Wednesday, December 16, 2015

အကြမ်းဖက်မှုတိုက်ဖျက်ရန် မွတ်ဆလင်နိုင်ငံများ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ --------------------------------------

အကြမ်းဖက်မှုတိုက်ဖျက်ရန် မွတ်ဆလင်နိုင်ငံများ ညွန့်ပေါင်းအဖွဲ့ ဖွဲ့
--------------------------------------

ရီယက်ဒ်၊ ဒီဇင်ဘာ ၁၅

အကြမ်းဖက်မှုများကို တိုက်ခိုက်ချေမှုန်းသွားရန် အစ္စလာမ်ဘာသာ အဓိကလွှမ်းမိုးသော နိုင်ငံပေါင်း ၃၄ နိုင်ငံပါဝင်သော ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ကြေညာလိုက်ပြီး အကြမ်းဖက်မှုနှင့် အစ္စလာမ္မစ် အစွန်းရောက်ဝါဒကိုလည်း အနာရောဂါ တစ်ခုဟု ကင်ပွန်းတပ်လိုက်ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ယခုကြေညာချက်သည် အစွန်းရောက် အကြမ်းဖက်မှုအပေါ် အစ္စလာမ်ကမ္ဘာ၏ နိုးနိုးကြားကြား စောင့်ကြည့်မှု မှတစ်ဆင့် ပေါ်ထွက်လာခြင်းဖြစ်ပြီး ယင်းရောဂါကို တိုက်ဖျက်ရာ၌ မွတ်ဆလင် နိုင်ငံများ အဖွဲ့ကလည်း မိတ်ဖက် အဖွဲ့အစည်းတစ်ခု အဖြစ် ရှိနေမည်ဖြစ်ကြောင်း  ဆော်ဒီကာကွယ်ရေးဝန်ကြီး မိုဟာမက် ဘင်ဆယ်လ်မန်က ပြောကြားသည်။

ISIS အကြမ်းဖက်အဖွဲ့ကို အနောက်နိုင်ငံများက အရှိန်မြှင့် ချေမှုန်းမှုများ ပြုလုပ် လာခဲ့ပြီးသည့် နောက်တွင် ယခုကဲ့သို့ အကြမ်းဖက်မှု တိုက်ဖျက်မည့် မွတ်ဆလင်နိုင်ငံများ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းသည့် ကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

“ဒီနေ့ကမ္ဘာမှာ အကြမ်းဖက်မှုဒဏ်ကို ခံစားနေရတဲ့နိုင်ငံ အတော်များများ ရှိပါတယ်။ ဥပမာ ဆီးရီးယားနဲ့အီရတ်က ISIS အဖွဲ့ရဲ့ ဆိုင်နိုင်းမှာ အကြမ်းဖက်မှု၊ ယီမင်မှာ အကြမ်းဖက်မှု၊ လစ်ဗျားမှာ အကြမ်းဖက်မှု၊ မာလီမှာ အကြမ်းဖက်မှု၊ နိုင်ဂျီးရီးယားမှာ အကြမ်းဖက်မှု၊ ပါကစ္စတန်မှာ အကြမ်းဖက်မှု၊ အာဖဂန်နစ္စတန်မှာ အကြမ်းဖက်မှုတွေ ရှိနေပြီး ဒါတွေကို တိုက်ခိုက်ဖို့ ပြင်းပြင်းထန်ထန် အားထုတ်ဖို့ လိုအပ်နေပါတယ်” ဟု ဆယ်လ်မန်က ပြောကြားခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်ချေမှုန်းရာတွင် ၎င်းတို့က ပူးပေါင်း ဆောင်ရွက်သွားမည်ကို သံသယရှိရန် မလိုကြောင်းလည်း ပြောကြားသည်။

အကြမ်းဖက်မှု တိုက်ဖျက်မည့် မွတ်ဆလင်နိုင်ငံများ ညွန့်ပေါင်းအဖွဲ့၏  ပင်မဌာနကို ဆော်ဒီအာရေဗျနိုင်ငံ၏ မြို့တော်  ရီယက်ဒ်တွင် ထားရှိမည်ဖြစ်သည်။

မွတ်ဆလင်နိုင်ငံများ ညွန့်ပေါင်းအဖွဲ့တွင် ဆော်ဒီအာရေဗျ နှင့်အတူ ဂျော်ဒန်၊ ယူအေအီး၊ ပါကစ္စတန်၊ ဘာရိန်း၊  ဘင်္ဂလားဒေ့ရှ်၊ ဘီနင်၊ တူရကီ၊ ချက်ဒ် (အာဖရိက)၊ တိုဂို၊ တူနီးရှား၊ ဆီနီဂေါလ်၊ ဆူဒန်၊ ဆီရာလီယွန်၊ ဆိုမာလီယာ၊ ဂါဘွန်၊ ဂီနီ၊ ဂျဗျူတီ၊ ပါလက်စတိုင်း၊ ကိုမိုရို၊ ကာတာ၊ အိုင်ဗရီကို့စ်၊ ကူဝိတ်၊ လက်ဘနွန်၊ လစ်ဗျား၊ မော်လ်ဒိုက်၊ မာလီ၊ မလေးရှား၊ အီဂျစ်၊ မော်ရိုကို၊ မော်ရီတေးနီးယား၊ နိုင်ဂျာ၊ နိုင်ဂျီးရီးယားနှင့် ယီမင်တို့ ပါဝင်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က ISIS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်လျက်ရှိရာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၏ ၈၀ ရာခိုင်နှုန်းက အမေရိကန်ပြည်ထောင်စုက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်လျက် ရှိသည့် အာရပ်နိုင်ငံများသည် ၎င်းတို့ လေကြောင်းမှ ထိုးစစ်ဆင်မှု မည်မျှ ပြုလုပ်ထားသည်ကို ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ထားပြီး ပင်တဂွန်၏ ထုတ်ပြန်ချက်များအရ ဆိုလျှင်မူ ISIS ကို လေကြောင်းမှ တိုက်ခိုက်ရာတွင် ပါဝင်သည့် အာရပ်နိုင်ငံများထဲမှ တစ်ဝက်ခန့်သည် အီရတ်နှင့် ဆီးရီးယားတွင် လေကြောင်းမှ တိုက်ခိုက်မှု တစ်ကြိမ်မျှပြုလုပ်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်။

No comments: