Wednesday, December 16, 2015

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက် ၂၃ လမ်းတွင် ယနေ့ (ဒီဇင်ဘာလ ၁၆ ရက်နေ့) နံနက် ၁၁ နာရီခန့်က အရက်သောက်ထားသည့် အမျိုးသားတစ်ဦးသည် အိမ်ကိုမီးရှို့ကာထွက်ပြေးသွားကြောင်း ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

"ကိုနေဇော်က မနက်လင်းကတည်းက အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးနေတာ၊ သူအိမ်ထဲကနေ ထွက်ပြေးသွားတာတွေ့တော့ အိမ်ရှေ့တဲက မီးလောင်နေတယ်။ ခင်ဗျားအိမ်မီးလောင်နေတယ်လို့ပြောတာကို မီးမငြှိမ်းဘဲ ထွက်ပြေးသွားတယ်။ အိမ်နီးနားချင်းတွေ ဝိုင်းငြှိမ်းလို့ ကျန်တဲ့အိမ်တွေ မီးမကူးတာ" ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ မီးလောင်မှုကြောင့် သုံးပင်ပတ်လည်ဝါးကပ်မိုး ထရံကာအိမ်တစ်လုံးနှင့် အိမ်တောင်ဘက်အမိုးအကာတစ်ခု လောင်ကျွမ်းသွားကြောင်း ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူးဦးကျော်နိုင်က ပြောသည်။

အိမ်ကို မီးရှို့သည်ဟု စွပ်စွဲခံရသူမှာ အမှတ် ၁၁ ရပ်ကွက်၊ ၂၃ လမ်းတွင် နေထိုင်ပြီး ကျပန်းအလုပ်လုပ်ကိုင်သည့် ဦးနေဇော်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်ရက်က ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ရာမှ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အရက်သောက်ထားသည့်အရှိန်ဖြင့် အိမ်တွင်းရှိ ပစ္စည်းများကို ရိုက်ခွဲပြီး အိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မီးရှို့မှုနှင့် ဦးနေဇော်ကို (ပ)၄၅၈/၂၀၁၅ ပြစ်မှုပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားကြောင်း ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

(ဓာတ်ပုံ-နေလင်းဖြူ)

No comments: