Wednesday, December 16, 2015

ရွေးကောက်ပွဲဝင်ခဲ့သည့်ပဲခူးတိုင်း MJA ဥက္ကဋ္ဌအပါအဝင်သုံးဦးကိုဗဟိုအလုပ်အမှုဆောင်အဖွဲ့အရေးယူမည်

ရွေးကောက်ပွဲဝင်ခဲ့သည့်ပဲခူးတိုင်း MJA ဥက္ကဋ္ဌအပါအဝင်သုံးဦးကိုဗဟိုအလုပ်အမှုဆောင်အဖွဲ့အရေးယူမည်

နိုင်ငံရေးပါတီများကိုယ်စားပြုပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အဖြစ် ရွေးချယ်ခံခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(MJA)၏ ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးစိန်လှိုင်ဗိုလ်အပါအဝင် သုံးဦးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆုံးဖြတ်ချက်ဖြင့် အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဗဟိုဥက္ကဋ္ဌ ဦးသီဟစောက ဆိုသည်။

"ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာများအသင်းဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတစ်ဦး အပါအဝင် အတွင်းရေးမှူးကို အရေးယူဖို့ ပြီးခဲ့တဲ့အောက်တိုဘာလ ကတည်းက စည်းမျဉ်းနှင့်ကျင့်ဝတ်ဆိုင်ရာ ဗဟိုကော်မတီထံကို အကြောင်းကြားစာပေးပို့ထားတယ်" ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးသတင်းစာဆရာများ အသင်းဥက္ကဋ္ဌ ဦးစိန်လှိုင်ဗိုလ်ထံ ယနေ့ (ဒီဇင်ဘာလ၁၆ရက်နေ့) ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသောကြောင့် မေးမြန်းခွင့် မရခဲ့ပေ။

MJA စည်းမျဉ်းနှင့်မကိုက်ညီသော်လည်း ရွေးကောက်ပွဲကော်မရှင် ဥပဒေများနှင့် မငြိစွန်းသောကြောင့် ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာများအသင်း၏ ဥက္ကဋ္ဌရာထူးမှနုတ်ထွက်မည် မဟုတ်ကြောင်း ဦးစိန်လှိုင်ဗိုလ်က ရွေးကောက်ပွဲမတိုင်မီ The Voice  သို့ပြောကြားဖူးသည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်း စည်းမျဉ်းစည်းကမ်းများနှင့် အရေးယူခံရမည့်သူများမှာ ဥက္ကဋ္ဌဦးစိန်လှိုင်ဗိုလ်၊ ဒုတိယဥက္ကဋ္ဌဦးဆွေနှင့် အတွင်းရေးမှူးဦးသိန်းဝင်းတို့ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဗဟိုကထုတ်ပြန်ထားသည်။

No comments: