ဖားကန့်၌ မြေစာပုံပြိုကျမှု မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် မန္တလေး ကျောက်စိမ်းဈေးကွက်တွင် ကုန်ကြမ်း ၀င်ရောက်မှုနည်းကာ အရောင်းအ၀ယ်အေးနေ
Published on Sat, 12/19/2015 - 20:27
မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းအား ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်
ဖားကန့်တွင် မြေစာပုံပြိုကျမှု မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် မန္တလေး ကျောက်စိမ်းဈေးကွက်တွင် ကုန်ကြမ်းဝင်ရောက်မှု နည်းပါးကာ အရောင်းအ၀ယ် အေးနေကြောင်း သတင်း ရရှိသည်။
ရေမဆေး ရှာဖွေသူများ၏ ကျောက်များကိုသာ အဓိက အားထားနေရသည့် မန္တလေး မဟာအောင်မြေ ကျောက်စိမ်းဈေးသို့ ကျောက်စိမ်း ၀င်ရောက်မှုမှာလည်း ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း၊ တရုတ်ဈေးကွက် အဓိက အားထားနေရသည့် ယင်းဈေးတွင် တရုတ် နှစ်သစ်ကူးနားနီးချိန် အရောင်းအ၀ယ်မှာ အေးနေကြောင်း စုံစမ်း သိရသည်။
“ကုမ္ပဏီတွေက အလုံးအရင်းနဲ့ တူးဖော်နေတဲ့ ကျောက်တွေက သူ့လမ်းကြောင်းနဲ့ သူသွားမှာ။ မန္တလေး ဈေးကွက်က ရေမဆေး သမားတွေရဲ့ ကျောက်နဲ့ တစ်နိုင်တူးသူတွေ ကျောက်ကို အားထားနေရတာ။ ဖားကန့်မှာ မြေစာပုံပြိုကျမှု မကြာခဏ ဖြစ်နေတော့ ကျောက်ကုန်ကြမ်း အ၀င်က နည်းနေတယ်။ အရောင်းအ၀ယ် မဖြစ်တာ၊ ဈေးမရတာက နှစ်နှစ်ကျော်ပြီလေ” ဟု ရတနာသန့်စင် ကျောက်မျက် ရောင်းဝယ်ရေးမှ ဦးသန့်စင်က ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက် မနက်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စုနှင့် ဆိမ်မှုအုပ်စုကြားရှိ ဆန်ခတ်ကူး ကျေးရွာအပိုင်းရှိ စွန့်ပစ်မြေစာပုံ ပြိုကျရာ တဲ ၇၀ ခန့် မြေအောက်ရောက်ရှိပြီး လူ ၂၀၀ ၀န်းကျင် ပျောက်ဆုံးနိုင်ကြောင်း ဒေသခံများက ဆိုသော်လည်း ၁၁၄ ဦး တူးဖော်ပြီးနောက် နိုဝင်ဘာ ၂၅ ရက်၌ တူးဖော်မှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
လုံးချင်းကျေးရွာတွင် ကျောက်စိမ်း ရောင်းဝယ်သူ ဦးထိန်လင်းက “မြေစာပုံပြိုကျမှု ဖြစ်ထားတော့ ကျောက်ဝယ်ရတာ ရှားပြီး ဈေးကြီးသွားတာပေါ့။ ဒီမှာတင် ကျောက်က ဈေးကြီးနေတော့ မန္တလေးပို့ဖို့ နည်းသွားတယ်” ဟု ဆိုသည်။
အမရပူရမြို့နယ် ဆင်ရွာမြင်းမူ ကျေးရွာတွင် ကျောက်စိမ်းနှင့် တွင်းထွက် ကျောက်မျက်ရတနာဈေးကို တည်ဆောက်နေကာ မဟာအောင်မြေ ကျောက်စိမ်း ရောင်းဝယ်ရေး စခန်းမှ ကုန်သည်များ အနေဖြင့် စိတ်ဝင်စားမှု နည်းပါးနေကြောင်းလည်း သိရသည်။
တရုတ်ဝယ်လိုအား တစ်ခုကိုသာ မှီတည်နေရသော မြန်မာ့ ကျောက်စိမ်းဈေးကွက်သည် အရောင်းအ၀ယ် အေးစက်ကာ ဈေးပေးဝယ်ယူမှု နည်းပါးနေသည်မှာ သုံးနှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း တရုတ်နိုင်ငံ တစ်ခုသာ ၀ယ်ယူသည့် ကျောက်မျက်ပြပွဲမှ အနောက်နိုင်ငံများပါ လာရောက် ၀ယ်ယူနိုင်သည့် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ပြပွဲကို နေပြည်တော်တွင် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ပေးခဲ့သည်။
Writer:
ယဉ်မျိုးသွယ်
No comments:
Post a Comment