Friday, December 25, 2015

လိပ်ကျွန်းလူသတ်မှု စီရင်ချက်မှာ ထိုင်းစစ်အစိုးရ၏ ဂုဏ်သိက္ခာအတွက် မြန်မာလုပ်သားနှစ်ဦး စတေးခံလိုက်ရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ပြောဆို

လိပ်ကျွန်းလူသတ်မှု စီရင်ချက်မှာ ထိုင်းစစ်အစိုးရ၏ ဂုဏ်သိက္ခာအတွက် မြန်မာလုပ်သားနှစ်ဦး စတေးခံလိုက်ရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ပြောဆို

 Published on Fri, 12/25/2015 - 00:17

လိပ်ကျွန်းလူသတ်မှုတွင် စွဲချက်အတင် ခံထားရသည့် မြန်မာနှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု အပါဝင် ပုဒ်မခုနစ်ခု တို့အတွက် ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွီခရိုင် တရားရုံးမှ သေဒဏ်ချမှတ်လိုက်ခြင်းမှာ ထိုင်းစစ်အစိုးရ၏ ဂုဏ်သိက္ခာအတွက် ဇောင်းပေးဆောင်ရွက်ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ပူးတွဲလှုပ်ရှားမှု ကော်မတီမှ ပြောဆိုလိုက်သည်။

“ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ မရိုးသားမှု၊ လုပ်ကြံဖန်တီးမှုကို အားလုံးသိကြတယ်။ သို့ပေမဲ့ တိကျတဲ့ သက်သေတော့ မရှိဘူး။ ထိုင်းနိုင်ငံရဲ့ မှုခင်းပညာရှင်၊ ဥပဒေပညာရှိင်တွေက ဒီမြန်မာအလုပ်သမား နှစ်ဦးကို တရားသေလွှတ်ပေးဖို့ အကြိမ်ကြိမ် ပြောထားခဲ့ပေမယ့် ထိုင်းအစိုးရ၊ သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် ဇောင်းပေးပြီး ရွေးချယ်သွားတယ်လို့ မြင်ပါတယ်။ ဂုဏ်သိက္ခာအတွက် တို့မြန်မာနှစ်ယောက် စတေးခံလိုက်ရတာပါ” ဟု ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးက ပြောကြားသည်။

လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် စွဲချက်အတင် ခံထားရသည့် မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက် (ယနေ့) နံနက်က ကော့စမွီခရိုင် တရားရုံးက လူသတ်မှု၊ မုဒိမ်းမှုတို့ အပါအ၀င်ပုဒ်မ ခုနစ်ခုတို့အတွက် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအလုပ်သမားနှစ်ဦး သေဒဏ်ချမှတ် ခဲ့ခြင်းအတွက် ထိုင်းနိုင်ငံ ဗဟိုတရားလွှတ်တော်သို့ ခုနစ်ရက်အတွင်း အယူခံ တင်သွင်းသွားမည် ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးကျော်သောင်းက ပြောကြားသည်။

“ဒီနေ့မနက်မှာပဲ ကော့စမွီခရိုင် တရားရုံးမှာ တရားသူကြီးက မနက် ၉ နာရီခွဲကနေ ၁၀ နာရီခွဲအထိ တစ်နာရီကျော်ကြာ စစ်ချက်တွေကို ဖတ်ပြီးတော့ အမှုခုနစ်မျိုးအတွက် သေဒဏ်ချမှတ် လိုက်ပါတယ်။ မြန်မာနိုင်ငံ တရားစီရင်ရေး ပုံစံအရဆိုရင် မသေမချင်း သတ်စေဆိုတဲ့ အမိန့်ပုံစံပါပဲ” ဟု ပြောကြားသည်။

မြန်မာရေပိုင်နက်ထဲတွင် ထိုင်းနိုင်ငံသား ၉၂ ဦးနှင့်လက်နက်၊ သစ်များအား ဖမ်းဆီးခဲ့သော်လည်း မြန်မာအစိုးရ အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး ပြန်လည်လွှတ်ပေး ခဲ့ကြောင်း၊ မြန်မာအလုပ်သမား နှစ်ဦးအား ခိုင်လုံသည့် အထောက်အထား မရှိဘဲ သေဒဏ်ပေးလိုက်ခြင်းမှာ မြန်မာအစိုးရအပေါ် စိန်ခေါ်မှု တစ်ခုသာ ဖြစ်ကြောင်း ဦးကျော်သောင်းက ပြောကြားသည်။

ယခုစီရင်ချက် ချမှတ်လိုက်သည့် တရားစီရင်ရေးသည် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မြန်မာနိုင်ငံမှာ တင်မက ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသော မြန်မာနိုင်ငံသားများ အားလုံး တစ်စုံတစ်ရာ သွေးစည်းညီညွတ်မှု ဖြစ်စေကြောင်း ဦးမိုးကြိုးက ပြောကြားသည်။

Writer: 

ကိုရွှေသိန်း

No comments: