ကလေး- မန္တလေး ခရီးသည်တင်ယာဉ်ဖြင့်လိုက်ပါမည့် အမျိုးသားတစ်ဦးထံမှ ဆူဒိုအက်ဖီဒရင်းဆေးပြား ခုနှစ်သိန်းကျော် ဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့မှ မန္တလေးမြို့သို့ပြေး ဆွဲသော ကျော်ဇေယျယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် လိုက်ပါမည့် အသက် ၄၄ နှစ်အရွယ် ခရီးသည်အမျိုးသားတစ်ဦး၏ ခရီးဆောင်အိတ်များအတွင်းမှ စိတ်ကြွဆေးပြားထုတ်ရာတွင် အသုံးပြုသည့် ဆူဒိုအက်ဖီဒရင်းဆေးပြား ခုနှစ်သိန်းကျော်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
တာဝန်သိပြည်သူတစ်ဦးက မသင်္ကာဖွယ်ရာလူတစ်ဦးကို အထုပ်များနှင့်အတူတွေ့ရသည်ဟု အကြောင်းကြားခဲ့သဖြင့် ကလေးမူးယစ်တပ်ဖွဲ့စု (၅) မှ သွားရောက်စစ်ဆေးရာ အိတ်သုံးအိတ်အတွင်း ခွဲထည့်ထားသော ဆေးပြားများကို တွေ့ရှိခဲ့ ရခြင်းဖြစ်ကြောင်း၊ ပလပ်စတစ်အိတ်အမဲများဖြင့် ထုတ်ထားသော ဆူဒိုအက်ဖီဒရင်းအပြား ကိုးထောင်ပါအထုတ် ၇၈ ထုပ်၊ အပြားရေ စုစုပေါင်း ၇၀၂၀၀၀ ပြားကို ခရီးဆောင်အိတ်သုံးအိတ်အတွင်းခွဲ၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း နယ်မြေရဲတပ်ဖွဲ့စခန်းမှ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံ တင်ပြသော သတင်းများတွင် ဖော်ပြထားသည်။
ထိုသို့ ခရီးသည်ဟန်ဆောင်၍ ဆေးပြားများသယ်ဆောင်ရန်ကြံစည်ခဲ့ သူမှာ ကလေးမြို့ ရှားတောရွာမှ အသက် ၄၄ နှစ် အရွယ်ရှိ ဟရင်နယ်ပြောင်း ဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းကိုစစ်ဆေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
No comments:
Post a Comment