Tuesday, October 25, 2016

မိုင်းလားရောက် “၀” တပ်များ ဆုတ်ပေးရန် တပ်မတော် ညွှန်ကြားထားသော်လည်း “၀” တပ်များ မိုင်းလားနယ်တွင် ရှိနေဆဲ


Posted: October 25, 2016

မိုင်းလားဒေသတွင် ၀င်ရောက် အခြေချထားသည့် UWSA “၀” တပ်ဖွဲ့များအား အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံးထား ဆုတ်ပေးရန် တပ်မတော်က ညွှန်ကြားထားသော်လည်း ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီခွဲအထိ “၀” တပ်ဖွဲ့များမှာ ဆုတ်ခွာခြင်း မရှိသေးကြောင်း “၀” မိုင်းလား ခေါင်းဆောင်များနှင့် နီးစပ်သူ မိုင်းလား ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။

 

“လူကြီးတွေကတော့ ပြေလည်အောင် ညှိနေကြတယ်။ အခြေအနေကတော့ ထူးခြားပြောင်းလဲသွားတာမျိုး မရှိသေးဘူး” ဟု အဆိုပါ အမည်မဖော်လိုသည့် The Ladies News ၏ ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်က ဆိုသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ မိုင်းလားဒေသ၏ အရေးပါသည့် စခန်းများဖြစ်သည့် လွယ်ကျူဆိုင်း ၊ လွယ်ဆမ်ဆုမ် စခန်းများ အပါအ၀င် စခန်းအချို့ကို “၀” တပ်ဖွဲ့ဝင်များက ၀င်ရောက် သိမ်းပိုက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဖမ်းဆီးခဲ့သည့် စစ်သည်များကို ပြန်လည် လွတ်ပေးခဲ့သော်လည်း အရေးပါသည့် စခန်းများကို “၀” တပ်ဖွဲ့မှ ဆက်လက်ထိန်းချုပ်ထားခဲ့သည်။

 

ယင်းနောက်ပိုင်းတွင် မိုင်းလားနယ်မြေအတွင်း ကူးသန်းသွားလာမှုအချို့ လျော့နည်းသွားပြီး လွန်ခဲ့သည့် ရက်ပိုင်းကမူ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ မိုင်းလားနယ်မြေရောက် “၀” တပ်များ ပြန်လည်ဆုတ်ခွာရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး တိုက်လေယာဉ်အချို့မှာလည်း ပျံဝဲမှုများ ပြုလုပ်ခဲ့သည်။

 

ကျိုင်းတုံ မိုင်းလားသွားလမ်းရှိ တာ့ပင်းဂိတ် အပါအ၀င် မိုင်းလားဒေသနှင့် တာချီလိတ်၊ ကျိုင်းတုံ ဒေသဘက်သို့ ဆက်သွယ်သည့် လမ်းကြောင်းများကိုလည်း ပိတ်ထားလိုက်ကာ တပ်မတော်မှလည်း မိုင်းလားနယ်မြေအနီး နေရာချ တပ်စွဲမှုများ ပြုလုပ်လာခဲ့သည်။

 

UWSA အနေဖြင့် မိုင်းလားဒေသသို့ ၀င်ရောက် စီးနင်းခဲ့မှုမှာ နယ်မြေသတ်မှတ်ပေးပါက အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ရေးထိုးမည့် မိုင်းလား၏ ပြောဆိုချက်ကြောင့် ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်သည်။

 

“၀” အနေဖြင့် မိုင်းလားနယ်မြေအတွင်း ဖြစ်ခဲ့သည့် အထင်လွဲမှားမှုများကို ပြေလည်အောင် ဖြေရှင်းသွားမည်ဟု အောက်တိုဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့် အစိုးရ ငြိမ်းချမ်ရေး ကော်မရှင်ထံ အကြောင်းကြားစာပို့ထားသည်။

 

လတ်တလော အတွင်းမှာပင် မိုင်းလားဒေသ၌ ကမ္ဘာလှည့်ခရီးသွား အချို့ ပိတ်မိနေသည်ဟု တာချီလိတ် သတင်းဌာနက ဖော်ပြပြီး တရုတ်မြန်မာ နယ်စပ် မိုင်းလားသို့ တင်ပို့မည့် သစ်သီးများမှာလည်း တာချီလိတ်တွင် သောင်တင်နေသည်ဟု ဆိုသည်။

 

မိုင်းလားတပ်ဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်ကမူ “၀” တပ်ဖွဲ့များ မိုင်းလားနယ် ရောက်လာမှုမှာ ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေသောကြောင့် “၀” တပ်များ ပြန်လည်ဆုတ်ခွာရန် လိုသည်ဟု အောက်တိုဘာလ ၂၄ ရက်နေ့က The Ladies News သို့ ပြောထားသည်။ သျှမ်းသံတော်ဆင့် သတင်းတွင်မူ ထိုင်းမြန်မာနယ်စပ်ရှိ “၀” တောင်ပိုင်းဒေသတွင်ပါ စစ်ရေးတင်းမာမှုများ ရှိနေသည်ဟု ဆိုသည်။

 

၂၁ ရာစု ပင်လုံညီလာခံတွင် မိုင်းလားအဖွဲ့မှ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးအဖြစ် တက်ရောက်ခဲ့သူ ဦးမောင်မောင်စိုး၏ ဖေ့စ်ဘုတ်တွင်မူ “ယနေ့ ညနေ ၃ နာရီခန့်အထိ မိုင်းလားဒေသ လွယ်ကျူဆိုင်း လွယ်ဆမ်ဆုန်

(တောင်သုံးလုံး) ဒေသမှာ တပ်စွဲထားသည့် UWSA တပ်များ ဆုတ်ခွာခြင်းမရှိ သေးပါ။ ၂၁-၁၀-၂၀၁၆ နေ့စွဲနှင့် ထုတ်ပြန်သည့် UWSA ခေါင်းဆောင် ပေါက်ယိုချမ်း၏ ကြေညာချက်အရ အဆိုပါ ပြသ၁နာကို UWSA နှင့် NDAA ခေါင်းဆောင်များ ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဟု ဆိုသည်။ မြေပြင်သတင်းများအရ NDAA မိုင်းလားခေါင်းဆောင် အချို့ UWSA ဌာနချုပ် ပန်ဆန်းသို့ ရောက်ရှိ ဆွေးနွေးနေသကဲ့သို့ UWSA ခေါင်းဆောင်အချို့လည်း တန့်ယန်းသို့ သွားရောက်၍ တပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဆိုပါသည်။ ပြသ၁နာကို ပိုမိုမကြီးထွားစေရန် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည် ဖြစ်သင့်သည့် လမ်းကြောင်းဟု ဆိုရပါမည်’’ ဟု အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်က ရေးသားထားသည်။

 

The Ladies News

No comments: