Thursday, May 5, 2016

မစ်ဆုံစီမံကိန်းနဲ့ NLD ရဲ့ ၀ိဝါဒ”

“မြစ်ဆုံစီမံကိန်းနဲ့ NLD ရဲ့ ၀ိဝါဒ”
------ ------ ------ ------ ------
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအဖွဲ့သည် ခက်ခဲတဲ့ မူဝါဒဆိုင်ရာ စမ်းသပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့ရတော့မှာ ဖြစ်တယ်။ ဒါကတော့ တရုတ်-မြန်မာဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စေတဲ့ မြစ်ဆုံစီမံကိန်းကို အပြီးသတ်ရပ်စဲလိုက်ရမှာလား။ သို့တည်းမဟုတ် ဆက်လုပ်ခွင့်ပေးမှာလား။

မေခနဲ့ မလိခမြစ်ကြောင်းတလျောက်မှာတည်ဆောက်ထားတဲ့ ဆည် ၇ ခုရဲ့ ဗဟိုချက်မအဖြစ်ရည်ရွယ်တည်ဆောက်မယ့် မြစ်ဆုံစီမံကိန်းကြီးကို ယခင်စစ်အစိုးရနဲ့ China Power International (CPI) အကြား ၂၀၀၀ ခုနှစ်အစောပိုင်းကာလက သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။စီမံကိန်းကြီးကို ၂၀၀၉ ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပြီး ၂ နှစ်အကြာ ၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က သူ၏သမ္မတသက်တမ်း ကုန်ဆုံးချိန်အထိ ဆိုင်းငံ့ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အခုအခါမှာတော့ ဒီပြဿနာကြီးကို အစိုးရသစ် ခေါင်းဆောင်သစ်များထံ လက်ဆင့်ကမ်းပေးခဲ့ပြီဖြစ်ပြီး ၁၃၁၀ မီတာရှည်လျားပြီး အနက် မီတာ ၁၄၀ ရှိတဲ့ ကမ္ဘာ့အကြီးဆုံးအဆင့် ၁၅ ရှိ ရေအားလျှပ်စစ်ဆည်ကြီးနဲ့ပတ်သက်လို့ ခေါင်းဆောင်သစ်တွေ ဆုံးဖြတ်ရခက်နေချေပြီ။ မြစ်ဆုံစီမံကိန်းကြီးမှာ အငြင်းပွားဖွယ်ရာများနဲ့ ပြည့်နှက်နေပါတယ်။ NGO များ၊ ပြည်တွင်းအဖွဲ့အစည်းများက မြစ်ဆုံဆည်၏ အကျိုးဆက်အဖြစ် ဧရာဝတီမြစ်ကြောင်းတလျှောက်က ဂေဟစနစ်တွေပျက်စီးသွားနိုင်ကြောင်း ထောက်ပြထားပြီး စီမံကိန်းသဘောတူစာချုပ်ပါ အသေးစိတ် အချက်အလက်များကို အများပြည်သူသိခွင့်မရတဲ့အပေါ်မှာလည်း စိတ်ပျက်နေကြပါတယ်။

CPI က ကမကထပြုပြီး မြန်မာကျွမ်းကျင်သူများ၊ တရုတ်ကျွမ်းကျင်သူများ ပူးပေါင်းပြုစုခဲ့တဲ့ ၂၀၀၉ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုအစီရင်ခံစာမှာ ‘မြစ်ဆုံစီမံကိန်းသည် စီမံကိန်းကြီး၏အထက်ပိုင်းမြစ်ကြောင်းတလျောက်သာမက အောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအထိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ၊ လူမှုစီးပွားဘ၀များဆိုင်ရာဆိုးကျိုးများကို ကြီးမားစွားဖြစ်ပေါ်နိုင်သည်’လို့ ဖော်ပြခဲ့တယ်။

ဒီအစီရင်ခံစာကို နောက်ပိုင်းမှာမသိကျိုးကျွန်ပြုခဲ့တယ်။ ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေမှာ ‘ဒေသတွင်း၌ ပြင်းထန်စွာနှင့် ကမ္ဘာ့အတိုင်းအတာနှင့် သိသာထင်ရှားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု သုံးခုရှိသည်။ ယင်းတို့မှာသစ်ပင်မျိုးကွဲများစွာအပေါ် အကျိုးသက်ရောက်မှု၊ အရေးပါသော ဇီဝမျိုးနွယ်မျိုးစိတ်များအပေါ် သက်ရောက်မှု၊ မြန်မာနိုင်ငံတွင်းရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အရေးပါသောနေရာဒေသများအပေါ် အကျိုးသက်ရောက်မှုတို့ဖြစ်သည်’လို့ ပါရှိပါတယ်။ ဒီအစီရင်ခံစာကို ၂၀၀၉ ခုနှစ်မှာ ပြုစုခဲ့တာဖြစ်ပေမယ့် အများပြည်သူသိခွင့်ရခဲ့တာကတော့ စီမံကိန်းကြီးကို စတင်အကောင်အထည်ဖော်ပြီး ၂ နှစ်အကြာ ၂၀၁၁ ခုနှစ်မှ ဖြစ်ပါတယ်။

ဒီ ၂ နှစ်ကာလအတွင်းမှာကို လူမှုဘ၀ထိခိုက်မှုကတော့ သိသာထင်ရှားပါတယ်။ အနည်းဆုံးလယ်သမား ၅၀၀၀ လောက် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို စွန့်ခွာခဲ့ရပြီး ပြန်လည်နေရာချထားပေးရေး ဧရိယာကအဆင့်မမီတဲ့ အိမ်ရာတွေမှာ အစားထိုးနေရာချထားခြင်းခံခဲ့ရပါတယ်။ နစ်နာကြေးဆိုတာလည်း နည်းပါးလှပြီး တချို့ဖြစ်ရပ်တွေမှာဆိုရင် တမိသားစုလုံးအတွက် ဒေါ်လာ ၈၀ (ကျပ် ၁ သိန်းဝန်းကျင်) သာ နစ်နာကြေးရပါတယ်။ စီမံကိန်းကြီးကတော့ မဂ္ဂါဝပ် ၆၀၀၀ ကျော် ထုတ်လွှတ်နိုင်မယ့် အရေးကြီး လျှပ်စစ်ဓါတ်အားစီမံကိန်းကြီးအဖြစ် ထုတ်ဖော်ကြေညာထားတာပါ။ မြစ်ဆုံစီမံကိန်းနဲ့ အနီးဆုံးမြို့ဖြစ်ပြီး ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာတောင် လျှပ်စစ်ဓါတ်အား မလုံလောက်တဲ့အချိန်မှာ ဒီစီမံကိန်းကထွက်လာမယ့် လျှပ်စစ်ဓါတ်အားရဲ့ ၉၀ ရာနှုန်းကို တရုတ်ပြည် ယူနန်ပြည်နယ်ဆီကို ပို့လွှတ်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေပါဝင်လာပါပြီ။ ၁၉၈၈ ကစပြီး တစတစ ကြီးထွားလာတဲ့ တရုတ်ရဲ့ သြဇာသက်ရောက်မှုကို မြန်မာပြည်သူတွေက ဒီဖြစ်ရပ်တွေနဲ့ ချိန်ထိုးတွေးဆလာကြတယ်။ ၁၉၈၀ ခုနှစ်များကစလို့ စစ်အာဏာရှင်တို့ရဲ့ သြဇာလွှမ်းမိုးမှုအဆုံးသတ်ဖို့ အစပြုခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလအထိ တရုတ်ဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ၊ အဓိက လက်နက်ရောင်းချပေးတဲ့နိုင်ငံနဲ့ အဓိက ကုန်စည်ကူသန်းရောင်းဝယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ခဲ့တယ်။

တရုတ်၏ကျောထောက်နောက်ခံပေးမှုကြောင့် အာဏာရှင်အစိုးရသက်တမ်းရှည်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ဒီအတွက် ပြန်ပေးဆပ်ရတာတွေကလည်း များပါတယ်။ မြန်မာနိုင်ငံကို တရုတ်သိမ်းတော့မယ်လို့တောင် ပြည်သူတွေအကြား စိုးရိမ်စိတ်ဖြစ်ခဲ့ကြတယ်။ မြစ်ဆုံစီမံကိန်းဟာစစ်အစိုးရနဲ့ တရုတ်ထိပ်တန်းစီးပွားရေးသမားကြီးတွေအကြား တိတ်တဆိတ်လုပ်တဲ့ ကိစ္စရပ်များစွာထဲက အကောင်းဆုံးသာဓကတခုဖြစ်လာပြီး အကျိုးဆက်အနေနဲ့ မြန်မာပြည်သူတွေအကြား တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ကိန်းအောင်းလာပါတယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကိုရပ်ဆိုင်းပေးဖို့ တာဝန်ရှိတယ်လို့ ခံယူတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်လုပ်ဆောင်နေပါတယ်ဆိုတာကို ပြသဖို့ အကောင်းဆုံးလမ်းဖြစ်ခဲ့တယ်။

“ဒီစီမံကိန်းကိုရပ်ဆိုင်းလိုက်တာဟာ နိုင်ငံရေးဆုံးဖြတ်ချက်ပါ။ ပြဿနာတွေကတော့ ရှိတာပေါ့။ ဒါပေမယ့် ခုလိုစီမံကိန်းကြီးတခုကို ရပ်ဆိုင်းလိုက်တဲ့အထိ ကြီးမားတဲ့ ပြဿနာတွေတော့ မဟုတ်ဘူး။ ဒီစီမံကိန်းကိုရပ်ဆိုင်းလိုက်ခြင်းဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအလွန်မှာ မြန်မာအနေနဲ့ တရုတ်ကိုချည်းပဲ အားကိုးနေလို့မရတော့ဘူးဆိုတာ သိမြင်လာလို့ပါ။ တခြားနိုင်ငံတွေဆီဦးလှည့်ဖို့လိုနေပြီ။ မြစ်ဆုံကသာဓကပဲ။ မြန်မာပြည်သူတွေက ဒီစီမံကိန်းကို အကြီးအကျယ် ကန့်ကွက်နေကြတာလေ”ဟု တရုတ်လူမှုသိပ္ဗံအကယ်ဒမီမှ မြန်မာ့အရေးကျွမ်းကျင်သူ ဒူဂျီဖိန်းကပြောပါတယ်။

မကြာမီနှစ်များအတွင်းမှာ ဘေကျင်းကသူ့ရဲ့အရေးပါအရာရောက်မှုကို ဆက်လက်ထိန်းသိမ်ထားဖို့ ကြိုးစားခဲ့ပါတယ်။ အစိုးရပြောင်းလဲသွားပေမယ့် နှစ်နိုင်ငံဆက်ဆံရေးမှာ အထိအခိုက်မရှိကြောင်းပြသဖို့ ကြိုးစားခဲ့တယ်။

“(မြန်မာ) ပြည်တွင်းကအခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာဘက်က အရင်လိုပဲ ရင်းနှီးချစ်ကြည်မှုကို ဆက်လက်ထိန်းသိမ်းထားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ၂၀၁၅ ဇွန်လက ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရဟာ အတိုက်အခံအင်းအားစုတွေကို တခုတ်တရဖိတ်ကြားတာမျိုးလုပ်လေ့မရှိတာကြောင့် ဒီတွေ့ဆုံမှုကိုက ထူးခြားမှုရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုကတော့ တရုတ်အစိုးရအနေနဲ့ မြန်မာအစိုးရသစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ လာရောက်ခြင်းဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ဆောင်ခွင့်ပေးလိုက်မယ်ဆိုရင်တော့ တရုတ်-မြန်မာသံတမန်ရေးကြိုးပမ်းမှုတွေဟာ အရာထင်ကြောင်း၊ မြန်မာဟာ အခြားနိုင်ငံတွေအတွက်လည်း တံခါးဖွင့် ထားတယ်ဆိုသော်ညား တရုတ်ရဲ့အကျိုးစီးပွားကိုပျက်စီးစေမယ်မဟုတ်ကြောင်း ဘေကျင်းကို အကောင်းဆုံးအာမခံချက်ပေးမှု ဖြစ်ပါမယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ နေပြည်တော်က ဘယ်လိုဆုံးဖြတ်ချက်မျိုးထွက်ပေါ်လာမလဲဆိုတာကို နိုင်ငံတကာကစီးပွားရေးသမားတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ ပီကင်းတက္ကသိုလ်က ဂျာဒေါင်ဂျောင်းဆိုသူက ပြောပါတယ်။

“ဒီကိစ္စကို မြန်မာအစိုးရသစ်က ဘယ်လိုကိုင်တွယ်မလဲဆိုတာ အခြားသော ပြည်ပကရင်နှီးမြှပ်နှံလိုသူတွေက စိတ်ဝင်စားနေကြတယ်။ ဒါဟာ သဘာဝကျပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေနဲ့ပတ်သက်လို့ အစိုးရတရပ်အပေါ် ယုံကြည်အားထားရမှုက ဒီအပေါ်မှာမူတည်နေပါတယ်”လို့ ဂျာဒေါင်ဂျောင်းက ပြောပါတယ်။

ဒါပေမယ့် ဒီလိုခွင့်ပြုလိုက်မယ်ဆိုရင်လည်း တရုတ်ဟာ ကြီးနိုင်ငယ်ညှဉ်းလုပ်တတ်ပြီး အားနည်းတဲ့နိုင်ငံ တွေဆီက ရသမျှကုပ်သွေးစုပ်တယ်လို့ မြင်နေတဲ့ မြန်မာပြည်သူတွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။

“ကျွန်တော်တို့ကတော့ အပြီးသတ် ရပ်စဲသွားစေချင်တယ်။ ဆက်လုပ်မယ်ဆို ကျွန်တော်တို့ ကန့်ကွက်မယ်။ စစ်ရေးအရတိုက်ခိုက်ဖို့တော့ လိုမယ်မထင်ဘူး။ ဒေသခံပြည်သူတွေကိုစုရုံးပြီး ဆန့်ကျင်ကန့်ကွက်မယ်”လို့ ကေအိုင်အိုရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဒေါင်ခါးက ပြောပါတယ်။

လက်ရှိအချိန်အထိတော့ NLD က ရသလောက်အချိန်ယူနေပြီး မြစ်ဆုံကိစ္စကို ရှောင်ဖယ်နေပါတယ်။ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ ဧပြီလကတွေ့ဆုံခဲ့ပြီးနောက်မှာ စီမံကိန်းသဘောတူစာချုပ်ပါ အသေးစိတ်အချက်အလက်တွေကို မသိရသေးတဲ့အတွက် သူတို့ရဲ့ တွေ့ဆုံမှုမှာ မြစ်ဆုံစီမံကိန်းကိစ္စကို အထူးတလည် ထည့်သွင်းဆွေးနွေးတာ မရှိခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဥက္ကာဦး
(Ref;The Mytsone Dam: Myanmar’s NLD DilemmaBy Michele Penna)



No comments: