Wednesday, December 9, 2015

ISIS အဖွဲ့ဝင်များရောက်မလာရေး ကြိုတင်ပြင်ဆင်ထားပြီးဟုဆို

ISIS အဖွဲ့ဝင်များရောက်မလာရေး ကြိုတင်ပြင်ဆင်ထားပြီးဟုဆို

မန္တလေး၊ဒီဇင်ဘာ၈

ကမ္ဘာ့နိုင်ငံအများစုတွင် အကြမ်းဖက်မှုများဆောင်ရွက်လျက်ရှိသော အစ္စလာမ္မစ်နိုင်ငံတော် (ISIS) အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ရောက်ရှိလာပါက ချက်ချင်းသိနိုင်ရန်နှင့် လုံခြုံရေးအတွက်အသင့်ဖြစ်နေရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အကြီးတန်းအရာရှိတစ်ဦးကပြောကြားသည်။

မြန်မာနိုင်ငံတွင် IS အဖွဲ့ဝင်များကို လက်ခံထားနိုင်သောအဖွဲ့အစည်းမရှိသကဲ့သို့ မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များကလည်း ၎င်းတို့၏အယူအဆများကိုလက်မခံကြသဖြင့် IS တို့သည် ၎င်းတို့ကိုလက်ခံနိုင်သော အဖွဲ့အစည်းရှိသော နိုင်ငံအများစုတွင်သာ ဝင်ရောက်နိုင်ခြင်းဖြစ်သည်ကို လက်ရှိနိုင်ငံတကာအခြေအနေများအရသိနိုင်ကြောင်း ၎င်းကရှင်းလင်းပြောဆိုသည်။

“လက်ရှိမြန်မာနိုင်ငံမှာက သူတို့ကိုလက်ခံတဲ့အဖွဲ့မရှိဘူး။ သူတို့ကသူတို့ရဲ့အယူအဆတွေကို လက်ခံတဲ့သဘောတူတဲ့ အစ္စလာမ်ဘာသာဝင်အဖွဲ့အစည်းတွေရှိမှ သူတို့ကဝင်ရောက်နေကြတာပါ”ဟု အဆိုပါအကြီးတန်းအရာရှိကဆိုသည်။

မြန်မာနိုင်ငံမြို့အသီးသီးတွင် ဘာသာပေါင်းစုံပါဝင်သော ချစ်ကြည်ညီညွတ်ရေးအသင်းများ၏ လုပ်ဆောင်နေမှုများကလည်း မြန်မာနိုင်ငံအတွက် IS တို့ဝင်ရောက်လာမည့် အန္တရာယ်တားဆီးရာတွင် အင်အားတစ်ခုဖြစ်ကာ ပြည်တွင်းရှိအစ္စလာမ်ဘာသာဝင်များက အခြားဘာသာဝင်များနှင့် တတ်နိုင်သမျှချစ်ကြည်ညီညွတ်စွာနေထိုင်ကြသည်ကလည်း IS တို့ဝင်ရောက်ရာတွင် အဟန့်အတားတစ်ခုဖြစ်နေလိမ့်မည်ဟုတွေ့ရှိရကြောင်း ၎င်းကသုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏မဟာမိတ်နိုင်ငံများအနေနှင့်လည်း မြန်မာနိုင်ငံသို့ IS များဝင်ရောက်လာနိုင်သည့် အခြေအနေများကို သတင်းပေးပို့ဖလှယ်နိုင်ရန် သဘောတူညီမှုများပြုလုပ်ထားပြီး ပြည်တွင်းအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့များကလည်း ဝင်ရောက်လာခဲ့ပါက တားဆီးနိုင်ရန်ပြင်ဆင်မှုအပြည့်အဝလုပ်ဆောင်ထားကြောင်း အဆိုပါအကြီးတန်းအရာရှိကရှင်းလင်းပြောကြားသည်။

“သူတို့တွေ (IS)ရဲ့ယုံကြည်ချက်၊ ခံယူချက်တွေဟာ ဒီမှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး။မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးငါးခုကလည်း သူတို့နဲ့ဘာမှမဆိုင်ဘူးလို့ အတိအလင်းကြေညာထားပြီးသားပါ။ ကျွန်တော်အပါအဝင်အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်။ မြန်မာပြည်သူရဲ့အသက်အိုးအိမ်၊စည်းစိမ်ကို နိုင်ငံသားတစ်ယောက်မှာရှိတဲ့တာဝန်အရ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပေါင်းပြီးကာကွယ်ရမှာပါ”ဟု မိတ္ထီလာခရိုင်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အတွင်းရေးမှူးဦးဆန်းဝင်းရှိန်ကဆိုသည်။

မြန်မာ့အိမ်နီးချင်းနိုင်ငံများတွင် IS အကြမ်းဖက်အဖွဲ့ဝင်များဝင်ရောက်နေပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် ထိုင်းငံနိုင်ငံအတွင်း IS အဖွဲ့ဝင် ဆီးရီးယားနိုင်ငံသား၁၀ဦး လှုပ်ရှားသွားလာလျက်ရှိပြီး ထိုင်းနိုင်ငံအတွင်းရှိ ရုရှားနိုင်ငံ၏အကျိုးစီးပွားလုပ်ငန်းများကို တိုက်ခိုက်ရန်ပစ်မှတ်ထားဝင်ရောက်လာခြင်းဖြစ်ကြောင်း ထိုင်းငံနိုင်ငံရဲတပ်ဖွဲ့ကတရားဝင်ကြေညာထားသည်။

No comments: