အသစ်ဖွင့်လှစ်မည့်ကျောက်မျက်ဈေးသစ် ဆိုင်ခန်းဝယ်ယူခွင့်ယူထားသူများ ကြိုတင်ငွေပေးသွင်းသူနည်း၍ နောက်ဆုံးသတ်မှတ်ရက် ထပ်တိုး
မန္တလေး၊ဒီဇင်ဘာ ၁၉
အသစ်ဖွင့်လှစ်မည့် မန္တလေးမြို့ကျောက်စိမ်းနှင့်တွင်းထွက်ကျောက်မျက်ရတနာဈေးအတွင်း ဆိုင်ခန်းဝယ်ယူခွင့်စလစ် ယူထားသူများ ကြိုတင်ငွေ ပေးသွင်းသူနည်း၍ကြိုတင်ငွေ ပေးသွင်းခြင်း နောက်ဆုံးရက်ကို ဒီဇင်ဘာလ ၃၁ရက်နေ့သို့ သတ်မှတ်ရက်ထပ်မံတိုးပေးထားရကြောင်း ကျောက်စိမ်း ကျောက်မျက်ဈေးသစ် ဆိုင်ခန်းနေရာချထားရေး အဖွဲ့ ဥက္ကဌ ဦးဇော်ဇော်က ပြောကြားလိုက်သည်။
ဆိုင်ခန်းဝယ်ယူခွင့်စလစ်ကို မဟာအောင်မြေ ကျောက်ဝိုင်းမှ ကျောက်ကုန်သည်များအား ဦးစားပေး ရောင်းချနေခြင်းဖြစ်ပြီး သတ်မှတ်နောက်ဆုံးရက်ကျော်လွန်ပါက ဝယ်ယူခွင့် ပျက်ပြယ်မည်ဖြစ်ကြောင်းနှင့် မည်သူ့ကိုမဆို ရောင်းချပေးမှာဖြစ်ကြောင်း ကျောက်စိမ်းကျောက်မျက်ဈေးသစ်ဆိုင်ခန်းများ ရောင်းချပေး နေသည့်တက်လမ်းကုမ္မဏီနင့် ဆိုင်ခန်းနေရာချထားရေး အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“ငွေသွင်းတဲ့လူတွေနည်းတော့ တိုင်းဒေသကြီးအစိုးရကိုတင်ပြပြီး တိုင်းဒေသကြီးအစိုးရက ဒီဇင်ဘာလကုန်အထိ ထပ်တိုးပေးလိုက်တာပါ။ အခုက လာလေ့လာနေတာ တွေလည်းရှိပါတယ်” ဟု ဦးဇော်ဇော်က ပြောသည်။
နေ့စဉ်လာရောက်ကြည့်ရှုလေ့လာသူ ကျောက်ကုန်သည် ၃၅ဦးခန့်ရှိနေပြီး ငွေသွင်းရန် ဘဏ်ချလန်ထုတ်သွားသူ ၅၀ဦးခန့်ရှိနေကြောင်းနှင့် စလစ်ရရှိထားသူ တစ်ထောင်ကျော်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
“သွားရေး လာရေးကလည်းအဆင်မပြေဘူးဝေးတယ်၊ အခုအရောင်းအဝယ်ကလည်းအေးတယ်။ ဒီလောက်ငွေ Amount (ပမာဏ) လည်းမရင်းနိုင်ဘူး။ အစကထင်ထားတဲ့ဈေးနဲ့လွဲနေတယ်။ ဈေးကြီးတော့ ဒီလောက်မတတ်နိုင်ဘူး”ဟု စလစ်ယူထားသူ ရွှေလိပ်ပြာကျောက်ရောင်းဝယ်ရေးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
လူနေဆိုင်ခန်းပေ ၂၀×၃၀ သုံးထပ်ခွဲအတွက် ကြိုတင်ပေးသွင်းငွေ ကျပ်သိန်း ၅၀၀နှင့်ပေ ၃၀×၃၅ သုံးထပ်ခွဲဆိုလျှင် ကျပ်သိန်း၈၀၀ ပထမအရစ်ပေးသွင်းရပြီး နှစ်ထပ်ဈေးဆိုင်ခန်း ပေ၁၂×၁၂ တစ်ခန်းလျှင် ကျပ်သိန်း၁၅၀၊ ပေ ၁၀×၁၂၊ပေ ၈×၁၂ တစ်ခန်းလျှင် ကျပ်သိန်း၁၀၀ကို ပထမအရစ်ပေးသွင်းရမည်ဖြစ်ပြီး လက်ရှိငွေပေးသွင်းသူ ဦးရေ မပြောနိုင်သေးကြောင်း၊ စလစ်ယူထားသူအားလုံးမပေးသွင်းရသေးကြောင်း၊ ဇန်နဝါရီလ ၁ရက်နေ့တွင် ကြိုတင်ငွေပေးသွင်းပြီးသူများကို ဆိုင်ခန်းများ မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးကျော်ထူးအောင်ထံမှ စုံစမ်းသိရှိရသည်။
“စိတ်ဝင်စားမှုနည်းတာက ကျောက်ဝိုင်းကဈေးကွက်အေးနေတာကော ကျောက်သမားတွေ လက်ထဲမှာလည်းငွေမရှိကြဘူး။ ကျွန်တော်ကတော့ စလစ်ယူမထားဘူး ၊ တော်တော်များများလက်ထဲ ငွေမရှိကြတာလည်းများတယ်”ဟု လမင်းမေ ကျောက်မျက်ရောင်းဝယ်ရေးမှ ဦးဆွေကပြောသည်။
No comments:
Post a Comment