လမ်းမဘေးတွင် ရပ်စောင့်နေသည့် တပ်မတော်သားတစ်ဦး၏ အနီးတွင် ခရီးသည်တင် ပါဂျဲရိုးယာဉ်ကို ထိုးရပ်လိုက်သည်။ ယာဉ်နောက်လိုက် ဖြစ်သူက လွယ်အိတ်ထဲမှ ငွေစက္ကူ တစ်ထောင်တန်တစ်ရွက် ထုတ်ကာ သေနတ်လွယ်ထားသည့် တပ်မတော်သားဆီသို့ လက်ကမ်းပေးလိုက်သည်။ နှုတ်မှလည်း မေးခွန်းတစ်ခု မေးမြန်းလျက်။
“သတင်းပို့ရဦးမလား ဆရာ”
သတင်းပို့သည် ဆိုခြင်းသည် ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ခရီးသည် အရေအတွက်၊ ကုန်ပစ္စည်းအမျိုးအစား၊ ယာဉ်မောင်းအမည်၊ ထွက်ခွာခဲ့သည့်မြို့၊ သွားရောက်မည့်နေရာ စသည်တို့ကို ဂိတ်အတွင်းရှိ တာဝန်ကျ တပ်မတော်အရာရှိထံသို့ တင်ပြခြင်း ဖြစ်သည်။
သို့သော်။
“ရတယ်” ဟူ၍ အဆိုပါ တပ်မတော်သားက ပြန်လည်ဖြေဆိုရင်း ငွေစက္ကူကို မြေကမူပေါ်တွင် တင်ထားသည့် စတီးသောက်ရေခွက် အတွင်းသို့ ထည့်လိုက်သည်။
ကချင်ပြည်နယ်၊ ဖားကန့် ရတနာနယ်မြေသို့ သွားရောက်ရာ လမ်းပိုင်းတစ်နေရာတွင် ဖြစ်လေသည်။
ဖားကန့်ဒေသသို့ မိုးကောင်း-ကာမိုင်း လမ်းမှလည်းကောင်း၊ ဟိုပင်-ဝှေခါလမ်းမှ လည်းကောင်း သွားရောက်သည်ဖြစ်စေ ခရီးသည်တင်၊ ကုန်တင် စသည့်ယာဉ်များ အနေနှင့် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ပါသည်ဖြစ်ဖြစ် မပါသည်ဖြစ်ဖြစ် လမ်းတံတားကြေး၊ မြို့ဝင်ကြေးများ အပါအဝင် ခေါင်းစဉ်တပ်၍ မရသော အခကြေးငွေများလည်း လမ်းတစ်လျှောက်ရှိ ဂိတ်များစွာကို ဖြတ်သန်း ပေးဆောင်နေကြရသည်မှာ အစဉ်အဆက် နှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။
တစ်ခါတရံတွင် ယာဉ်စည်းကမ်း ဖောက်ဖျက်သည် ဟုဆိုကာ ဒဏ်ငွေ ရိုက်သည်များလည်းရှိ၏။ သို့သော် ပြေစာဖြတ်ပိုင်းတွင် မည်သည့်စည်းကမ်းချက်ကို ချိုးဖောက်သည် ဟူ၍တော့ ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိကြောင်း အဆိုပါ ယာဉ်နောက်လိုက်က ပြောပြသည်။
ဖားကန့်ရတနာနယ်မြေတွင် ယင်းကဲ့သို့ မည်သည်ကြောင့်ဟူ၍ မသိရစွာ ပေးဆောင်နေရသည့် ငွေကြေးများ ရှိနေသည့်အပြင် အခြားသော စာရင်းပျောက်နေသည့် ကိစ္စများလည်း ရှိနေသေးသည်။
(၁)
မမုံကျေးရွာသည် ဈေးဆိုင်တန်း၊ ခြောက်ကောင်အံစာတုံး၊ လေးကောင်ဂျင် စသည့်
လောင်းကစားဝိုင်းများအပြင် အနှိပ်ခန်း၊ ပြည့်တန်ဆာခန်းများဖြင့် ညစဉ်
စည်ကားလေ့ရှိသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်လာပြီဖြစ်သည်။ ကပ်လျက်တွင်
အမှိုက်များ၊ နွံများဖြင့် ညစ်ထေး တိမ်ကောလျက်ရှိသည့် ဥရုချောင်းရှိသည်။တစ်ဖက်ကမ်းရှိ မြန်မာတကောင်း ကုမ္ပဏီလုပ်ကွက်မှ တန်ရှစ်ဆယ်ခန့်ဝန်ချိန် ရှိသည့် ယာဉ်ကြီးများက မြေစာများအပြည့် တင်ဆောင်ကာ ဥရုချောင်းကိုဖြတ်ကာ အဆက်မပြတ် သွားလာနေကြသည်။ ကုမ္ပဏီက တူးဖော်ရှာဖွေပြီးသည့် မြေစာများကို ပြန်လည်စွန့်ပစ်သည့် နေရာသို့ သွားရောက် စွန့်ပစ်နေခြင်းဖြစ်သည်။
ဖားကန့်ဒေသတွင် ပုဂ္ဂလိကကုမ္ပဏီပေါင်း ၆၂၇ ခု၊ နိုင်ငံတော်နှင့် အကျိုးတူ လုပ်ကိုင်သည့်ကုမ္ပဏီ ၂၃၁ ခု ရှိပြီး လုပ်ကွက်ပေါင်း ရှစ်ထောင်ဝန်းကျင်ရှိသည်။ လက်ရှိ ကျောက်စိမ်းတူးဖော်နေသည့် ဧကပေါင်း နှစ်သောင်းခွဲကျော်ရှိသည်။ ကုမ္ပဏီ တစ်ခုတစ်ခုတွင် ယင်းသို့ မြေစာပစ် ယာဉ်ကြီးပေါင်း ရာနှင့်ချီ ရှိတတ်ပြီး မြေတူးရာတွင်အသုံးပြုသည့် ဘက်ဟိုး ယန္တရားများကလည်း ရာဂဏန်းဝန်းကျင်ပင် ဖြစ်သည်။
လုပ်ငန်းခွင်သုံး စက်ယန္တရားများသည် ဒေါ်လာရှစ်သိန်းဝန်းကျင် အထိ တန်ကြေးရှိသည်။ အဆိုပါ ငွေကြေးပမာဏကို ရင်းနှီး လုပ်ကိုင်နေခြင်းကို ထောက်ရှု၍ အမြတ်ငွေ မည်မျှရရှိမည်ကို ခန့်မှန်းနိုင်ကြောင်း ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၉)၊ ဖားကန့်ဒေသမှ ရွေးကောက် တင်မြောက်ခံထားရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောဆိုသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ဥပဒေအရ ပြည်တွင်းသို့ ၃၅ တန်နှင့်အထက် ယာဉ်များ တင်သွင်းခွင့် မရှိသော်လည်း လုပ်ငန်းရှင်များအနေနှင့် အာဏာပိုင်အချို့နှင့် ပူးပေါင်းကာ တင်သွင်းနေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကုမ္ပဏီများအနေနှင့် ရွေးကောက်ပွဲအပြီး လက်ကျန်အစိုးရ သက်တမ်းကာလတွင် စက်ယန္တရားများကို ပိုမိုသုံးစွဲလာကာ လုပ်ကိုင်လာကြောင်း ဒေသခံများက ယုံကြည်ကြသည်။
ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ပြောဆိုသည့် စာရင်းများ အရ ၂၀၁၅ ခုနှစ်အတွင်း ဖားကန့်သို့ ဝင်ရောက်လာသည့် မြေသယ်ယာဉ်၊ မြေတူးယာဉ်၊ လောင်စာဆီသယ်ယာဉ် စသည့် လုပ်ငန်းသုံးယာဉ် ယန္တရား ၇၇၄ စီးရှိသည်။ ရွေးကောက်ပွဲပြီး ကာလတွင် ဝင်ရောက်လာမှုမှာ အစီးရေ သုံးရာနီးပါးဖြစ်ပြီး ဒီဇင်ဘာလ တစ်လတည်းအတွင်းတွင်ပင် ယာဉ်စီးရေ ၁၅၀ ဖြစ်သည်။ ယင်းမှာ ကုမ္ပဏီ ၁၃ ခုမှ ပြည်နယ် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ကာ တရားဝင် တင်သွင်းခဲ့သည့် အရေအတွက်ဖြစ်သည်။
သို့သော် တရားမဝင် ဝင်ရောက်လာမှုများ ကိုမူ မသိရှိရကြောင်း ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က ဆိုသည်။ စက်ယန္တရားများသည် တစ်စုတစ်စည်းထဲ ဝင်ရောက်ခြင်းမဟုတ်ဘဲ တစ်ရက်ချင်းစီ အလိုက် အလီလီ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ စက်ယန္တရား စုစုပေါင်းအရေအတွက်ကို အုပ်ချုပ်ရေးပိုင်းက သိရှိနိုင်ခြင်းမရှိဘဲ လုံးခင်းကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေး ရုံးက ချုပ်ကိုင်ကြောင်း ၎င်းက ညွှန်းဆိုခဲ့သည်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် ရုံးထိုင်နေသည့် မြန်မာ့ကျောက်စိမ်းတူး ဖော်ရေးဌာနသို့ သွားရောက်မေးမြန်းရာ တွေ့ဆုံခွင့်ရရှိခဲ့သည့် လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်သူက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ အချက်အလက်များကို သတင်းမီဒီယာများသို့ ပြောကြားလေ့မရှိကြောင်း ကုမ္ပဏီများနှင့် ပတ်သက်သော နှစ်လက်မခန့် ထူထဲသည့် အချက်အလက် မှတ်တမ်းစာအုပ်များ အစီအရီ တန်းစီထားသည့် စာအုပ်စင်အရှေ့ ကုလားထိုင်ပေါ်မှ ၎င်းက ပြန်လည်ပြောဆိုသည်။
ဒေသခံများကမူ တစ်ဒေသလုံးတွင် လုပ်ကိုင်နေသည့် စက်ယန္တရားအင်အား နှစ်သောင်းဝန်းကျင် ရှိမည်ဖြစ်သည်ဟု ခန့်မှန်းသည်။ သေချာသည်က ဖားကန့်ဒေသရှိ မည်သည့်ကျေးရွာသို့ သွားသွား ကုမ္ပဏီ လုပ်ငန်းသုံး စက်ယန္တရားများစွာကို လုပ်ကွက်များ အတွင်းနှင့် မြေစာစွန့်ပစ်ရာ လမ်းတစ်လျှောက်တွင် တွေ့နေရသည်။
“လာမယ့်နှစ်အတွက် မသေချာဘူး၊ လက်ရှိအနေအထားမှာ အပြုတ်တွင်တာ” ဟု ကထန်ကျေးရွာမှ ရာအိမ်မှူး ဦးအောင်မြင့်ထွန်းက ပြောဆိုသည်။
သို့သော် ယာဉ်များ၏ ၈၀ ရာခိုင်နှုန်း ဝန်းကျင်သည် တရားဝင် အခွန်ဆောင်ထားခြင်း မရှိဟု ဒေသခံများက ယုံကြည်နေသည်။ ယင်းကား ယာဉ်ယန္တရားတို့၏ မသိကိန်း။
(၂)
ဦးသိန်းစိန်အစိုးရ၏ ငါးနှစ်တာသက်တမ်း အတွင်း ကျောက်စိမ်း ကီလိုဂရမ် သန်း
၁၆၀ ကျော် ထုတ်လုပ်ခဲ့ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်၏ ပြောဆိုမှုကို ကိုးကား၍ ရေးသားထားသည့် ပြည်တွင်းသတင်း
တစ်ပုဒ်အရ သိရသည်။ ငါးနှစ်တာ ကာလအတွင်း ထုတ်ယူခဲ့သည့် ကျောက်စိမ်းများသည်
နောင်သုံးနှစ်စာ အထိ ရောင်းချရန် ကျန်ရှိနေသေးသည် ဟုလည်း
ယင်းညွှန်ကြားရေးမှူးချုပ်က ဆိုထားသည်။ သို့သော် ရောင်းချရမှုမှ ရရှိသည့်
ဝင်ငွေကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။ထွက်ရှိလာသည့် ကျောက်စိမ်းများကို အခွန်ဆောင်ခြင်းမရှိဘဲ တရားမဝင်လမ်း ကြောင်းများမှ တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း ကျောက်စိမ်း အရောင်းအဝယ်သမား များက ပြောဆိုသည်။ အစိုးရမှ တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပသည့် ကျောက်မျက်ပြပွဲတွင် တရားဝင် ရောင်းချသည်က ဟန်ပြအနေနှင့်သာဖြစ်ပြီး တန်ဖိုးမကြီးမားသည့် ကျောက်များသာ ဖြစ်သည်ဟု ဆိုသည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်နိုင်ရန် အတွက် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အကူအညီပင် ပါဝင်နေသည်။ ယင်းတို့အထဲတွင် လက်နက်ကိုင် ခေါင်းဆောင်လည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် ဦးစခုန်တိန့်ယိန်းလည်း ပါဝင်သည်ဟု ဒေသခံများက ဆိုသည်။
ပုံမှန်လမ်းကြောင်းအတိုင်း ဆိုလျှင် ထွက်ရှိသမျှ ကျောက်စိမ်းတုံးများကို လုံးခင်းရှိ ကျောက်စိမ်းတူးဖော်ရေး ရုံးသို့ သွားရောက် စာရင်းသွင်း မှတ်ပုံတင်ရခြင်း ဖြစ်သည်။ ယင်းမှတစ်ဆင့် ပြပွဲတင်ကာ ရောင်းချခြင်းဖြစ်သည်။ သို့သော် လုံးခင်း၊ ကျောက်စိမ်းတူးဖော်ရေး ရုံးမှ အထက်ပါ လက်ထောက်ညွှန်ကြားရေးမှူးက သူ့အနေနှင့် ဖြေဆိုခွင့်မရှိဟု တုံ့ပြန်ကာ ညွှန်ကြားရေးမှူးချုပ်ထံ စာဖြင့် ဆက်သွယ်မေးမြန်းရမည်ဟု ဆိုလေသည်။
Global Witness ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ၂၀၁၃ ခုနှစ်နှင့် ၁၄ ခုနှစ်အတွင်း ဦးသန်းရွှေမိသားစုပိုင် ကုမ္ပဏီက ဒေါ်လာ သန်းနှစ်ရာကျော်၊ ကချင်ပြည်နယ် တိုင်းမှူးဟောင်း ဦးအုန်းမြင့်ပိုင် ကုမ္ပဏီက ဒေါ်လာသန်းရှစ်ဆယ်ကျော်၊ ဦးမောင်မောင်သိမ်း မိသားစုပိုင် ကုမ္ပဏီက ဒေါ်လာသန်း ၁၄၀ ကျော်၊ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့က ဒေါ်လာသန်း ၂၈၀ ကျော်၊ Ever Winner အုပ်စု၊ Asia World နှင့် Htoo အုပ်စုတို့က ဒေါ်လာသန်း ၃၇၀ ကျော်နှင့် မူးယစ်ရာဇာ ဝေဆူးကျန်နှင့် လက်နက်ကိုင်အဖွဲ့များက ဒေါ်လာ သန်းနှစ်ရာကျော်ဖိုး ရောင်းချခဲ့သည်ဟု ဖော်ပြထားသည်။
အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ရောင်းချခဲ့သည့် ကျောက်စိမ်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး ဝန်းကျင်ရှိပြီး ကျောက်စိမ်းစုစုပေါင်း ထုတ်လုပ်မှု တန်ဖိုးသည် ဒေါ်လာ ၃၁ ဘီလီယံဝန်းကျင် ရှိကြောင်း သိရသည်။
ကန်ကြီးများပင် ဖြစ်လာပြီဖြစ်သော တောင်ကုန်းများမှ ကျောက်စိမ်း မည်မျှထွက်နေသည်၊ မည်မျှ ရောင်းချနေရာသည် ဆိုသည်လည်း မသိကိန်း။
(၃)
ကထန်ကျေးရွာသည် လုံးခင်းကျေးရွာ အုပ်စုအပိုင်ဖြစ်ပြီး တောင်ကုန်းပေါ်တွင်
တည်ရှိသည့် အိမ်ခြေ ၁၅၀ ကျော်သည့် ကျေးရွာတစ်ရွာဖြစ်သည်။ ရွာ၏
ဘေးပတ်လည်တွင် ကုမ္ပဏီများ ကျောက်စိမ်း တူးဖော်နေကြပြီး ယန္တရားကြီးများ၏
စက်သံဖြင့် ဆူညံလျက်ရှိသည်။ကျောက်စိမ်းတူးဖော်မှု၊ မြေစာ စွန့်ပစ်မှုများကြောင့် တောတောင်များ ပြုန်းတီးလာ သည့်အပြင် ရေအရင်းအမြစ်များလည်း ပျောက်ဆုံးလျက်ရှိသည်။ ယခုအခါတွင် ကထန်ကျေးရွာအတွက် သောက်သုံးရေကို ပေတစ်သောင်းကျော် အကွာအဝေးရှိ တောင်ကြောမှ စိမ့်စမ်းရေကို ပိုက်ဖြင့် သွယ်ယူနေရသည်။
“အရင်က ဒီနားလေးမှာ ရတာ။ အခု မရတော့ဘူး။ မြေစာပုံဖြစ်သွားပြီ” ဟု ဦးအောင်မြင့်ထွန်းက ဆိုသည်။ “မလွယ်တော့ဘူး။ ရေကိစ္စတစ်ခုတည်းကို” ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၁ ခုနှစ်၊ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ) တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာပြီးနောက်ပိုင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ရပ်နားခဲ့သည်။ ကျေးရွာများစွာမှ ဒေသခံများစွာလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ကျောက်စိမ်းရှာဖွေမှု မှတစ်ပါး အခြား အလုပ်အကိုင် မရှိသည့် ဒေသခံများအတွက် စစ်ပွဲများ ရပ်ဆိုင်းသွားချိန်တွင် ကျေးရွာများတွင် ပြန်လည်နေထိုင်ကာ ကုမ္ပဏီလုပ်ကွက်များ အတွင်းသို့ ဝင်ရောက်ကာ တစ်နိုင်တစ်ပိုင် တူးဖော်ရှာဖွေကြသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို ပြန်လည် ခွင့်ပြုလိုက်ရာ ကုမ္ပဏီများ ပြန်လည် လုပ်ကိုင်လာကြရာ သိန်းနှင့်ချီသည့် ဒေသခံများ အနေနှင့် ကုမ္ပဏီက စွန့်ပစ်သည့် မြေစာပုံများတွင်သာ ရှာဖွေကြရတော့သည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့က ကန်ခါကျေးရွာ အနီးတွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုတစ်ခု ထပ်မံဖြစ်ပေါ်ခဲ့သည်။ မြန်မာတကောင်း ကုမ္ပဏီက စွန့်ပစ်သည့် မြေစာပုံဖြစ်ပြီး ညနေ ငါးနာရီဝန်းကျင်တွင် ပြိုကျခဲ့ခြင်း ဖြစ်သည်။ ပြိုကျစဉ်တွင် ကျောက်စိမ်း ရှာဖွေနေသည့် ရေမဆေးသမား ရာဂဏန်းကျော်ရှိပြီး မြေပြိုရာတွင် လူပေါင်း ၃၀ မှ ၆၀ ခန့် ပါဝင်သွားကြောင်း ယင်းညနေက ကျောက်ရှာဖွေခဲ့သူများက ဆိုသည်။
မြေစာပုံသည် အမြင့်ပေသုံးရာကျော် ရှိပြီး အကျယ်အဝန်းအားဖြင့် ဘောလုံးကွင်း သုံးလေးကွင်းစာ ရှိသည့်အနက်မှ ကမ်းပါးတစ်လျှောက် ပေနှစ်ရာကျော် ပြတ်ကျခဲ့ခြင်း ဖြစ်သည်။
“အပေါ်က လူတစ်ယောက်က ပြိုပြီ ပြိုပြီဆိုပြီး အော်နေတယ်။ ရုတ်တရက် ခဲကြားထဲမှာ ဆိုတော့ ပြေးလို့မရဘူး ဖြစ်နေတယ်။ ပြိုတာက သုံးဆင့်ပြိုတာ။ ပထမ အသုတ်ပြိုတော့ လူတွေက ထွက်ပြေးတာ အကုန်လွတ်တယ်။ နောက်တစ်သုတ် ပြိုတော့ လူတွေ ပါကုန်တယ်” ဟု မြေပြိုမှုမှ လွတ်မြောက်ခဲ့သူ ဦးကောင်းရှိန်က ဆိုသည်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကတော့ မြေပြိုမှုနှင့်အတူ ပါဝင်သွားကာ ပျောက်ဆုံးသူ သုံးဦးသာ စာရင်းရရှိကြောင်း ကနဦးတွင် ပြောဆိုသည်။ သို့သော် နှစ်ဦးမှာ မြေပြိုမှုတွင် ပါဝင်သွားခြင်း မဟုတ်ဘဲ အခြားကျေးရွာများသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်ဟု နောက်ပိုင်းတွင် ပြောဆိုသည်။
မြေမြိုမှုကြောင့် ပျောက်ဆုံးသူများကို စက်ယန္တရားများဖြင့် ရှာဖွေခဲ့သော်လည်း တစ်ဦးမျှ မတွေ့မှုကြောင့် တစ်ရက်ခွဲအကြာတွင် ရှာဖွေမှုကို ရပ်နားလိုက်ပြီး ကုမ္ပဏီက ယင်းနေရာတွင် မြေစာစွန့်ပစ်မှုများကို ပြန်လည် ပြုလုပ်ခဲ့သည်။
ဦးကောင်းရှိန်ကမူ မြေပြိုမှုကြောင့် ပြေးလွှားစဉ် သူ့နောက်တွင်ကျန်ခဲ့သည့် လူသုံးဆယ် ဝန်းကျင်မှာ တစ်ဦးမှ လွတ်မြောက်ခဲ့ခြင်း မရှိဟုဆိုသည်။ အဆိုပါအချိန်က ၎င်းတို့ ကျောက်ရှာဖွေခဲ့သည့် နေရာကို လက်ညှိုးညွှန်ကာ ယင်းနေရာတွင်ပင် လူသုံးဆယ်ခန့် နစ်မြုပ်နေနိုင်သည်ဟု ဆိုသည်။
စွန့်ပစ်မြေစာပုံများ ပြိုကျမှု ဖြစ်စဉ်များသည် ၂၀၁၅ ခုနှစ်အတွင်းတွင်ပင် ငါးကြိမ်မက ဖြစ်သည်။ နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ယင်းမြေစာပုံနှင့် ကပ်လျက် တည်ရှိသည့် မြေစာပုံတစ်ခု ပြိုကျခဲ့ရာ အောက်ခြေတွင်ရှိသည့် နေအိမ်တဲများ ဖုံးလွှမ်းသွားပြီး လူနှစ်ရာမှ သုံးရာဝန်းကျင် အထိ သေဆုံးခဲ့သည်။
တစ်ဒေသလုံးတွင် မြေပြိုမှုကြောင့် စုစုပေါင်း လူလေးရာမှ ငါးရာအကြား သေဆုံးခဲ့ပြီဖြစ်သည်ဟု ဒေသခံအများစုက ပြောဆိုသည်။ လူသေဆုံးမှု ဖြစ်စဉ်များတွင် စာရင်းပျောက်အင်းပျောက် ဖြစ်ခဲ့သည့် ဖြစ်စဉ်များလည်း မကြာခဏ။ မြေစာပုံတွင် ကျောက်ရှာနေသည်၊ ပြီးတော့ ပျောက်သွားသည်။ မြေပြို၊ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး မကြာခင်မှာပင် ယင်းနေရာပေါ်သို့ မြေစာများဖြင့် ဖုံးလွှမ်းလိုက်တော့သည်။
“မြေစာပုံက သင်းင်္ချိုင်းကုန်းဖြစ်နေပြီ” ဟု မုံရွာမြို့နယ်မှ လာရောက် အခြေချကာ မြေစာပုံအပေါ်တွင် ဈေးရောင်းချသူ တစ်ဦးဖြစ်သည့် အသက်သုံးဆယ်အရွယ် အမျိုးသမီးက ဆိုသည်။
၂၀၁၅ ခုနှစ်၊ ဧပြီလအတွင်းက လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာရှိ မြတ်ယမုံ ကုမ္ပဏီလုပ်ကွက် အတွင်း မြေပြိုမှုဖြစ်ပွားခဲ့ရာ ကုမ္ပဏီမှဝန်ထမ်းများ အပါအဝင် ရေမဆေးသမား စုစုပေါင်း ၆၀ ဝန်းကျင် ပျောက်ဆုံးခဲ့သေးသည်။ ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးနေအောင် (မွေး/ရေ ဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း၏ သား) ကမူ ၁၁ ဦးသာဖြစ်သည်ဟု ပြောဆိုသော်လည်း ဒေသခံ မျက်မြင်များကမူ အဆိုပါ ပြောဆိုမှုအပေါ် တူးတူးခါးခါး ငြင်းဆိုခဲ့ပြီး အထက်ပါ ကိန်းဂဏန်းကိုသာ လက်ခံပြောဆိုကြသည်။
ယခုအခါ ယင်းပြိုကျခဲ့သည့် နေရာသည် ကျယ်ဝန်းသည့် ရေကန်ကြီး ဖြစ်၍ နေပေသည်။ ယင်း၏အောက်ဘက် မြေသားများထဲတွင် လူသေအလောင်းများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
နောက်ဆုံး ဖားကန့်သင်္ချိုင်းမြေတွင် အလောင်းမည်မျှ ရှိနေသည် ဆိုသည်လည်း မသိကိန်း ဖြစ်နေသည်။
(၄)
ဥပဒေအရ ကျောက်စိမ်းလုပ်ကွက်များကို နိုင်ငံသားများကိုသာ လုပ်ကိုင်ခွင့်
ပြုသော်လည်း ကုမ္ပဏီအများစုမှာ တရုတ်လူမျိုးများကို လက်လွှဲ လုပ်ကိုင်စေလျက်
ရှိသည်။ တရုတ်လူမျိုး အများအပြားကိုလည်း ကုမ္ပဏီများတွင် တာဝန်များ
ခန့်အပ်ထားသည်။နမ့်မော်ကျေးရွာ အခြေစိုက်သည့် Ever Winner ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကမူ ကုမ္ပဏီလုပ်သက် ၁၀ နှစ်အတွင်း ပိုင်ရှင်ကို နှစ်ကြိမ်သာ တွေ့မြင်ဖူးသည်ဟု ဆိုသည်။ ရှယ်ဖန်မလီ (xie family) ကုမ္ပဏီ အနေနှင့် လုပ်ကွက်ဧက တစ်ရာ ပိုင်ဆိုင်နေပြီး ၂၀၁၄ ခုနှစ်အတွင်း လေးဧကသာ တူးဖော်ပြီးစီးခဲ့ကြောင်း ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ကျောက်စိမ်းတူးဖော်ရာတွင် အပေါ်ယံ မြေလွှာများကို ဖယ်ရှား ရှင်းလင်းပြီးမှသာ ကျောက်စိမ်းများ ရှိတတ်သည့် ကျောက်ကြောများတွင် တူးဖော်ရှာဖွေရခြင်း ဖြစ်သည်။ ၎င်းတို့အနေနှင့် ယင်းသို့ ကျောက်ကြောရောက်လုနီးချိန်မှ ရပ်နားလိုက်ရမည်ကို စိုးရိမ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ယင်းက ခွင့်ပြုထားသည့် အချိန်အတွင်း စက်ယန္တရား အပြည့်အစုံဖြင့် အချိန်မီ လုပ်ကိုင်နေခြင်း၏ အကြောင်းရင်းတစ်ချက် ဖြစ်သည်။
ကျောက်စိမ်းတူးဖော်မှုလုပ်ငန်း လိုင်စင် ရရှိထားသူများ လိုက်နာရန် စည်ကမ်းချက် အမှတ် ၁၈ နှင့် ၁၉ တွင် လုပ်ကိုင်ခွင့်ကို လက်လွှဲကူးပြောင်းခြင်း မပြုရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် ပတ်သက်၍ တိုင်ကြားမှု၊ အငြင်းပွားမှုများ ပေါ်ပေါက်ပါက လုပ်ကွက် ပိတ်သိမ်းမည်ဟု ပါရှိသည်။
“အခုဟာက သဘာဝပတ်ဝန်းကျင် သာမကဘူး။ လူပါ သေနေတော့တာ” ဟု ဦးခင်မောင်မြင့်က ဆိုသည်။
မြေပြိုကျမှု ဖြစ်စဉ်များ၏ ပင်မ အကြောင်းသည် မြေစာပုံ မြင့်မားလွန်းသောကြောင့် ဖြစ်ရာ ရေမဆေးသမားများ ကမူ မြေစာပုံများကို နှိမ့်ချပေးရန် လိုလားသည်။ ကုမ္ပဏီများအနေနှင့် မြေစာပစ်ရန် မြေနေရာကို တစ်ဧကလျှင် ၄၅ သိန်းဖြင့် ဝယ်ယူရခြင်း ဖြစ်ပြီး ယခုအခါတွင် စွန့်ပစ်ရန် မြေနေရာ ရှားပါးလာပြီ ဖြစ်ကြောင်း မြန်မာတကောင်း ကုမ္ပဏီမှ လုပ်ငန်းခွင်ကြီးကြပ်ရေး အရာရှိ တရုတ်အမျိုးသားတစ်ဦးက ပြောဆိုသည်။
ယင်းက မြေစာပုံအမြင့်ကို လျှော့ချပေးရန် မလွယ်ကူဟု ညွန်းဆိုလိုက်ခြင်း ဖြစ်သည်။
လူသေဆုံးမှု၊ သဘာဝဝန်းကျင် ပျက်စီးမှုများအပြင် လာဘ်ပေးလာဘ်ယူ ကိစ္စများကြောင့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ အရေးသည် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးစရာ ဖြစ်လာသည်။
နောက်ဆုံးတွင် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက နည်းလမ်းသုံးခုကို လွှတ်တော်သို့ တင်ပြခဲ့သည်။ လုပ်ငန်းများ ရပ်ဆိုင်းထားရန်၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းရန် သို့မဟုတ် စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရန် စသည်တို့ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် နာယက ကလည်း ယင်းကိစ္စကို အလေးအနက်ထား ဆောင်ရွက်ရန် အစိုးရကို တိုက်တွန်းပြော ဆိုခဲ့သည်။ သို့သော် ကုမ္ပဏီအများစုကမူ လုပ်ငန်းများ ရပ်ဆိုင်းရတော့မည်ကို လွှတ်တော် အသိုင်းအဝိုင်းထက် ကြိုသိနေသည်။ ကုမ္ပဏီများဘက်မှ ထွက်လာသည့် သတင်းများအရ လာမည့်ဇန်နဝါရီ သို့မဟုတ် မတ်လတွင် ကုမ္ပဏီများ ရပ်နားရမည်ဟူ၍။
နှစ်ပေါင်းများစွာ လွှတ်ထားပေးပြီးနောက် ဦးသိန်းစိန် အစိုးရ အာဏာလွှဲပေးရန် နီးချိန်မှ ထိုအရေးကို ကိုင်တွယ်ရန် ကြိုးပမ်းလာသည်။
ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ပြည်တွင်းထုတ် သတင်းဂျာနယ်တစ်စောင်တွင် ဘဏ်စာရင်း ခြောက်ခုကို ဗဟိုဘဏ်က ထိန်းချုပ်လိုက်ကြောင်း ဖော်ပြခဲ့သည်။ ယင်းတို့အနက် နှစ်ခုမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ဖြစ်ပြီး ကျန်လေးခုမှာ ကျောက်မျက် လုပ်ငန်းရှင်များဟု ဖော်ပြထားသည်။
အတည်မပြုနိုင်သည့် သတင်းများအရ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အတွင်းရေးမှူးတို့၏ ဘဏ်စာရင်းများ ဖြစ်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းရာ မဟုတ်မှန်ကြောင်း တာဝန်ရှိသူတစ်ဦးက အတွင်းရေးမှူးကိုယ်စား ဖုန်းလက်ခံ ဖြေဆိုသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာက တစ်စုံတရာ အသိပေး အကြောင်းကြားခြင်း မရှိသေးဟု ဆိုသည်။
ဒီဇင်ဘာလ တတိယပတ်အတွင်းက သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေး ဒုတိယဝန်ကြီး၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ ကျောက်စိမ်းတွင်းများ အရေးနှင့် ပတ်သက်၍ ဖားကန့် ဒေသသို့ လာရောက်ကာ ကြည့်ရှုစစ်ဆေး မည်ဟူ၍ သတင်းများပေါ်ထွက်ခဲ့ရာ ဒေသခံ အချို့က မျှော်လင့် စောင့်ဆိုင်းခဲ့ကြသည်။ သို့သော် ဝန်ကြီးနှင့်အဖွဲ့မှာ မြစ်ကြီးနားမြို့ အထိသာ ရောက်ရှိခဲ့ပြီး ပြန်သွားခဲ့ကြောင်း ဖားကန့်မြို့နယ် NLD ပါတီဝင်များက ဆိုသည်။ လုပ်ငန်းများနှင့် ပတ်သက်သည့် တာဝန် အရှိဆုံး ပုဂ္ဂိုလ်များ သက်ဆိုင်ရာနယ်မြေအထိ ကွင်းဆင်းစစ်ဆေးခြင်း မပြုသည့်အပေါ် ၎င်းတို့က အားရကျေနပ်မှု မပြ။
ဖားကန့်မှ ကျောက်တူးယာဉ်များကို အရေးမယူဘဲ စုံစမ်းရုံသာ စုံစမ်းခြင်းသည် မယောင်ရာ ဆီလူးခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA နှင့် ဒီမိုကရေစီခရီးကြမ်း အစီအစဉ်တွင် ပြောဆိုလိုက်သည်။
“မယောင်ရာဆီလူးတဲ့ ကိစ္စတွေ၊ ဒါဟာ လုပ်နေကျကိစ္စတွေပဲ” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် ယန္တရားများ လုပ်ငန်းလိုင်စင် ပြုလုပ်ထားခြင်း ရှိ မရှိကို ပြည်ထဲရေး ဒုတိယဝန်ကြီး၊ ရထားပို့ဆောင်ရေး ဒုတိယဝန်ကြီးနှင့် ဘဏ္ဍာရေး ဝန်ကြီးတို့ အပါအဝင် အထူးစုံစမ်းစစ်ဆေးမှု ဦးစီးဌာနမှ အရာရှိများကလည်း မြစ်ကြီးနားသို့ ရောက်ရှိကာ စစ်ဆေးနေကြောင်း Eleven သတင်းဌာနက ရေးသားထားသည်။
စက်ယန္တရား အလွန်အကျွံသုံးစွဲမှု၊ သဘာဝပတ်ဝန်းကျင်ကို ဂရုမထားမှု၊ လာဘ်ပေးလာဘ်ယူ ပြဿနာ၊ ရွှေ့ပြောင်း လုပ်သားများ အတားအဆီးမရှိ ဝင်ထွက်နေမှု၊ မူးယစ်ဆေး၊ တရားဥပဒေစိုးမိုးရေး၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်း ရေးကိစ္စ စသည်များနှင့် ရှုပ်ထွေးလျက်ရှိသည့် ရတနာနယ်မြေအရေး ဖြစ်သည်။ ယင်းက သယံဇာတကျိန်စာ အမှန်တကယ်ပင် သင့်နေခြင်းဖြစ်ကြောင်း လူများစွာက မှတ်ချက်ပြုသည်။
ဖားကန့်မှ ယာဉ်ယန္တရား အရေအတွက်သည်လည်း မသိကိန်း။ ကန်ကြီးများပင် ဖြစ်လာပြီဖြစ်သော တောင်ကုန်းများမှ ကျောက်စိမ်းမည်မျှ ထွက်နေသည်၊ မည်မျှ ရောင်းချနေရသည် ဆိုသည်လည်း မသိကိန်း။ နောက်ဆုံး ဖားကန့်သင်္ချိုင်းမြေတွင် အလောင်းမည်မျှ ရှိနေသည်ဆိုသည်လည်း မသိကိန်း။
နောက်တက်မည့် အစိုးရကို ထိုစာရင်းပျောက် အင်းပျောက် မသိကိန်းများက စောင့်ကြိုနေသည်။
လက်ခံ ရှင်းမည့်သူများတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ရွေးကောက် တင်မြှောက်ခံထားရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပါဝင်သည်။
“ဒီကောင်တွေ (အရင်လူတွေ) ရှုပ်ချင်သလို ရှုပ်ထားတာ၊ ငါတို့က ဘယ်ကစ ရှင်းရမလဲ မသိတော့ဘူး” ဟု သူက ဆိုလေသည်။
အောင်မျိုးထ
- See more at: http://thevoicemyanmar.com/index.php/article/item/9487-srp#sthash.k5cB4d9u.dpuf
No comments:
Post a Comment