Tuesday, December 8, 2015

နှလုံးသားနှင့် မြင်အောင်ကြည့်ပါ

နှလုံးသားနှင့် မြင်အောင်ကြည့်ပါ

တချို့ကိစ္စတွေမှာ မြင်ရုံနဲ့သိနိုင်ပေမယ့် မျက်စိနဲ့ ကြည့်လို့ မမြင် နိုင်တဲ့ အရာတွေလည်း လောက ကြီးမှာရှိတယ်။ အထူးသဖြင့် မမြင်ရတဲ့အကြောင်းအရာတော်တော် များများကို နှလုံးသားနဲ့ခံစားလိုက် မှ မြင်ရတတ်တာမျိုးဆိုပါတော့။

အခုတစ်လော သတင်းစာ တွေထဲ၊ ဂျာနယ်တွေထဲမှာ မပြတ် တမ်းပါနေတဲ့ ရာဇဝတ်မှုတော် တော်များများမှာ တရားခံတွေဟာ လူငယ်တွေဖြစ်နေတဲ့ကိစ္စ၊ ဘယ် လောက်ငယ်သလဲဆို (၂၀) မ ကျော်တဲ့ ဆယ်ကျော်သက်တွေ။ ဥပမာ အွန်လိုင်းမှာ အတော်ကြာ ဂယက်ရိုက်ခဲ့တဲ့ လှိုင်သာယာ လက်ဖက်ရည်ဆိုင်ထဲက လူသတ် မှု။ ဆိုင်မှာ တပ်ထားတဲ့ CCTV ကြောင့် သတ်ပုံသတ်နည်း၊ သေ ပုံသေနည်းတွေကို အက်ရှင်ကား ကြည့်သလို၊ ကွက်ကွက်ကွင်း ကွင်း မြင်လိုက်ရသလို ပြစ်မှုကျူးလွန်သူတွေဟာ လူငယ်တွေဆိုတာလည်း စိတ်မချမ်းသာစွာ မြင်လိုက်ရပါတယ်။ ငယ်တာမှ အ သက်မပြည့်သူတောင် ပါသေး တယ်။

နောက်တစ်ခါ နည်းပညာ ခေတ်ကိုရောက်လာတာနဲ့အမျှ နည်းပညာနဲ့ ဆက်စပ်ပတ်သက် စရာပစ္စည်းတွေလည်း အသစ်အ သစ်တွေ ပေါ်လာပါတော့တယ်။ အဲဒီတော့ ဒုစရိုက်မှုတွေကလည်း အသစ်တွေဆိုပါတော့။

လူများတဲ့ သင်္ဘောဆိပ်တွေ၊ အဝေးပြေးကားဂိတ်တွေမှာ အ လစ်သုတ်တာ၊ ရိုက်လုတာ၊ မြို့ ပတ်ရထားတွေ၊ ဘတ်စ်ကားတွေ ပေါ်မှာ ခါးပိုက်နှိုက်တာ မိလို့ ကြည့်လိုက် လူငယ်တွေ။ ဘယ် လိုဖြစ်တာလဲ။ လူငယ်တွေ ဘာ ဖြစ်ကုန်တာလဲ။ တချို့က စွပ်စွဲ တယ်။ သမ္မတကြီးရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ထောင်ထွက်တွေကြောင့်တဲ့။ မှန်သင့် သလောက်မှန်ပေမယ့် အားလုံး တော့ မဟုတ်ဘူး။ ဥပမာ တရားခံ ပြေးတင်မြင့်။ ဒီဇင်ဘာ ၅ ရက်နေ့ သတင်းစာထဲမှာ သူ့ကို မသေ မချင်းကြိုးကွင်းစွပ်သတ်စေဖို့ သေဒဏ်ချခံရတဲ့တင်မြင့်။ အ ကြိမ်ကြိမ် ပြစ်မှုကျူးလွန်လွတ် ငြိမ်းချမ်းသာခွင့်ထဲ ပြန်ပါလာ ပြန်လွတ်၊ အဲဒီလို သံသရာလည်နေ တဲ့သူ တစ်ကြိမ်ထက်တစ်ကြိမ် အတင့်ပိုရဲလာတဲ့အတွက် ဒီတစ် ကြိမ်ကတော့ သူကျူးလွန်ခဲ့သမျှ  အတွက် ထိုက်တန်တဲ့ အပြစ်ပေး ခြင်းခံလိုက်ရပြီ။ ထားပါတော့ ထောင်ထွက်မို့ အတင့်ရဲတယ်၊ အပြစ်ကျူးလွန်ခဲ့သူ သေမိန့်ကျ တာ။ ဒါနဲ့ပတ်သက်လို့ ဘာမှထင် ကြေးပေးစရာမရှိပေမယ့် အဲဒီ တရားခံပြေးတင်မြင့် ပြစ်မှုတွေကို စတင်ကျူးလွန်ခဲ့တာ ဆယ်ကျော် သက်ဘဝကတည်းက ဆိုပဲ။ သူ့ ရဲ့ လက်ရှိအသက်နဲ့ သူ့ရဲ့ဆယ် ကျော်သက်အရွယ်ကအချိန်ကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ် ပေါင်းသုံးဆယ်ဝန်းကျင်လောက် လို့ ခန့်မှန်းနိုင်တာပေါ့။

ဆယ်ကျော်သက်တွေ၊ အ ထူးသဖြင့် လူငယ်တွေ ပျက်စီးရ ခြင်းအကြောင်းကို လေ့လာကြည့် ရင် ဗီဇမကောင်းလို့၊ ပတ်ဝန်း ကျင်မကောင်းလို့၊ မိသားစုပြဿ နာတွေရှိနေလို့၊ ပညာရေးနိမ့်ကျ လွန်းလို့၊ အဲဒီလို အကြမ်းဖျင်း တွေ့ရပါလိမ့်မယ်။ ဒီနေ့ ကျွန်မ ဆွေးနွေးချင်တာက အဆင့်မမီ တော့တဲ့ ပညာရေးစနစ်ဟာ လူ ငယ်တွေကို ဖျက်ဆီးနေပြီဆိုတာ ပါပဲ။ ရာဇဝတ်မှုပေါင်းများစွာကို ထမင်းစားရေသောက်သလို ကျူး လွန်လာခဲ့တဲ့ တင်မြင့်ရဲ့ ဆယ် ကျော်သက်အချိန်မှာ သူ့လို လူဆိုးမျိုး တိုင်းပြည်မှာ သိပ်မရှိသေးဘူး။ဒါကြောင့် သူဟာ ဗီဇကိုမကောင်း ခဲ့တာလို့ ကောက်ချက်ချလို့ရပါ တယ်။

ဒါပေမဲ့ အခုခေတ် လူငယ် လူဆိုးလေးတွေဟာ ဗီဇမကောင်း တဲ့အထဲ မပါနိုင်ဘူးလို့ ပြောပါရ စေ။ တချို့ဆို တစ်ခါမှ ပြစ်မှုကျူး လွန်ခဲ့ဖူးတာ မရှိခဲ့ဘူး။ ကျူးလွန် လိုက်ပြန်တော့လည်း ထိတ်လန့် စရာ လူသတ်မှု။ ဟိုတစ်ရက်က သတင်းထဲမှာ ဖတ်လိုက်ရတာ ကားငှားစီးတယ်၊ လမ်းရောက် တော့ ကားသမားကို လည်ပင်း ညှစ်ပြီး လုတယ်။ ပြီးတော့ ဓားနဲ့ ထိုးသတ်ခဲ့တယ်။

လူတစ်ယောက်ကို ဘာရန် ငြှိုးမှမရှိ။ သူ့ကိုသတ်လိုက်ရင် ကိုယ်ရမယ့် ပစ္စည်း၊ ငွေတန်ဖိုးက လည်း ဘဝပြောင်းသွားလောက် အောင် မများဘဲနဲ့ ဘာကြောင့် လူငယ်တွေ ရက်စက်တတ်တာ လဲ၊ ဘာကြောင့် လူတစ်ယောက် ကို သွေးအေးအေးနဲ့ သတ်ရဲတာ လဲ စဉ်းစားကြည့်ဖို့မကောင်းဘူး လား။ ဘယ်လိုအကြောင်းတရား တွေကများ အနာဂတ်ရဲ့ မျိုးဆက် သစ်လူငယ်တွေကို ပျက်စီးစေခဲ့ တာလဲ။ လူငယ်တွေရဲ့ ရင်ထဲမှာ ဘာတွေများရှိနေသလဲ။ ဘာ ကြောင့် သူတို့ ရက်စက်ကြမ်း ကြုတ်ကုန်တာလဲ။

 တကယ်တမ်း စစ်မှန်တဲ့ တရားစီရင်ရေးဟာ တရားဥပဒေ စိုးမိုးရေးအတွက် အဓိကကျသလို တရားဥပဒေအောက်မှာ လူတိုင်း ကိုယ်စီနေနိုင်ရေးအတွက်ဆိုရင် ရဲစခန်းတွေကို ဖိအားပေးတာ ထက် စာသင်ကျောင်းတွေထဲမှာ အဖြေရှာရင် ပိုထိရောက်ပါလိမ့် မယ်။ ဘယ်လောက်ဆိုးသွမ်းတဲ့ သူဖြစ်ပါစေ။ မိသားစုရဲ့ အခြေ အနေကြောင့် ပညာဆုံးခန်းတိုင် အောင် မနေလိုက်ရတာမျိုးရှိ ကောင်းရှိနိုင်ပေမယ့် စာမတတ် သူတော့ မရှိကြဘူး။ အားလုံးနီး ပါး ကျောင်းနေဖူးကြတယ်။ အ နည်းဆုံး မူလတန်းအထိတော့ ကျောင်းနေခဲ့ကြလိမ့်မယ်။ လွယ် အိတ်ကလေးတွေ မနိုင့်တနိုင် လွယ်ပြီး ဆရာမပြောစကားကို အမေ့စကားထက် အလေးအနက် ထားတဲ့ ချစ်စရာကလေးတွေ ကိုယ်စီမှာ တူညီတဲ့နှလုံးသားတွေ က အားလုံးအဖြူ။

အဲဒီအဖြူရောင်နှလုံးသား တွေကို အရောင်စုံဆေးခြယ်လိုက် တာတော့ နိမ့်ကျတဲ့ပညာရေးစနစ် ကို မသိကျိုးကျွန်ပြုထားတဲ့ အာ ဏာရှင်စနစ်ပါပဲ။ ကျွန်မတို့နိုင်ငံ ရဲ့ မူလတန်းကလေးတွေကို သင်ပေးတဲ့  ကဗျာလေးတွေဟာ ကလေးတွေရဲ့နှလုံးသားနုနုလေးတွေကို လိမ္မာယဉ်ကျေးတဲ့ သံစဉ်တွေနဲ့ ပုံဖော်ပေးပါတယ်။ ‘‘နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင် ကျောင်း’’တဲ့။ ‘‘ကြာနီတစ်ပွင့် ဖြူတစ်ပွင့် တဲနဲ့ပနံတင့်’’တဲ့။ ‘‘မောင်မဆော့ပေါင် စိတ်ပုတီးနဲ့ ဘုန်းတော်ကြီးလိုနေပါ့မယ်’’တဲ့။

ကလေးဆိုတာ ဖယောင်း တုံးကလေးပါ။ နူးညံ့ပျော့ပျောင်း သွားမှ လိုရာပုံစံဖော်ယူလို့ရတာ။ ကလေးတွေရဲ့ နှလုံးသားတွေ နူး ညံ့လာအောင်၊ ရသစာပေတွေနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် လုပ် ပေးရမှာ အဲဒီစာသင်ကျောင်းတွေ ရဲ့ တာဝန်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူ မျိုးထဲက ကမ္ဘာကျော်အောင် တော်သူတွေ၊ နိုင်ငံအတွက် ကိုယ် ကျိုးစွန့် အနစ်နာခံသူတွေရဲ့ အတ္ထုပ္ပတ္တိတွေနဲ့ ပေးသိစေရမှာ လည်း စာသင်ခန်းထဲက သင်ရိုး ညွှန်းတမ်းတွေရဲ့တာဝန်။ အ ရောင်အသွေးစုံတဲ့ ကျောက်ရိုင်း တုံးလို ကျောင်းသားလေးတွေကို တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးတွေဖြစ်လာ အောင် စနစ်တကျသွေးနိုင်ရမှာ က စာသင်ခန်းတွေထဲက ဆရာ၊ ဆရာမတွေရဲ့တာဝန်။

ဒါပေမဲ့ စာသင်ခန်းထဲက သင်ရိုးညွှန်းတမ်း၊ ဆရာ၊ ဆရာမ တွေရဲ့ လစာဝင်ငွေတွေကအစ အဆင့်မီအောင်၊ စားလောက် အောင် လုပ်ပေးမထားတာက အာဏာရှင်တိုင်းရဲ့ တိုင်းပြည်မှာ ပညာရှိလူတန်းစားများလာမှာကို မလိုလားတဲ့ အဓိကအချက်ပါပဲ။ ပညာရှိတွေနည်းလေ အုပ်ချုပ်ရ သက်သာလေ မဟုတ်လား။ စဉ်း စားတွေးခေါ်နိုင်စွမ်းမြင့်မားတဲ့ လူငယ်တွေမဖြစ်အောင် အလွတ် ကျက်ဖြေရတဲ့ ကြက်တူရွေးပညာ ရေးစနစ်ကို ထူထောင်ထားတာ ပါ။ အဲဒီလုပ်ရပ်နဲ့ အကျိုးဆက်က တော့ လူငယ်တွေ ရိုင်းလာစေတာ မြင်ကြတဲ့ အတိုင်းပါပဲ။

မဝရေစာ လခလေးနဲ့ ကျပ် တည်းလွန်းတဲ့ ဆရာတွေနဲ့ အမှတ်များများရမှ လူရာဝင်တဲ့ တက္ကသိုလ်တွေရောက်နိုင်တဲ့ ပညာရေးသွား ဆုံကြတဲ့အခါ ကျူရှင်စနစ်ကြီး ပိုမိုကျယ်ပြန့်လာတယ်။ အရင်က ကျူရှင်ဆရာဆိုတာ ကျောင်းဆရာမဟုတ်ဘူး။ အခုတော့ ကျူ ရှင်ဆရာဆိုတာ ကျောင်းမှာမေး ခွန်းထုတ်၊ အမှတ်ခြစ်ရတဲ့ ကျောင်းဆရာတွေ။ ‘‘ကြောင်ခံ တွင်းပျက်နဲ့ ဆက်ရက်တောင်ပံ ကျိုး’’တို့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အတန်းထဲမှာ ကိုယ့်ကလေးအတော်ဆုံးလို့ ကြွားချင်သူနဲ့ ကျူရှင်ဝင်ငွေနဲ့ တင့်တောင့်တင့်တယ်လုပ်ချင်သူတွေ တွေ့ကြလေ သ တည်းပေါ့။

နောက်နေ့သင်ရမယ့် သင်ရိုး ညွှန်းတမ်းကို လေ့လာဖို့ ကျောင်းသားနားလည်အောင် ဘယ်လိုသင်ရင်ကောင်းမလဲဆို တာတွေ မတွေးအားတော့ဘူး။ သင်ရိုးညွှန်းတမ်းကို အထောက် အကူပေးတဲ့ ပြင်ပစာအုပ်တွေ၊ ပညာရေးဆိုင်ရာ ဆောင်းပါးတွေ ဖတ်ချိန်မရှိတော့ဘူး။ ကျူရှင်သင်တဲ့ ဆရာတွေရဲ့ အချိန်တွေကို ကျူရှင်ချိန်အဖြစ် ပေးလိုက်ကြရ ပြီ။ အတန်းထဲက စာသင်ချိန်တွေ ဟာ သတ်မှတ်ချိန်အတွင်း သင် ရိုးပြီးရေး၊ မဆီမဆိုင် အထက်အ မိန့်ကြောင့် ကျောင်းမှာ ဂျူတီ စောင့်ရေး အဲဒီအရေးတွေနဲ့ လုံး လည်လိုက်ပြီးသကာလ ဆရာနဲ့ တပည့်တွေ ဝေးကွာလာပါတော့ တယ်။ တပည့်တွေကျတော့ရော ကျူရှင်ယူနိုင်သူကျောင်းသားက ဆရာဆိုတာ ပိုက်ဆံပေးနိုင်ရင် အိမ်မှာခေါ်ပြီး သင်ခိုင်းလို့ရတယ်။ ကျူရှင်မယူနိုင်သူကလည်း အလ ကားဆရာတွေ၊ ကျူရှင်ယူတဲ့ ကျောင်းသားမှ ဂရုစိုက်တာ ငါတို့ ဆိုသိပ်နှိမ်တာဆိုတဲ့ အထင်သေး မှု၊ အထင်လွဲမှုတွေ ကြီးထွားလာ ပြီး ‘‘အာစရိယဂုဏောအနန္တော’’ ဆိုတာ ဘာမှန်းမသိကြတော့ပါ ဘူး။

ဆယ်တန်းအောင်ပြီးသား၊ ဘွဲ့ရပြီးသားဆိုတဲ့ လူငယ်တချို့ တောင် အလုပ်ခွင်ထဲ၊ ရပ်ကွက် ထဲမှာ ဆဲရေးတိုင်းထွာ ရိုင်းပျနေ တာတွေ မျက်မြင်ပါပဲ။ ပညာကို ဆုံးခန်းတိုင်အောင် သင်ခွင့်မရခဲ့ တဲ့ လူငယ်တွေ စိတ်ရိုင်းတွေဝင် လူရိုင်းတွေဖြစ်ကုန်ကြတာ အနာ ဂတ်နိုင်ငံတော်အတွက် အန္တရာယ်ပါ။ ငယ်နုစဉ် ကလေးအရွယ်က တည်းက ပြုပြင်ခြင်းမခံရ၊ ပြုပြင် ပေးသူတွေနဲ့ ဆုံစည်းခွင့်မသာခဲ့ ရှာတဲ့ ဖယောင်းတုံးကလေးတွေ ဖြစ်ချင်ရာဖြစ်ကုန်ကြတဲ့အတွက် ဒီနေ့ ဒီအချိန်မှာ လူငယ်ရာဇဝတ် ကောင်တွေ ပေါများလာတာ ကျွန်မတို့ အမှုမဲ့၊ အမှတ်မဲ့ မနေ သင့်တော့ပါဘူး။

ဒီလို လူငယ်မျိုးတွေ ထပ်ပွားမလာအောင် ကျွန်မတို့ ကလေး တွေကို ဂရုစိုက်ကြရပါလိမ့်မယ်။ ကလေးငယ်တွေရဲ့ နူးညံ့တဲ့နှလုံး သားဖြူဖြူလေးတွေ ပကတိအ တိုင်း ဆက်ဖြူနိုင်အောင် ကူညီရ ပါလိမ့်မယ်။ ကိုယ့်သွေးသား မဟုတ်ပေမယ့် ကိုယ့်ပတ်ဝန်း ကျင်က ကလေးလေးတွေကို ကြင်နာမှုတွေနဲ့ ဆက်ဆံပေးရပါလိမ့် မယ်။ အားနည်းချက်ရှိနေတဲ့ လူ ငယ်တွေ၊ မပြည့်စုံတဲ့ လူငယ်တွေ ရဲ့ ရင်ထဲမှာ ဘာဖြစ်နေသလဲ၊ သူ တို့နှလုံးသားထဲမှာ ကိန်းအောင်း နေတဲ့အရာတွေက ဘာတွေလဲ။ ကျွန်မတို့ မြင်အောင်ကြည့်၊ သိ အောင်လုပ်၊ တွေ့အောင်ရှာပြီး ကူညီနိုင်သလောက် ကူညီပေးနိုင် ကြမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင် ကို ကောင်းအောင်လုပ်ခြင်းမည် ပါတယ်။

အဲဒီလို ကောင်းတဲ့ပတ်ဝန်း ကျင်တွေများလာရင် လူငယ် ရာဇဝတ်မှုတွေ နည်းသွားမယ်။ ကင်းသွားမယ်။ အထူးသဖြင့် ပန်း ကောင်းအညွန့်ကျိုးတော့မယ့် ပန်းကလေးတွေကို လောကကြီးအ တွက် အလှဆင်နိုင်အောင် ပံ့ပိုး ကူညီဖို့လိုနေပါတယ်။ အမြင်အားဖြင့် လူဆိုးလေး၊ သူခိုးကြမ်းပိုးလေး ဖြစ်နေသူတစ်ယောက်မှာ ခံစားတတ်တဲ့နှလုံးသားတစ်ခုစီ ပါသမြဲပါ။ ဒီလူငယ်လေးရဲ့ ရင်ထဲမှာ ဘယ်လိုခံစားချက်တွေရှိနေ လို့ ဆိုးပေနေရသလဲဆိုတာ သူ့နေရာက ကိုယ်ချင်းစာပေး၊ ခံစားပေး စာနာနားလည်မှုတွေနဲ့ အဖြေရှာ ပေးနိုင်ရင် လူကောင်းလေးအဖြစ် ပြောင်းလဲပေးနိုင်ကောင်းပါရဲ့။ တချို့အရာတွေဟာ နှလုံးသားနဲ့ ကြည့်မှ မြင်ရတာတွေရှိနေလို့ပါ။

No comments: