Tuesday, October 25, 2016

စပါးတင်း ၁၀၀ လျှင် ၃ သိန်းကျော်သာ ရှိနေပြီး အကျဘက် ဆက်လက်ဦးတည်

ဆန်စပါး တင်ပို့ ရောင်းချရန်အတွက် လုပ်ငန်းရှင်များတွင် စပါးဟောင်း ၆၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေပြီး မိုးစပါးပေါ်ချိန် ရောက်ရှိနေပြီ ဖြစ်သည့်အတွက် စပါးဈေးသည် အကျဘက်သို့သာ ဦးတည်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စီမံခန့်ခွဲရေး ကော်မတီ တွဲဖက်ဘဏ္ဍာရေးမှူး ဦးနေလင်းက The Ladies သို့ ပြောသည်။

 

စပါးပေါ်ကာစတွင် စပါးတင်းတစ်ရာလျှင် ကျပ် ၃၇၀၀၀၀ ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၃၂၀၀၀၀ နှင့် ၃၅၀၀၀၀ ကြားတွင်သာ ရှိနေသည်ဟု ဆိုသည်။

 

“တရုတ်ပြည်ဘက်ကို ပို့နေရာကနေ အခြေအနေ မကောင်းတော့ဘူး။ စီးပွားကူးသန်းကလည်း ခုနောက်ပိုင်း ဆောင်ရွက်ရတာ အဆင်မပြေဘူး။ အစည်းအဝေးတွေ လုပ်ပြီးတော့ ရလဒ်က မထွက်ဘူး ဖြစ်နေတယ်။ ပြည်ပ ပို့တာကလည်း တရုတ်ပြည်ပဲ ပို့တာများတော့ လက်ရှိမှာ အကျဘက်ကို ဦးတည်နေတယ်”ဟု ဦးနေလင်းက ဆက်လက်ပြောကြားသည်။

 

မြန်မာနိုင်ငံမှ တရုတ်ပြည်သို့ ဆန်တင်ပို့ရာတွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ ဖမ်းဆီးမှုများရှိလာခဲ့သောကြောင့် ဆန်တင်ပို့မှုများ ရပ်နားထားရသဖြင့် တောင်သူများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

 

ဆန်စပါးလုပ်ငန်းရှင်များ အနေဖြင့် မိုးစပါးပေါ်ချိန်တွင် စပါးဈေး အစိုးရမှလည်း နိုင်ငံတော် အရန်ဆန် ဝယ်ယူထားရှိရေး၊ ဈေးကွက်ရရှိရေး ပြည်တွင်း သယ်ယူပို့ဆောင်ခ လျော့ ကျအောင် စီမံပေးရေးတို့ကို တင်ပြထားသော်လည်း ၀န်ကြီးဌာနမှ အကြောင်းပြန်ကြားခြင်း မရှိသေးဘဲ ရလဒ်မထွက်သော အစည်းအဝေးများသာ ခေါ်ယူသည်ဟု လုပ်ငန်းရှင်များက ဝေဖန်ကြသည်။

 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ၈၀ ရာခိုင်နှုန်းခန့်ရှိနေရာ ယခင်က မူဆယ် ဆန်ဈေးကွက်အတွင်းသို့ တစ်ရက်လျှင် ဆန်တန်ချိန် ၃၀၀၀ မှ ၄၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစ်ရက်လျှင် တန်ချိန် ၁၅၀၀ မှ ၂၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ရာ တရုတ်နိုင်ငံဘက်မှ ဆန်ဝယ်ယူမှုသည် ထက်ဝက်နီးပါး ကျဆင်းလျှက်ရှိကြောင်း သိရပြီး ဖိလစ်ပိုင်သို့ တင်ပို့ရမည့် တန်ချိန် ၂ သိန်းမှာလည်း ဖိလစ်ပိုင်ဘက်မှ ၀ယ်ယူရန် အစီအစဉ် ဖျက်သိမ်းလိုက်သောကြောင့် လုပ်ငန်းရှင်များ များစွာ နစ်နာခဲ့ရသည်ဟု သိရသည်။ ပုံမှန်နှစ်များတွင် စပါးမှာ တင်း ၁၀၀ လျှင် ၆ သိန်းခန့် ပေါက်ဈေးရှိကြောင်းလည်း သိရသည်။

 

ဝသန်

The Ladies News

No comments: