ပုသိမ်၊ အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာရှိ အခြေခံပညာအထက်တန်း (ခွဲ) ကျောင်းတွင် ကျောင်းသားကျောင်းသူများကို သရဲ (ပရလောကသား) များ ဝင်ရောက်ပူးကပ်နေသည် ဆိုသဖြင့် အောက်တိုဘာလ ၄ ရက်နေ့က ကျောင်းပိုင်မြေထဲမှ ဝ ဒသမ ၃၆ ဧကကို သုသာန်မြေအဖြစ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ပေးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။
“အဲဒီနေ့က ဆရာတော်တွေ မြောင်းမြက ကြွလာပြီး ပရိတ်တွေ ရွတ်ပေးတယ်၊ အမျှဝေပေးပြီး မြေအစား ပြန်ပေးပေမယ့် အပူးအကပ် ဖြစ်သေးတယ်၊ အောက်တိုဘာလ ၈ ရက်နေ့က စာမေးပွဲ ဖြေနေတဲ့ ကျောင်းသူခြောက်ယောက်ကို ဝင်ပူးပြန်ရော” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ ကျောင်းမြေမှာ ၄ ဒသမ ၇၂ ဧက ကျယ်ဝန်းပြီး အလျားပေ ၆ဝ၊ အနံပေ ၃ဝ ရှိ ကျောင်းဆောင်သစ် တစ်ဆောင်ကို ၂ဝ၁၅ ခုနှစ်က ဆောက်လုပ်ခဲ့ရာ သုဿာန်မြေ ဝ ဒသမ ၃၆ ဧက ပါဝင်ခဲ့ကြောင်း၊ ပါဝင်ခဲ့သောမြေကို ယခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က ပရလောကသားများကို ပြန်လည်အစားပေးခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာရင်းဌာန) ထံမှ သိရသည်။
အဆိုပါ ကျောင်းကို ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းခွဲသို့ တိုးမြှင့်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၅၂ဝ ဦး၊ ဆရာ ဆရာမ ၂၄ ဦး ရှိကြောင်း၊ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလက လေးတန်းကျောင်းသူ နှစ်ဦးကို သရဲဝင်ပူးသော်လည်း သတိမထားမိခဲ့ကြောင်း၊ ယခုစာသင်နှစ် သြဂုတ်လမှ စတင်ကာ ကျောင်းသား ကျောင်းသူများကို ပရလောကသား ဝင်ပူးကပ်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး စက်တင်ဘာလကုန်တွင် ပိုမိုသိသာလာခဲ့ပြီး အောက်တိုဘာလဆန်းအထိ ကျောင်းသားဦးရေ ၂ဝ ခန့်အထိ ရှိနေကြောင်း ကျောင်းအကျိုးဆောင်များထံမှ သိရှိရသည်။
“ပရိတ်ရွတ်တယ်၊ ကမ္မဝါဖတ်တယ်၊ အမျှဝေတယ်၊ မြေအစားပြန်ပေးတယ်၊ လုပ်စရာ ရှိတာကို အကုန်လုံး လုပ်ပေးနေတာတောင် အပူးအခွာက ရှိနေသေးတော့ ဆရာမတွေရော၊ မိဘတွေပါ စိတ်ညစ်နေရတယ်၊ အဲလို ပူးချင်ခွာချင်ရင်လည်း မြို့ကတာဝန်ရှိတဲ့ သူတွေနဲ့ ဒါထက် ပိုပြီးလုပ်ပေးနိုင်တဲ့ သူတွေကိုသာ သွားပူးချည်လို့ ပြောရမလို ဖြစ်နေပြီ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။
ကျောင်းဆောင်သစ် ဆောက်လုပ်စဉ်က သုဿာန်မြေအတွင်း အနည်းငယ် ရောက်ရှိသဖြင့် ပရလောကသားများ ပူးကပ်မှုရှိသည်ဟု ရွာခံအချို့က ယုံကြည်နေပြီး အချို့ရွာခံများက ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ် တည်ဆောက်စဉ်က အစီအရင်နှင့် ယတြာများ ထည့်သွင်းမှုကြောင့် ပရလောကသားများ ပူးကပ်သည်ကို ယုံကြည်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
“မြို့နယ်ခရိုင်အဆင့်နဲ့ မလုပ်နိုင်လောက်ဘူးဆိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်ပေးဖို့ အကြောင်းကြားထားပါတယ်၊ ကျမလည်း အဲဒီရွာကို သွားကြည့်မှာပါ” ဟု မြောင်းမြမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ပြောကြားသည်။
No comments:
Post a Comment