journal
photo- Shan Herald New
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ယူနန်မှတစ်ဆင့် တရုတ်နိုင်ငံ အတွင်းသို့ ဆက်သွယ်ထားသည် တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ ပိုက်လိုင်းစီမံကိန်း ပြီးနောက် ပေါက်ဖော်ကြီးများ အတွက် နောက်ထပ် စီမံကိန်းက ကျောက်ဖြူ အထူးစီးပွားရေးဇုန်။
မြန်မာနိုင်ငံ၏ တတိယမြောက် အထူး စီးပွားရေးဇုန်အဖြစ် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ရင်းနှီးတည်ဆောက်သူ တင်ဒါရလဒ်ကို ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ဒီဇင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။
ဒေသခံများ ကန့်ကွက်နေသော်လည်း ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် အစိုးရက မြန်မြန်ဆန်ဆန် ဆောင်ရွက်နေပေပြီ။ ယင်းသို့ အကောင်အထည်ဖော်မှု အပေါ် ဒေသခံများ၏ စိုးရိမ်သောကများ အဘယ်နည်း။
အမေရိကန်ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံမည့် အဆိုပါစီမံကိန်းမှာ ဒေသခံများ၏ သဘောထားနှင့် ဆန့်ကျင်နေသော်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ခဲ့သည်။ အရေးကြီးသည့် ဆုံးဖြတ်ချက်များကို သမ္မတဦးသိန်းစိန်၏ လက်ကျန်သက်တမ်းအတွင်း အလျင်စလို ချမှတ်ခဲ့ကြောင်း ရခိုင်ဒေသခံများနှင့် လူမှု အဖွဲ့အစည်းများက ဝေဖန်ကြသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း တင်ဒါခေါ်ယူရာတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၆၁ ခုက မှတ်ပုံတင် စာရင်းပေးသွင်းခဲ့ပြီး စိတ်ဝင်စားမှု ဖော်ပြလွှာ (EOI) အထောက်အထား ၁၂ ခုကို နိုင်ငံပေါင်း ငါးနိုင်ငံမှ ကုမ္ပဏီခုနစ်ခုက တင်သွင်း ခဲ့သည့်အနက် တရုတ်ကုမ္ပဏီ CITIC ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အထူးစီးပွားရေးဇုန်တွင် စီမံကိန်း သုံးခုပါဝင်ပြီး လူနေအိမ်ရာ စီမံကိန်းမှာ စီမံကိန်းနှင့် ကိုက်ညီမှုမရှိ၍ ဖျက်သိမ်းခဲ့သဖြင့် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်း ကိုသာ တရုတ်နိုင်ငံအခြေစိုက် China International Trust and Investment Corporation (CITIC Group) က လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။
ကျောက်ဖြူစီမံကိန်းသည် သီလဝါနှင့် ထားဝယ် အထူးစီးပွားရေးဇုန်တို့နှင့် မတူ။ နိုင်ငံတကာသို့ Open Tender ခေါ်ယူခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်သောကြောင့် နိုင်ငံတကာ တည်ဆောက်ရေး ကော်ပိုရေးရှင်းများ ပါဝင်လာမည်ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောဆိုခဲ့သည်။
သို့သော်လည်း နောက်ဆုံးပိတ်တင်ဒါ ရွေးချယ်ရာတွင် တရုတ်ကုမ္ပဏီကိုသာ ရွေးချယ်ခဲ့သည်။
ရင်းနှီးတည်ဆောက်မှုတွင် CITIC ကုမ္ပဏီက ၈၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး မြန်မာ-ကျောက်ဖြူ အထူးစီပွားရေးဇုန် အများပိုင်ကုမ္ပဏီက ၁၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရက ၅ ရာခိုင်နှုန်း ထည့်ဝင်မည် ဖြစ်ပြီး အကျိုးအမြတ်ကိုလည်း ယင်းအချိုးအတိုင်း ခွဲဝေမည်ဖြစ်၍ အမျိုးသားအကျိုး စီးပွားအတွက် အထောက်အကူပြုမည့် စီမံကိန်း မဟုတ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။ အခြား အထူးစီးပွားရေးဇုန်များ ဖြစ်သော သီလဝါက မြန်မာနှင့် ဂျပန်တို့ ထက်ဝက်ဝန်းကျင်၊ ထားဝယ်က မြန်မာ၊ ထိုင်းနှင့် ဂျပန်တို့ အချိုးညီစွာ ရင်းနှီး လုပ်ကိုင်မည်ဖြစ်ရာ ကျောက်ဖြူတွင် တရုတ်အတွက် ၈၅ ရာခိုင်နှုန်းအချိုးက မေးခွန်းထုတ်စရာ ဖြစ်နေသည်။
“အခြားနိုင်ငံက တရုတ်တွေ၊ နိုင်ငံခြားသားတွေ လွှမ်းမိုးသွားမှာ ဖြစ်တဲ့အတွက် ဒီရာခိုင်နှုန်း အပေါ်မှာလည်း ပြန်စဉ်းစားဖို့လည်း လိုပါတယ်” ဟု ကျောက်ဖြူလူငယ် အဖွဲ့မှ ဦးထွန်းလင်းက ပြောဆိုသည်။
ဒေသခံများအနေနှင့် တရုတ်ရင်းနှီး မြှုပ်နှံမှုထက် ဂျပန်နှင့် ဥရောပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု ကိုသာ လိုလားကြပြီး စီမံကိန်းကိုလည်း လက်ရှိ အစိုးရသက်တမ်း အတွင်း စီမံကိန်း အကောင်အထည်ဖော်မှုကို ဒေသခံများ သဘောမတူကြောင်း ရခိုင် အမျိုးသားပါတီမှ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဦးအေးသာအောင်က ပြောကြားသည်။
မြေဧက ၄၂၀၀ ကျော် ကျယ်ဝန်းသည့် အထူးစီးပွားရေးဇုန် အတွက် နယ်နိမိတ် သတ်မှတ်မှုကို လက်ရှိအစိုးရသက်တမ်း အတွင်း လုပ်ဆောင်ကာ တည်ဆောက်ရေး လုပ်ငန်းများကို အစိုးရသစ် လက်တွင်သာ လုပ်ဆောင်ရန် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည်။
“ဒါကို အတည်ပြုလိုက်တဲ့အတွက် ဒေသခံတွေ ဘက်မှာတော့ စိုးရိမ်စရာတွေ အများကြီး ရှိနေတာပေါ့” ဟုကျောက်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးထွန်းကြည်က ပြောကြားသည်။
“သူတိုအမှန်တကယ် ရှောရှောရှုရှု အောင်မြင်ချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ချပြပြီးတော့ အမှန်တကယ် ထိခိုက် နစ်နာမှုတွေအတွက် တာဝန်ခံတယ် ဆိုတာကို ပွင့်လင်းမြင်သာစွာ ချပြသင့်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လယ်ယာမြေအရေး အတွက်လည်း ဒေသခံများ စိုးရိမ်ပူပန်နေကြသည်။ စီမံကိန်းဇုန် နယ်နမိတ် သတ်မှတ်ရာတွင် လယ်ယာမြေများကို ရှောင်ကွင်းသွားမည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသော်လည်း စီမံကိန်းမြေနေရာ၏ ၆၀ ရာခိုင် နှုန်းနီးပါးမှာ စိုက်ပျိုးမြေနှင့် စားကျက်မြေများ ပါဝင်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။ ယင်းမြေများမှာ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးခဲ့သည့် လယ်ယာမြေများ ဖြစ်ပြီး မြေယာပိုင်ဆိုင်ခွင့် မှတ်ပုံတင်ထားခြင်း မရှိ၍ မြေယာလျော်ကြေးကိစ္စများ ဖြေရှင်းရာတွင် အခက်အခဲများ ရှိလာမည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
လက်ရှိ စီမံကိန်းမြေနေရာ လျာထားချက်တွင် ကျေးရွာအုပ်စု ခြောက်ခု ပါဝင်နေ ပြီး ရွာပေါင်း ၂၁ ရွာအနက် ကျေးရွာအချို့က ဒေသခံများ လုပ်ကိုင်နေသည့် မြေများ စီမံကိန်းမြေများတွင် ပါဝင်နေသည်။
“သူတို့ လုပ်ပိုင်ခွင့်ရလို့ နယ်မြေထဲမှာ ဒေသခံတွေက ဝင်ရောက်လုပ်ပိုင်ခွင့်၊ လေ့လာခွင့်တွေ မရတော့ဘူး။ အချုပ်အခြာ အာဏာကို ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်တယ်။ ဒေသခံတွေက စိုးရိမ်ကြတယ်” ဟု ကျောက်ဖြူ စီမံကိန်းနှင့် ပတ်သက်သည့် အရပ်ဘက် ဆိုင်ရာ လူမှုအဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေးတာဝန်ခံ ဦးခိုင်ကောင်းစံက ဆိုသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ဒေသခံလယ်ယာမြေ အများအပြား ဆုံးရှုံးမှုရှိခဲ့ပြီး မြေယာလျော်ကြေး ရရှိခဲ့သော်လည်း လူမှုဘဝလုံခြုံရေး အတွက် အာမခံချက် မရှိသဖြင့် ထပ်မံဆောင်ရွက်မည့် တရုတ်စီမံကိန်းများ အပေါ် စိုးရိမ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယင်းသို့စိုးရိမ်မှုမှာ ခရိုနီတစ်စု၏ အာဘော်သာ ဖြစ်ကြောင်း ဦးအောင်ကျော်သန်းက တုံ့ပြန်ပြောဆိုသည်။
“နားလည်မှု လွဲနေတာပါ။ ဒီဟာတွေက ပရောဂျက်ရဲ့ သဘောသဘာဝကို အရင်သိဖို့ အရေးကြီးတယ်။ ဥပဒေကို သိဖို့လည်း အရေးကြီးတယ်။ ဒီအထူးစီးပွားရေး ဇုန်က အထူးအခွင့်အရေးတွေ ပေးထားတာ” ဟု ၎င်းက ဆိုသည်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်မဖော်မီက ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် လျှို့ဝှက် ဆွေးနွေးဖူးပြီး လုပ်ငန်းရှင်အများစုက စိတ်ဝင်စားမှု မရှိခဲ့ဘဲ လက်ရှိအချိန်မှ ရှယ်ယာဝေစု အပေါ် အပြစ်ရှာလာခြင်း ဖြစ်ကြောင်း ဦးအောင်ကျော်သန်းက ဆိုသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ ရှယ်ယာတစ်စုသည် အမေရိကန်ဒေါ်လာ သုံးသန်း တန်ဖိုးရှိပြီး CITIC သည် ရင်းနှီးမြှုပ်နှံမှု ၈၅ ရာခိုင်နှုန်းအတွက် အမေရိကန် ဒေါ်လာ ၂၂၅ သန်း မြန်မာအစိုးရထံ ပေးသွင်းရမည် ဖြစ်သည်။
လက်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင် စက်မှုဇုန်စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၉ ဘီလီယံနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ၇ ဒသမ ၂၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး တည်ဆောက်မှုကို လာမည့် ဇွန်လတွင် စတင်မည်ဖြစ်သည်။
ကျောက်ဖြူစီမံကိန်း၏ အစုရှယ်ယာ ခွဲဝေမှုသည် အခြား အထူးစီးပွားရေးဇုန်များ ဖြစ်သည့် သီလဝါနှင့် ထားဝယ် အထူးစီးပွားရေးဇုန် တို့နှင့် မတူညီသော်လည်း စိုးရိမ်ရန်မလိုဘဲ အမှန်တကယ် အလုပ်ဖြစ်မြောက်ရေးသာ အဓိကကျကြောင်း ပို့ကုန် လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောကြားသည်။ အထူးစီးပွားရေးဇုန်များ အကောင်အထည် ဖော်ရာတွင် ငွေကြေးအရင်းအနှီး တောင့်တင်းမှုသည် အခရာကျပြီး ထားဝယ် အထူးစီးပွားရေးဇုန် အတွင်း ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့ဖူးသည့် အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ငွေကြေးတောင့်တင်းမှု အားနည်းခြင်းကြောင့် ပြဿနာများရှိခဲ့ကြောင်း ၎င်းကပြောသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်လာပါက အခွန်တိုးမြှင့် ကောက်နိုင်ပြီး ဆက်စပ်လုပ်ငန်းများ ဖြစ်သည့် သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်မည်ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းလည်း ရရှိမည်ဖြစ်သည်ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
“ကျွန်တော်ကတော့ စိုးရိမ်စရာလို့ မမြင်ဘူး။ လက်ရှိက သီလဝါကတော့ အရင်းအနှီး နည်းတာကို။ ကျန်တဲ့ ထားဝယ်တို့ဘာတို့ ဆိုရင် အီတာလျံ-ထိုင်း ဆိုရင် အရင်းအနှီး မရှိလို့ နောက်ဆုတ်သွားတာလေ။ မြန်မာကို ပြန်ပေးတော့ မြန်မာက ပိုက်ဆံမရှိတော့ ရပ်ထားရတာလေ”
နိုင်လင်းအော
- See more at: http://www.thevoicemyanmar.com/index.php/article/item/9490-ppl#sthash.kMCNALn0.dpufရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ယူနန်မှတစ်ဆင့် တရုတ်နိုင်ငံ အတွင်းသို့ ဆက်သွယ်ထားသည် တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ ပိုက်လိုင်းစီမံကိန်း ပြီးနောက် ပေါက်ဖော်ကြီးများ အတွက် နောက်ထပ် စီမံကိန်းက ကျောက်ဖြူ အထူးစီးပွားရေးဇုန်။

- See more at: http://www.thevoicemyanmar.com/index.php/article/item/9490-ppl#sthash.kMCNALn0.dpuf
No comments:
Post a Comment