မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, May 3, 2016
ရှမ်းနှင့် ကချင်သွေးချင်းညီနောင်များသည် အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းမှုအပေါ် အသိတရားရှိရှိဖြင့် သင်ခန်းစာရယူရန် လိုအပ်ဟု ဆို --- ---- ---
ရှမ်းနှင့် ကချင်သွေးချင်းညီနောင်များသည် အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းမှုအပေါ် အသိတရားရှိရှိဖြင့် သင်ခန်းစာရယူရန် လိုအပ်ဟု ဆို
--- ---- ---
အာဏာရှင်စစ်အစိုးရ အဆက်ဆက်သည် ဌာနေတိုင်းရင်းသား ရှမ်းလူမျိုးနှင့် ကချင်လူမျိုးများ၏ ကွဲပြားသည့် ဘာသာစကား၊ ဘာသာတရား၊ မတူညီသည့် ယဉ်ကျေးမှုဓလေ့များကို အခွင့်ကောင်းယူ၍ သွေးချင်းညီနောင်များအကြား နည်းပရိယာယ်အမျိုးမျိုးဖြင့် သွေးခွဲသပ်သျှိကာ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းစေခဲ့သည်ကို ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီ
ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ကျင်းပခဲ့သည့် ဌာနေတိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ရှေးဘိုးဘွားစဉ်ဆက် ကတည်းက အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာခဲ့သည့် ဌာနေတိုင်းရင်းသားများ အကြား စစ်အာဏာရှင်များ၏ သွေးတိုးလှုံ့ဆော်မှုများကြောင့် မဖြစ်သင့် မဖြစ်အပ်သည့် အပြုအမူ အဖြစ်အပျက်များကိုလည်း ကြုံတွေ့ခဲ့ရပြီး ၀မ်းနည်းကြေကွဲဖွယ် အတွေ့အကြုံများကို သင်ခန်းစာရယူကာ နောင်လာမည့် အနာဂတ်ကာလတွင် ထပ်မံမကြုံတွေ့စေရေးအတွက် အသိတရားရှိရှိဖြင့် လမ်းကြောင်းမှန်ကို ရွေးချယ်ညှိနှိုင်း ဆောင်ရွက်သွားရေးသည် အထူးအရေးတကြီး လိုအပ်သည်ဟုလည်း ပြောဆိုခဲ့သည်။
ကချင်မျိုးနွယ်စုများနှင့် ရှမ်းမျိုးနွယ်စုများ အဓိက အခြေချနေထိုင်သည့် ကချင်ပြည်နယ်အတွင်းတွင် ရှမ်းနီမျိုးနွယ်စုများနှင့် ကချင် ( ဂျိမ်းဖော) မျိုးနွယ်စုများအကြား လူမျိုးရေးကို အခြေခံသော ပဋိပက္ခများ ယခင် ဦးနေ၀င်းအစိုးရ လက်ထက်က ဖြစ်ပေါ်ခဲ့ဖူးပြီး ကေအိုင်အေနှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၀ နောက်ပိုင်းတွင်လည်း နှစ်ဖက်အသိုင်းဝိုင်းအကြား အထင်မြင်လွှဲမှားမှုများ ရှိနေခဲ့ကာ ကေအိုင်အေ ခေါင်းဆောင်များ အစိုးရနှင့်ဆွေးနွေးရန် မြစ်ကြီးနားသို့ လာရောက်ခဲ့သည့် အချိန်များတွင် ရှမ်းမျိုးနွယ်စုအချို့မှ ကန့်ကွက်ဆန္ဒပြမှုအချို့လည်း ဖြစ်ပေါ်ခဲ့ဖူးပါသည်။
တပ်သားသစ်စုခြင်း ၊ လူ့အခွင့်ရေး ချိုးဖောက်မှုတို့အပေါ် ဒေသခံအချို့မှ ကန့်ကွက်ခဲ့သည့် ၂၀၁၃ ခုနစ် နောက်ပိုင်းတွင် မိုးညှင်း ၊ မိုးကောင်း ၊ တာလောကြီး အစရှိသည့် ရှမ်းနီမျိုးနွယ်များနေထိုင်ရာ ဒေသများတွင် ပြည်သူ့စစ်တပ်ဖွဲ့များ အများအပြား ပေါ်ပေါက်လာခဲ့ပါသည်။ ကေအိုင်အေဗဟိုမှ ကချင်( ဂျိမ်းဖော) မဟုတ်သည့် အခြားမျိုးနွယ်စုများအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုများ မလုပ်ရဟု လုပ်လျှင် ပြင်းထန်စွာအရေးယူခြင်း ခံရမည်ဟု အမိန့်များ ထုတ်ပြန်ပေးခဲ့သော်လည်း ရှမ်းနီမျိုးနွယ်စုများနေထိုင်ရာ ဒေသတွင်သာမက ရ၀မ် စသည့် ဂျိမ်းဖောမဟုတ်သည့် ကချင်မျိုးနွယ်စုများမှလည်း ပြည်သူ့စစ်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး ရှမ်းနီပြည်နယ် ၊ လီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစသဖြင့် သတ်မှတ်ပေးရေး အပါဝင် တောင်းဆိုမှုများလည်း ရှိခဲ့ပါသည်။
ယခု ၃ နှစ်တာကာလအတွင်း ကေအိုင်အေအား ဆန့်ကျ့င်သည့် ပြည်သူ့စစ်များ ပေါ်ပေါက်လာခြင်းမှာ နောက်ကွယ်မှ တစ်စုံတစ်ရာ ပံ့ပိုးမြှောက်ပင့်ပေးမှုကြောင့် ဖြစ်သည်ဟုလည်း ကချင်အသိုင်းအ၀ိုင်းအတွင်းတွင် ယုံကြည်မှုများ မြင့်တက်လျက်ရှိနေသည်။
ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ဧပြီ ၂၉ မှ စတင်ကျင်းပခဲ့သည့် ဌာနေတိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲမှာ လူမျိုးစုများ အချင်းချင်းအကြား အထင်အမြင်လွဲမှားမှု မရှိစေရေး၊ သံသယစိတ် ကင်းစင်စေရေး၊ စိုးရိမ်ထိတ်လန့်မှု ကွယ်ပျောက်စေရေးအတွက် ဌာနေတိုင်းရင်းသား လူမျိုးစုများ အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးရန် KIO ဗဟိုကော်မတီက ဆန္ဒရှိသည့်အတွက် သံဃာတော်ဆရာများနှင့် မိတ်ဆွေလူပုဂ္ဂိုလ်အချို့ကို ဖိတ်ကြားကာ KIO ၏ သဘောထားကို အသိပေး ညှိနှိုင်းခဲ့သည်ဟုလည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့သည်။
“အခုက ကချင်ပြည်နယ်တွင်း အခြေအနေအရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့အတွက် မျိုးနွယ်စုတွေအကြား သင့်မြတ်ရေးက မလုပ်ရင် မရတော့တဲ့ အခြေအနေဗျ။ ကေအိုင်အိုကနေ ကမကထလုပ်ပြီး ဆောင်ရွက်တာ ကောင်းတယ်။ ကြိုလည်းကြိုဆိုပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က မှတ်ချက်ပြုပြောဆိုသည်။
ဇော်မင်းထွန်း
The Ladies News
ကေအိုင်အို ဒုတိယ ဥက္ကဌ ဗီုလ်ချုပ်ကြီး အန်ဘန်လ ( ယာ) အား ဗိုလ်ချုပ်ဂွန်မော် ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် (၀ဲ) တို့နှင့် အစည်းဝေးတစ်ခုတွင် တွေ့မြင်ရစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment