စကားပလ္လင်
၂၁ရာစုပင်လုံနှင့် ပတ်သက်သော အကြိုဆွေးနွေးပွဲ တစ်ခုတွင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ‘အမှတ်အသားသရုပ်’ (Identity) ပြဿနာကိုပြောဆိုသွားခဲ့ရာ တော်တော်များများ စိတ်ဝင်တစားရှိကြသည်ကို သတိပြုမိသည်။ သည်တွင်စာရေးသူကိုယ်တိုင်သည်လည်း အမှတ်အသားသရုပ်နှင့် ပတ်သက်သော ပညာရှင်တို့၏ အတွေးအမြင်များကို စုစည်းဖော်ပြချင်လာသည်။ ပြီးမှဆိုခဲ့ပါအမှတ်အသားသရုပ်ပြဿနာနှင့် မြန်မာ့နိုင်ငံရေးအဆက်အစပ်ကို ဉာဏ်မီသလောက်တို့ထိကြည့်လို သည်။
ပထမစာအုပ်မှာ ‘ဆမ်မျူ ရယ်(လ)ဖီဟန်တင်တန်’၏ ‘ငါတို့ ဘယ်သူလဲ’ (Who are We?) ဆို သော စာအုပ်ဖြစ်သည်။ ‘အမေရိ က၏ အမျိုးသားအမှတ်အသား သရုပ်အတွက် စိန်ခေါ်ချက်များ’ (The Challenges to America's National Identity) ဆိုသော ဒုတိယခေါင်းစဉ်လည်းပါသည်။ ၂၀၀၅ ခုနှစ်ကထွက်ခဲ့သော စာအုပ်ဖြစ်သည်။ ဤစာအုပ်၏ အနှစ်ချုပ်သဘောကို ၂၀၀၅ ခုနှစ်ကပင် ‘ခေတ်ဆန်းဂျာနယ်’ တွင်စာရေးသူဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ဒုတိယစာအုပ်မှာ နောက်ထပ်ခေတ်ပြိုင်ပညာရှင် တစ်ဦးဖြစ်သူ ‘အမတြာဆင်း’၏ ‘အမှတ်အသားသရုပ်နှင့် အကြမ်းဖက်မှု’ (Iden-tity and Violence) ဖြစ်သည်။ ‘ကံကြမ္မာ၏ အတွေးမှား၊ အယူမှား၊အစွဲမှား’ (The Illusion of De-stiny)ဆိုသော ဒုတိယခေါင်းစဉ်ပါသည်။ ၂၀၀၆ ခုနှစ်ကထွက်ခဲ့သော စာအုပ်ဖြစ်သည်။ ဤစာအုပ်၏ရှေ့ပိုင်း အခန်းများကိုလည်း ၂၀၀၈ ခုနှစ်ထုတ် The Waves မဂ္ဂဇင်းများတွင် ဘာသာပြန်ဆိုဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ညွှန်းဆိုခဲ့သည်မှာ ဤစာအုပ်မှ ဖြစ်လိမ့်မည်ထင်သည်။
ပြောရလျှင် ဆိုခဲ့ပါပညာရှင် နှစ်ယောက်လုံးမှာ ‘အမှတ်အသား သရုပ်’ ပြဿနာကို ချဉ်းကပ်ဖွင့် ဆိုကြသော်လည်း သဘောထား အမြင်ချင်းကား တူကြသည်မ ဟုတ်ပါ။ ဆန့်ကျင်ဘက်ဟူ၍ပင် ဆိုနိုင်စရာများရှိပါသည်။ သို့နှင့်တိုင် အဆိုပါ မတူသောသဘော ထားနှစ်ရပ်လုံးကပင် မြန်မာ့နိုင်ငံ ရေးပြဿနာများနှင့် ဆက်စပ်နေ သည်။ ‘ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု’တည်ဆောက်ရေးနှင့် ဆိုင် သလို ‘ရခိုင်အရေး’နှင့်လည်း ပတ် သက်ဆက်စပ်နေသည်။ သို့ဖြင့် အမှတ်အသားသရုပ်ဆိုင်ရာ ဒီ ဘိတ်ကြီးတစ်ခု၏ အစွန်းနှစ်ဖက် မှ အမြင်များမှာ မြန်မာ့နိုင်ငံရေး နှင့် အံ့သြဖွယ်ရာ ဆက်စပ်လျက်ရှိ သည်ကို တွေ့လိုက်ရသည်။ စာ ဖတ်သူများ ‘ဦးနှောက်မုန်တိုင်း ဆင်’ နိုင်ရန် ဖော်ပြလိုက်ပါသည်။
ဟစ်စပန်နစ် စိန်ခေါ်သံ
‘ငါတို့ဘယ်သူလဲ’ ၏ ကျမ်း ရှင် ဟန်တင်တန်က သူ့စာအုပ်ကို အမေရိက၏ ‘အမျိုးသားအမှတ် အသားသရုပ်’ ဖြင့် စဖွင့်သည်။ လူ မျိုးအရ အင်ဂလိုအနွယ်၊ ဘာသာ စကားအရ အင်္ဂလိပ်ဘာသာစကား၊ ကိုးကွယ်မှုအရ ပရိုတက်စတင့် ခရစ်ယာန်၊ ယုံကြည်မှုအရ ပုဂ္ဂလိက၀ါဒဟူ၍ ဖြစ်သည်။ အဆိုပါ နှုန်းစံတန်ဖိုးများဖြင့်ပင် မြေကြီး ပေါ်မှ ကောင်းကင်နိုင်ငံတည်ဆောက်နိုင်လိ့မ်မည်ဟု သဘော ယူကာ အမေရိကန် ပြည်ထောင်စု ကို ‘တောင်ကုန်းပေါ်မှ မြို့’(City on a Hill) ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ၂၀ ရာစုတစ်ခုလုံးလောက် ပင် ကမ္ဘာအရပ်ရပ်မှ လူမျိုးနွယ်ပေါင်းစုံမှာ ရေကြည်ရာမြက်နုရာ ရှာဖွေကြရင်း တောင်ကုန်းပေါ်မှ မြို့သို့ရောက် လာကြသည်။ ဤနေရာတွင် စီးပွားရေးအခွင့်အလမ်း တွေရှိသည်။ ပညာရေးလမ်းကြောင်း စုံပွင့်နေသည်။ လူမျိုးပေါင်းစုံ၊ အသားအရောင်မျိုးစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၏ သမူဟနယ် မြေ ဖြစ်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ခဲ့ကြသည်။ ဤသည်ပင် ‘အမေရိကန်အိပ်မက်’ (American Dream) ဖြစ်တော့သည်။
သို့တစေ အဆိုပါ အိပ်မက် ကို စိန်ခေါ်လိုက်သည့်ဖြစ်စဉ်ကြီး တစ်ခု ၂၀ ရာစုနှောင်းပိုင်းကပင် အရှိန်အဟုန်နှင့် ပေါ်ထွက်နေခဲ့ပြီး ဖြစ်သည်။ ခေတ်ပြိုင်ဂလိုဘယ် လိုက်ဇေးရှင်းဖြစ်စဉ်နှင့်အတူ ကျွဲ ကူးရေပါ ဖြစ်လာသော အစုလိုက် အပြုံလိုက် လူရွှေ့ပြောင်းမှုကြီး ဖြစ်ပါသည်။ ဤရွှေ့ပြောင်းမှုကြီး မှာ အရေအတွက်အရ ကြီးမားများပြားရုံမျှမက ယဉ်ကျေးမှုအရ လည်း သိပ်သည်းခိုင်မာလှရာ သမိုင်းအဆက်ဆက်ကြုံခဲ့ဖူးသော ယခင်အကြိမ်များနှင့်မတူ။ ပင်မ ရေစီးကြောင်းနှင့် ပူးပေါင်းသွားဖို့ ထက် အပြိုင်ရေစီးဖြစ်ဖို့များနေ သည်။ အဆင်မသင့်လျှင် ‘ကန့် လန့်ဖြတ်ရေစီးကြောင်း’ ပင် ဖြစ် ကောင်းဖြစ်သွားနိုင်သည်။
အမေရိက၏ အိမ်နောက် ဖေးဟုဆိုနိုင်သော လက်တင်အ မေရိကတစ်လွှားမှ ဟစ်စပန်နစ် နွယ်ဖွားများ အတောမသတ်လှိမ့် ၀င်လာနေသော ရေစီးကြောင်းကြီးဖြစ်ပါသည်။
အဆိုပါ ဟစ်စပန်နစ်စိန်ခေါ် သံ၏ ထင်ရှားသော သာဓကတစ်ခု မှာ မီယာမီဇာတ်လမ်းပင် ဖြစ် သည်။ ၁၉၆၀ ၀န်းကျင် ကျူးဘား တွင် ဖီဒယ်ကက်စထရိုအာဏာရ လာသောအခါ ထွက်ပြေးလာ သော ကျူးဘားပြည်ပြေးများကို ‘ဖလော်ရီဒါတောင်ပိုင်း’တွင် အခြေချနေထိုင်ခွင့်ပေးခဲ့ရာမှ မီယာမီဇာတ်လမ်းစသည်။ နှစ်ပေါင်း၃၀ မျှကြာသောအခါ မီယာမီစီး ပွားရေး တစ်ခုလုံးကို ဟစ်စပန်နစ် နွယ်ဖွားတွေက သိမ်းပိုက်လိုက် သည်။ နောက်စီးပွားရေးသာမ ကနိုင်ငံရေးတွင်ပါ ချုပ်ကိုင်လာ သည်။ နောက်ဆုံးအမေရိက၏ အမျိုးသားအမှတ်အသားသရုပ် ကိုပင် စိန်ခေါ်လာတော့သည်။ လူ မျိုးအရ အင်ဂလိုအနွယ်ထက် ဟစ်စပန်နစ်နွယ်ဖွားတွေက အ များစုဖြစ်လာသည်။ ဘာသာစကားအရ အင်္ဂလိပ်ထက် စပိန်က အဓိ ကဖြစ်လာသည်။ ကိုးကွယ်မှုအရ ပရိုတက်စတင့်ခရစ်ယာန်ထက် အော်သိုဒေါက်ခရစ်ယာန်ဖြစ်လာ သည်။ ယုံကြည်မှုအရ ပုဂ္ဂလိက ၀ါဒထက် စုပေါင်းဝါဒက ပိုအရေး ပါလာသည်။ ဤတွင် မူလပင်မ အမေရိကန်များအနေနှင့် မိမိ ကိုယ်ကိုယ် ‘ငါတို့ဘယ်သူလဲ’ ဟု မေးရတော့မလို ဖြစ်နေတော့သည် ဟု ကျမ်းရှင်က နိဂုံးချုပ်လိုက်ပါ သည်။
ပုံသေကားကျ အန္တရာယ်
အမတြာဆင်း၏ စာအုပ် ‘အ မှတ်အသားသရုပ်နှင့် အကြမ်း ဖက်မှု’မှာ ရှေ့တွင်ဖော်ပြခဲ့ပြီး သော ဟန်တင်တန်၏ စာအုပ်ကို ဝေဖန်ထားခြင်း ဖြစ်သည်။ ‘ဆင်း’ က သူ့စာအုပ်ကို အာဖရိကန် အမေရိကန်စာရေးဆရာ ‘လန်စ တန်ဟိုက်’၏ ၁၉၄၀ ပြည့်နှစ်က ထုတ်ဝေခဲ့သော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ‘မဟာသမုဒ္ဒရာ’မှ အ ခန်းတစ်ခန်းနှင့် စဖွင့်သည်။ စာရေးဆရာ၏ သူ့ဇာတိအာဖရိကသို့ ပြန်ခန်း ..။ ‘‘နယူးယော့မြို့တော် မှ ထွက်ခွာလိုက်သည်နှင့် လွတ် လပ်ပေါ့ပါးစိတ်က သူ့ဟာဒယ တစ်ခုလုံးကို သိမ်းပိုက်သွားသည်။ အမေရိကန်ရေပိုင်နက်ကို ကျော် သည်နှင့် ပါလာသော အမေရိကန် စာအုပ်တွေကို ပင်လယ်ထဲပစ်ချ လိုက်ရာ ကျွန်တော့်အသည်းနှလုံးထဲက သန်းနှင့်ချီသော ကျောက်ခဲ တွေ ဆွဲထုတ်လွှင့်ပစ်လိုက်ရသလို ပါပဲဗျာ’’ဟု သူ့ခံစားမှုကို ဖွင့်ပြ သည်။ အမှန်စင်စစ် ကျမ်းရှင် ဆင်းပြောလိုသည်မှာ ‘အိမ်လွမ်း စိတ်’တစ်နည်း ‘အမှတ်အသားသရုပ်’ အကြောင်းပင်ဖြစ်သည်။ ဤစိတ်က ပျော်ရွှင်ချမ်းမြေ့မှုကို သာမက စိတ်ဓာတ်ခွန်အားနှင့် ယုံကြည်မှုကိုပါပေးသည်။ သို့နှင့်တိုင်အမှတ်အသားသရုပ်မှာ အချစ်ဖြင့် ထာဝရထုံမွမ်းနေသည်မျိုး လည်း မဟုတ်ပြန်။ တစ်ခါတစ်ရံ (မကြာမကြာဟူ၍ပင် ဆိုနိုင် လောက်သည်) အချစ်၏ ဆန့်ကျင်ဘက် အမုန်းဖြင့်လည်း ဆူဝေနေတတ်သည်ဟု မှတ်ချက်ပြုသည်။
ထို့နောက် ဆင်းက လူ၏ ‘အမှတ်အသားပေါင်းစုံ လက္ခဏာ’ (Human Pluralism) ကို ဆက် ဟောသည်။ အထူးသဖြင့် ဂလို ဘယ်လိုက်ဇေးရှင်းခေတ် လူသား တွင် တစ်ခုမကသော ‘ဗဟုအ မှတ်အသားသရုပ်’ရှိတတ်သည်။ ဤအတွက်တော့ သူ့အကြောင်း ကိုပင် ယခုလိုသာဓကတင်သည်။ ‘အာရှတိုက်သား၊ အိန္ဒိယနိုင်ငံသား၊ ဘင်္ဂလားဒေ့(ချ) မျိုးရိုးမှ ဆင်းသက်လာသော ဘင်္ဂါလီလူမျိုး၊ အမေရိက(သို့မဟုတ်) ဗြိတိသျှတွင်နေ ထိုင်သူ၊ ဘောဂဗေဒသမား၊ ဒဿ နပညာတွင် ဟိုစပ်စပ် ဒီစပ်စပ် လုပ်သူ၊ စာရေးဆရာ၊ သင်္သက ရိုက်စာတတ်သူ၊ ဒီမိုကရေစီနှင့် လောကီသီးသန့်ဝါဒကို အလေး အနက်ယုံကြည်သူ၊ ဣတ္ထိယ၀ါဒီ ပုံမှန်ဖိုသဘာဝရှိသော ယောက်ျား၊သို့သော် ယောက်ျားလျာ၊ မိန်းမလျာများကို လူအနေနှင့် သဘောထားသူ၊ မိရိုးဖလာ ဟိန္ဒူဘာသာ ၀င်၊ သို့သော် ဗြဟ္မဏတော့ မဟုတ်၊ပရလောကကို မယုံကြည်သူ .. စသဖြင့်’ ။ ဤသို့တစ်ခုမကသော အမှတ်အသားသရုပ်များထဲမှ တစ်ခုခုကိုသာ ပုံသေကားကျ ဆန် ဆန်စွဲလမ်းလွန်းလျှင် အန္တရာယ်ရှိ သည်ဟု သူကကောက်ချက်ချ သည်။ အထူးသဖြင့် ဘာသာရေး ကို ရွေး၍စွဲလမ်းလွန်းလျှင် အစွန်း ရောက်တစ်ယူသန်ဝါဒသို့ ဦးတည် စေတတ်သည်ဟု သတိပေးသည်။ ဤသည်ပင် ကျမ်းရှင် ဆင်းကပေး လိုသော အမှာစကားဖြစ်ပါလိမ့် မည်။
အမတြာဆင်း၏ ဆိုခဲ့ပါစာ အုပ်မှာ စထွက်ကတည်းက ယခု ချိန်ထိ အရောင်းသွက်စာရင်းဝင် ဖြစ်နေခဲ့သည်။ အထူးသဖြင့် ကမ္ဘာအရပ်ရပ်မှ ‘လစ်ဘရယ်’များ က ဤစာအုပ်ကို အကိုးအကားပြု လေ့ရှိကြသည်။ ‘ငါတို့ဘယ်သူလဲ’ ကို ရေးခဲ့သူ ဟန်တင်တန်မှာ သူ၏ယခင်စာအုပ်များကြောင့် လူသိများထင်ရှားပြီး ဖြစ်သည်။ တတိယလှိုင်း (The Third Wave)၊ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း (The Clash of Civilization) တို့ မှာ အထူးထင်ရှားခဲ့သည်။ သို့တ စေသူ၏ ယခုစာအုပ် (ငါတို့ဘယ် သူလဲ)ကိုမူ အမေရိကန်လစ်ဘ ရယ်များက ခံတွင်းတွေ့ကြဟန် မရှိ။ သို့နှင့်တိုင်ရီပက်ဘလေကန် သမ္မတလောင်း ဒေါ်နယ်ထရန့်မှာ ဤစာအုပ်ကိုရေရေလည်လည် ဖတ်ထားသည်ဟု သိရသည်။ သူ့ မိန့်ခွန်းတော်တော်များများမှာ ဤစာအုပ်ထဲကလာသည်။ သာမန် အမေရိကန်လူထုကလည်း သူ့ကို တစ်ခဲနက် အားပေးလျက်ရှိကြသည်။
စင်ပြိုင်ဒရမ်မာ
ဆိုခဲ့ပြီးသော ဟန်တင်တန် -အမတြာဆင်း ဒီဘိတ်ကြီးတွင် နှစ်ဖက်စလုံး သူ့အထိုင်နှင့် သူမှန် သည်ဟု ယူဆပါသည်။ အထိုင် ချင်းမတူ၍ အမြင်ချင်းကွဲလွဲကြ သည်ဟု နားလည်ရသည်။ ဟန် ကင်တန်က နိုင်ငံကို အခြေပြု၍ စဉ်းစားဟန်ရှိသည်။ (Nation Base Approach) အမျိုးသားရေး ဂုဏ်သိက္ခာ၊ အမျိုးသားလုံခြုံရေး၊ အမျိုးသားအမှတ်အသား သရုပ် စသည်များအပေါ် ရပ်ခံသည်။ တကယ့်အရှိ (Reality) ကို အခြေခံသည်ဖြစ်၍ လက်တွေ့အ ခြေပြုအမြင် (Pragmatic Per-spective) ဟု ဆိုနိုင်ပါလိမ့်မည်။ အစုအဝေး (Group Right) ဘက်မှ ရပ်ခံတင်ပြလိုသည့် သဘောရှိသည်။ ၁၆၄၈ ခုနှစ်ကချုပ်ဆိုခဲ့သော ၀က်စဖေးလီးယားစာချုပ်မှ ယနေ့ကုလသမဂ္ဂအထိမှာ ဤအမြင်ပေါ်တွင် အခြေခံထားသည်ဖြစ်ရာ ‘ခေတ်မရှိတော့၊ ခေတ်နှင့်အံချော်နေပြီ’ စသဖြင့်ပြောလို့မဖြစ်ပါ။ ထည့်သွင်းစဉ်းစားကြရမည့် အရှိတရားဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံလို ကမ္ဘာကြီးနှင့် ကာလတာရှည် အဆက်ပြတ်ခဲ့ရသော တိုင်းပြည်မျိုးအတွက် ပို၍ပင်အရေးကြီးပါသည်။
အမတြာဆင်းကမူ လူကိုအ ခြေပြု၍ စဉ်းစားဟန်ရှိပါသည်။ လူမျိုး၊ အသားအရောင်၊ ကိုးကွယ် သည့်ဘာသာ မည်မျှပင်ကွဲပြား ခြားနားပါစေ ‘လူသည်လူပင်ဖြစ် သည်’ ဆိုသော ပရမတ္တအမြင်ကို ဗဟိုပြု စဉ်းစားပါလိမ့်မည်။ (Human-Base Approach) သို့နှင့်အမျှ လူ့ဂုဏ်သိက္ခာ၊ လူ့လုံ ခြုံရေး၊ လူ့အခွင့်အရေးစသောအ ထိုင်များပေါ်မှ ရပ်ခံသည်။ ‘‘လောကလုံးသဘောဆောင်သော နှုန်း စံများ’ (Universal Norms) ပေါ်အခြေခံသည်ဖြစ်၍ လောကလုံးအမြင် (သို့မဟုတ်) စံအခြေပြုအမြင်(Universal, Normative Perspective) ဟု ဆိုနိုင်ပါလိ့မ်ည်။ ‘တစ်ဦးချင်း အခွင့်အရေး’ (Individual Right) ဘက်မှ ရပ်ခံတင်ပြလိုသော သဘောရှိသည်။ ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်ရလာသည်နှင့်အမျှ ပို၍တွင် ကျယ်လာမည့် သဘောရှိရာ ဤအမြင်ကိုလည်း ပစ်ပယ်၍ ဖြစ်မည်မထင်ပါ။
ပို၍အရေးကြီးသည်မှာ ဆို ခဲ့ပါအမြင်နှစ်ရပ်လုံးမှာ မြန်မာ့နိုင် ငံရေး၏ အရေးကြီးသော ပြဿ နာရပ်များတွင် တူညီစွာပတ်သက် ဆက်စပ်နေခြင်း ဖြစ်ပါသည်။ ဥပ မာ-ဒီမိုကရေစီနှင့် ဖက်ဒရယ်အ ဆက်အစပ်ဆိုပါစို့။ ဒီမိုကရေစီမှာ ‘တစ်ဦးချင်း အခွင့်အရေး’ အပေါ် အခြေခံရသည်ဖြစ်ရာ လူတစ်ကိုယ် မဲတစ်မဲစနစ်ဖြင့် အောက်လွှတ် တော်(ပြည်သူ့လွှတ်တော်)ကို ရွေး ချယ်ကြရသည်။ သို့တစေ မြန်မာ နိုင်ငံမှာ လူမျိုးပေါင်းစုံ မှီတင်းနေ ထိုင်ကြရာဖြစ်ရာ ဖက်ဒရယ်စနစ် ကျင့်သုံးဖို့လည်း လိုအပ်နေပါ သည်။ တစ်နည်းဆိုလျှင် လူမျိုးတို့ ၏ အမျိုးသားအမှတ်အသား သရုပ်ကို ပစ်ပယ်လို့မဖြစ်။ သို့နှင့် အမျှ ‘အစုအဝေး အခွင့်အရေး’ ကို ကိုယ်စားပြုပြီး ဒေသကိုအခြေခံ ကာ အထက်လွှတ်တော် (အမျိုး သားလွှတ်တော်)ကို ဖွဲ့စည်းကြရ သည်။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်(တစ်နည်း) အစုအဝေးအခွင့်အရေးနှင့် တစ်ဦး ချင်းအခွင့်အရေးတို့ ချိန်ခွင်လျှာ မျှ ရေးသည်ပင် ဖက်ဒရယ်နှင့် ဒီမို ကရေစီအဆက်အစပ်၏ အနှစ် သာရ ဖြစ်ပါလိမ့်မည်။
ရခိုင်ပြည်နယ်အရေးမှာ လည်းဤ နည်းနှင်နှင်ပင် ဖြစ်သည်။ အချို့က လူ့အခွင့်အရေးကို ရှေ့တန်း တင်ပြောသည်။ တိုင်းရင်းသား ရခိုင်တို့၏ အမျိုးသားအမှတ်အသား သရုပ်ကိုထိခိုက်ပွန်းပဲ့နိုင်စရာ ရှိနိုင်ပါသည်။ ဆိုရလျှင် တိုင်း ပြည်၏ အချုပ်အခြာအာဏာကို ပါ ထိပါးနိုင်စရာရှိသည်။ ဤသို့ဆို သည်နှင့် လူ့အခွင့်အရေးကို ပစ် ပယ်ရမည်ဟု ဆိုလိုသည်မဟုတ် ပါ။ လူ့အခွင့်အရေးကိုလည်း တန် ဖိုးထားလေးစားရမည်သာ ဖြစ်ပါ သည်။ အရေးကြီးသည်မှာ ‘တစ် မဟုတ်လျှင် နှစ်ဖြစ်ရမည်’ ဆို သော လောဂျစ်နှင့် ပြဿနာကို မချဉ်းကပ်မိဖို့ ဖြစ်မည်ထင်ပါ သည်။ ။

No comments:
Post a Comment