Thursday, October 27, 2016

အပြီးသတ် ပိတ်ပင်မှုကို ပယ်ဖျက်ကာ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်အား ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ခြောက်လ ဆက်လက် ဖွင့်လှစ်ခွင့် ပေးခဲ့

ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်ကို တွေ့ရစဉ်

ဥပဒေအရ ဟိုတယ်လုပ်ငန်းလိုင်စင် အပြီးသတ် ပယ်ဖျက်ခံထားရသည့် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် ကုမ္ပဏီမှ အသနားခံစာ တင်ပြလာသည့်အတွက်ဟုဆိုကာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခြောက်လ ဆက်လက်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ ၀န်ကြီးဌာနကို သက်ဆိုင်ရာ လုပ်ငန်းရှင်ကနေပြီးတော့မှ အသနားခံစာ တင်တယ်။ အဲဒီလို အသနားခံစာတင်တဲ့ အခါမှာ သူတို့ကြိုတင်ရောင်းချထားတဲ့ ခရီးစဉ်တွေ ရှိတယ်။ ကျိုက်ထီးရိုးဒေသကလည်း ခရီးစဉ်ဒေသ ဖြစ်နေတယ်။ ခရီးစဉ်ဒေသ ဖြစ်တဲ့အတွက် တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် ကြိုတင်ရောင်းချထားတဲ့အတွက် ခရီးသည်တွေအတွက် အခက်အခဲတွေ ရှိနိုင်တယ်ပေါ့လေ။ အဲဒါကို ကျွန်တော်တို့ ၀န်ကြီးဌာနကို လာရောက်ပြီးတော့မှ တင်ပြပါတယ်။ ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ ခရီးစဉ်တွေ ကြိုတင်ရောင်းချထားပြီးဖြစ်တယ်။ ခရီးသည်တွေ အနေနဲ့ ဒီခရီးစဉ်ကို လာရောက်တဲ့ အခါမှာ အခက်အခဲ မဖြစ်ရအောင် ဒါတွေကို သက်ညှာထောက်ထားပြီးတော့ ကျွန်တော်တို့ အနေနဲ့ ဒီခရီးသွားရာသီ အောက်တိုဘာမှ စပြီးရေတွက်ရင် ခြောက်လတာကို သူ့ကို ဆက်လက်ပြီးတော့မှ ငှားရမ်းလုပ်ကိုင်ခွင့်၊ ငှားရမ်းဆိုတာကလည်း ဆက်လက်လုပ်ကိုင်ခွင့် ခြောက်လပေးထားတာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “အရင်က ဟိုတယ်လိုင်စင် ပိတ်သိမ်းထားတဲ့ ကိစ္စနဲ့ အခန်း (၁၀၆) ဖျက်သိမ်းရမယ့် ကိစ္စတွေကတော့ ယခင်အတိုင်းပဲ ဆက်ရှိနေမှာပါ။ သူ့အနေနဲ့ သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း ဆက်ပြီးတော့မှ အခန်းတွေကို ဆက်လက်ဖွင့်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ကာလ ပြည့်တယ်ဆိုရင်တော့ ဟိုတယ်လိုင်စင် ပယ်ဖျက်ထားတဲ့ကိစ္စ ဆက်လက်တည်မြဲနေပါမယ်။ ဆက်ရှိနေပါမယ်။ ခြောက်လပြည့်ပြီးရင် သူ့ကို ဟိုတယ်အခန်းက လိုင်စင်မရှိတော့တဲ့ အတွက်ကြောင့် ငှားရမ်းခွင့်၊ ဆက်လက်လုပ်ဆောင်ခွင့် မရှိတော့ဘူးပေါ့” ဟု ပြောကြားသည်။

ဇွန် ၂၇  ရက်က နေပြည်တော်ရှိ ယဉ်ကျေးမှုနှင့် သာသနာရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည့် ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထားသည့် ရိုးရိုးလေးဟိုတယ်ရှိ ဟိုတယ်အခန်း (၁၀၆) ခန်းအား တစ်လအတွင်း ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ လုပ်ငန်းရှင်ထံသို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှူး ဦးစီးဌာန (မော်လမြိုင်) ရုံးခွဲက ဇူလိုင် ၈ ရက်က အသိပေး အကြောင်းကြားခဲ့ကြောင်း၊ သို့သော်လည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေပုဒ်မ ၁၉ (က) အရ ရိုးရိုးလေးဟိုတယ်၏ လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် သြဂုတ် ၁၁ ရက်မှစပြီး ရိုးရိုးလေးဟိုတယ်၏ လုပ်ငန်းလိုင်စင်အမှတ် (ဟ-၁၇၅၈) (၁၃၅) ခန်းကို ပယ်ဖျက်လိုက်ကြောင်းကိုလည်း လုပ်ငန်းရှင်ကို အသိပေးအကြောင်းကြားပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မော်လမြိုင်) ရုံးခွဲထံမှ သိရသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ ပုဒ်မ ၁၉ တွင် (က) လိုင်စင်စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း။ (ခ) ဦးစီးဌာန၏ ခွင့်ပြုချက် မရဘဲ လုပ်ငန်းကို လွှဲပြောင်းလုပ်ကိုင်စေခြင်း။ (ဂ) လိုင်စင်ကို လွှဲပြောင်းရောင်းချခြင်း စသည့် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ဦးစီးဌာန အနေဖြင့် လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း (သို့မဟုတ်) လိုင်စင်အား ပယ်ဖျက်ခြင်းကို ပြုနိုင်သည်ဟု ပါရှိသည်။   

ယင်းကဲ့သို့ အပြီးသတ် ပိတ်ပင်မှုကို ပယ်ဖျက်ကာ ဟိုတယ်ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့သည့်အတွက် ဝေဖန်မှုများ ရှိနေသကဲ့သို့ပင် မန္တလေးရှိ တော်ဝင်နှင်းဆီ ဆေးရုံကို စာချုပ်ပါ စည်းကမ်းဖောက်ဖျက်မှုကြောင့် မန္တလေးမြို့တော် စည်ပင်သာယာက သိမ်းယူခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမိန့်ချခဲ့သည့် အပေါ်လည်း ယခုရက်ပိုင်းအတွင်း ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။

တော်ဝင်နှင်းဆီဆေးရုံ တတိယအလွှာတွင် Health News အထူးကုဆေးခန်း အမည်ဖြင့် တရုတ်နိုင်ငံသားများ တရားမ၀င် ဆေးကုသနေခြင်း၊ ညစ်ညမ်းစာ၊ ညစ်ညမ်းဓာတ်ပုံများပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေမှုများ ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇန်န၀ါရီက အဆိုပါ တရုတ်နိုင်ငံသားများနှင့်အတူ ဆေးရုံပိုင်ရှင်များဖြစ်သော ဂရိတ်ဝေါလ် ဦးတင်မောင် (ခ) လီစန်းရှင်နှင့်ဇနီး ဒေါ်နန်းလှစိန်တို့ကိုပါ ထည့်သွင်း တရားစွဲဆိုခဲ့သော်လည်း ဇွန် ၃ ရက်က တရားခံပြေးအဖြစ် ကြေညာရာတွင် တရုတ်နိုင်ငံသားများနှင့် ဒေါ်နန်းလှစိန်သာ ပါဝင်ခဲ့ပြီး ဦးတင်မောင်မှာ မပါဝင်တော့ဘဲ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့သည်။

ဒေါ်နန်းလှစိန်ကိုလည်း ပြစ်မှုဆိုင်ရာ ပုဒ်မ ပုဒ်မ ၂၉၂ (က)/၁၀၉ ကျင့် ၅၁၂ ဖြင့်သာ တရားခံပြေးအဖြစ် ကြေညာခဲ့ပြီး ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ၃၅/ကျင့် ၅၁၂ ဖြင့် တရားစွဲဆိုထားမှုတွင် ဦးတင်မောင်နှင့်အတူ မပါဝင်ခဲ့ပေ။

ဒေါ်နန်းလှစိန်မှာ တရားရုံးသို့ လာရောက်သည့် နေ့မှာပင် ချက်ချင်း အချုပ်လွတ် ထုချေခွင့် အာမခံပေးခဲ့ပြီး အမှုရင်ဆိုင်ခဲ့သည်။ ထို့နောက် ကျန်းမာရေး အခြေအနေအရ စင်ကာပူတွင် ဆေးကုသမှု ခံယူနေရသဖြင့် ရုံချိန်းလာရောက်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပြီး အစိုးရသစ်တက်သည့် ဧပြီမှ ရုံးချိန်း ပြန်လည် လာရောက်ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရုံးချိန်းလာရောက်ရင်ဆိုင်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သော်လည်း စည်ပင်သာယာက သိမ်းယူထားသော တော်ဝင်နှင်းဆီဆေးရုံကို ပြန်လည်ရယူလိုကြောင်း MIC သို့ လျှောက်ထားရာ မတ် ၂၉ ရက်တွင် ဦးတင်မောင်အား ဆေးရုံပြန်ပေးရန် MIC က အကြောင်းကြားခဲ့ကြောင်း သိရသည်။ စာချုပ်တွင် ပါဝင်သော သဇင်ပလာဇာ တည်ဆောက်ရမည်ကို တော်ဝင်နှင်းဆီဆေးရုံ တည်ဆောက်ထားမှုအတွက် ပြန်လည်ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက် မရှိဘဲ နှစ်ထပ်တိုးဆောက်လုပ်မှုကို ဖျက်သိမ်းရမည် ဖြစ်ကာ မဖျက်လိုပါက ဒဏ်ငွေကျပ်သန်းတစ်ထောင် ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဆေးရုံ တည်ဆောက်လိုပါက လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည်ဆောင်ရွက်ရမည်ဟု စသည့် အချက်များ လိုက်နာမှသာ တော်ဝင်နှင်းဆီဆေးရုံ အဆောက်အအုံကို ပြန်လည်အပ်နှံမည်ဟု စည်ပင်သာယာက အကြောင်းပြန်ခဲ့ရာ ညှိနှိုင်းမှု အဆင်ပြေခြင်း မရှိသောကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဦးတင်မောင်က လျှောက်ထားခဲ့သည့်အမှုဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယင်းသို့ သိမ်းယူခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိဟု အမိန့်ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်

No comments: