ကချင်ပြည်နယ် တြိဂံဒေသ၏ ငြိမ်းချမ်းရေး စိန်ခေါ်သံ
===============================
ကချင်ပြည်နယ်အတွင်း မေခနှင့် မလိခဖြစ်ကြောင်းကြားရှိ ဒေသကို တြိဂံဒေသဟု ခေါ်ဝေါ် ကြပြီး ၎င်းဒေသအတွင်း KIA တပ်မဟာ (၁) ဌာနချုပ်အခြေစိုက်ကာ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားနေသော နယ်မြေလည်းဖြစ်သည်။ ထိုတြိဂံဒေသသည် အလွန်အေးသော တောင်ပေါ် ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာလည်း တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းပြု နေထိုင်ကြသည်။
ထိုသို့ ရိုးသားစွာနေထိုင်ကြသော တောင်ပေါ်ဒေသခံပြည်သူများကို KIA ခေါင်းဆောင် များက KIA လက်နက်ကိုင်တပ်ဖွဲ့အတွင်းသို့ အတင်းအဓမ္မ ဆွဲသွင်းပြီး လက်နက်ကိုင်စေကာ မှားယွင်းသောလမ်းကြောင်းပေါ်ကို တွန်းတင်ပေးခဲ့ကြသည်။ ထိုဒေသရှိ အချို့ကျေးရွာများမှာ ရွာလုံးကျွတ် KIA ထဲသို့ဝင်ရပြီး၊ ဒေသထွက် ကောက်ပဲသီးနှံများကိုလည်း KIA စခန်းများသို့ လစဉ် နှစ်စဉ် ပေးပို့ရသည်ဟု ဒေသခံများမှ ဆိုသည်။
ထိုဒေသသည် တောင်ပေါ်ဒေသဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ခတ်ခဲခြင်းကြောင့် ကျေးရွာများမှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး အသိညဏ်ဗဟုသုအပိုင်းမှာလည်း အားနည်းကြ သည့်အချက်ကို KIA မှ အခွင့်ကောင်းယူကာ အသုံးချခဲ့ကြသည်။ မြစ်ကြီးနားနှင့် တြိဂံဒေသသို့ ဆက်သွယ်သော လမ်းကြောင်းကိုလည်း KIA ရင်း (၇) မှ ဖြတ်တောက်ရန်အတွက် ကြိုးစားလာ ခြင်းကြောင့် အစိုးရတပ်များမှ သတိပေးကာ မရတဲ့အဆုံး တိုက်ထုတ်ပစ်ခဲ့သည်ဟု သိရသည်။
ယခုအခါ အဆိုပါတောင်ပေါ်ဒေသများအထိ လျှစ်စစ်မီးများရရှိရေး ဆောင်ရွက်နေပြီး သဘာဝပတ်ဝန်းကျင် အလှတရားများကြောင့် နံမည်ကြီးကာ ပြည်တွင်း/ပြည်မှ ကမ္ဘာလှည့် ခရီးသည်များ၊ ခရီးသွားပြည်သူများ၊ လာရောက်သူများ ပြားလာခဲ့သည်။ ယခင်ကမရရှိခဲ့သော အတွေ့အကြုံများ၊ ပျော်ရွင်မှုများ မျှော်လင့်ချက်များ တဖြည်းဖြည်းရရှိလာကာ ငြိမ်းချမ်းရေး ဟူသော အနှစ်သာရကို ဒေသခံများ၏ရင်ထဲတွင် ပေါက်ဖွားလာခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလလည်ပိုင်းက တြိဂံဒေသအတွင်းရှိ ဒေသခံပြည်သူများမှ တောင်းဆိုချက်အရ KIA တပ်မဟာ ၁ ဌာနချုပ်နှင့် တပ်ရင်းဌာနချုပ်များတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ စစ်သည်များ၊ မိသားစုဝင်များနှင့် ဘာသာရေးဆရာများ၊ ကျေးရွာဒေသခံများ တက်ရောက်ခဲ့ကြကြောင်း ကြားသိရသည်။
ထိုဆွေးနွေးပွဲတွင် တပ်ရင်းဌာနချုပ်အသီးသီးမှ စစ်သည်များနှင့် မိသားစုဝင်များမှာ အမှန်တကယ် ငြိမ်းချမ်းရေး လက်မှတ်ထိုးမည်ဆိုပါက ပါဝင်စေချင်ကြောင်း၊ မိမိတို့အနေဖြင့် မိသားစုနှင့်အတူ မွေးရပ်မြေများတွင် အေးချမ်းစွာသွားရောက်လုပ်ကိုင် စားသောက်ချင်နေပြီ ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဘာသာရေးဆရာများနှင့် ကျေးရွာ ဒေသခံ ရပ်မိရပ်ဖများကလည်း မိမိတို့ဒေသသည် ဝေးလံခေါင်ပါးသောဒေသဖြစ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အလှမ်းဝေးနေသည်ဆိုသော်လည်း အမှန်တကယ်ငြိမ်းချမ်းမည်ဆိုပါက ပါဝင်ရန်အတွက် တိုက်တွန်းပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
KIA တပ်မဟာ (၁) တပ်မဟာ ဌာနချုပ်နှင့် တပ်ရင်းအသီးသီးမှ ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပက်သက်၍ လိုလားကြောင်း၊ တိုက်တွန်းကြောင်း တစ်သံတည်းထွက်နေသဖြင့် တပ်ရင်းလိုက်မှ တင်ပြချက်များကို စစ်တမ်းကောက်ယူ၍ ဗဟိုဌာနချုပ်သို့ တင်ပြပေးမည်ဟု ပြန်လည်ပြောကြား ခဲ့ကြောင်းလည်း အစည်းအဝေးတက်ရောက်သူ ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။
သို့ဖြစ်၍ KIA တပ်မဟာ (၁) ဒေသ (တြိဂံဒေသ) အတွင်းရှိ ဒေသခံပြည်သူများ၊ တပ်ရင်း အသီးသီးမှ စစ်သည်မိသားစုဝင်များ အားလုံးက ငြိမ်းချမ်းရေးကို လိုလားတောင့်တနေပြီဖြစ်သဖြင့် တင်ပြချက်များကို ဗဟိုဌာနချုပ်မှ ပယ်ချမလား၊ စဉ်းစားပေးမလားဆိုတာကို စောင့်နေကြသည်ဟု ဆက်လက်သိရှိရသည်။
By Voice Of Kachin
ပုံ။ ။ (၂၀၁၅ခုနှစ်) မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းပေါ်ရှိ KIA မိုင်းခွဲ၊မီးရှို့ ဖျက်ဆီးခဲ့သော တံတား (၄) စင်း
No comments:
Post a Comment