Thursday, January 14, 2016

နေပြည်တော် ငြိမ်းချမ်းရေးညီလာခံ ဘာလဲ ဘယ်လဲ


 [မှူးဇော်]

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ နေပြည်တော် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို သမိုင်းဝင် စတင်ကျင်းပနိုင်ခဲ့ပါတယ်။ နေပြည်တော်ဆောင်းရဲ့ ချမ်းအေးလှတဲ့ နံနက်ခင်းဟာ ဒီနေ့ဒီမနက်မှာ ပိုမို လန်းဆန်းနုသစ်နေတာ တွေ့မြင်ကြရပါတယ်။ ဒီနေ့ဟာ အသွင်ကူးပြောင်းစဒီမိုကရေစီ အညွန့်တလူလူနဲ့ အတူ သမိုင်းမှတ်တမ်း၊ သမိုင်းစာမျက်နှာတွေထဲမှာ တည်ရစ်နေတော့မှာ ဖြစ်ပါတယ်။

သမိုင်းဝင် ဒီ နေပြည်တော်ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့်လည်း လာရောက်ခဲ့ခြင်း မရှိ ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ကျန်နေတာကိုလည်း အချို့က ထောက်ပြကြပါတယ်။ ဒီအဖွဲ့တွေ တက်ရောက်နိုင်မှု မရှိခြင်းဟာ NCA ထိုးရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ ဘာဖြစ်လို့ တက်ရောက်ကြခြင်း မရှိကြတာလဲ စဉ်းစားစရာပါ။ ကေအင်န်ယူ ဥက္ကဌ မူတူးစေးဖိုးကတော့ Waiting Game မလုပ်ကြဖို့ အဖွင့်အမှာစကားမှာ ထည့်ပြီး ပြောသွားတာ တွေ့ရှိရပါတယ်။ တက်ရောက်နိုင်ခြင်း မရှိသေးတဲ့ အဖွဲ့တွေထဲမှာလည်း ဟိုဖက် ဒီဖက် အငြင်းပွားဖွယ်ရာ အဖွဲ့တွေ ရှိနေပြန်ပါတယ်။

ပထဝီနိုင်ငံရေးနဲ့ နိုင်ငံ တကာ မဟာဗျူဟာ ဂရိတ်ဂိမ်းတွေရဲ့ အသုံးချခံအဖြစ် ရောက်ရှိသွားမယ့် အခြေအနေတွေကလည်း သတိထား စရာ ဖြစ်ပါတယ်။ ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွား နေတဲ့ ပထဝီဘောဂဗေဒကို ကြည့်မယ်ဆိုရင် သယံဇာတနဲ့ အကျိုးစီးပွားတွေ အနည်းနဲ့ အများ ပါဝင်ပတ်သက် နေနိုင်တယ် ဆိုတာကို ကမ္ဘာကျော်ဘောဂဗေဒပညာရှင် ပေါလ်ကော်လီယာက ပြောခဲ့ဖူးပါတယ်။

သမိုင်းတစ်လျှောက် နိုင်ငံရေးအရ ဖြေရှင်းလို့မရနိုင်တော့တဲ့ ပြဿနာတွေကို စစ်ရေးနဲ့ ဖြေရှင်းဖို့ လက်နက်ကိုင်ဆောင်ခဲ့ကြတယ် ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ နေပြည်တော်ညီလာခံဟာ စစ်ရေးအရ အဖြေမထွက်တဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ စတင်လိုက်တဲ့ အခြေခံ အုတ်မြစ်လို့ မှတ်ယူနိုင်ပါတယ်။

အခု ကျင်းပနေတဲ့ ညီလာခံကနေ နောင်ကျင်းပမယ့် ညီလာခံအတွက် အခြေခံသင့်တဲ့ အချက်အလက် တွေ စုစည်းပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့ ၁၅၀ ဦး၊ တပ်မတော်ကိုယ်စားလှယ်များအစုအဖွဲ့ ၁၅၀ ဦး၊ တရားဝင်နိုင်ငံရေးပါတီများအစုအဖွဲ့ ၁၅၀ ဦး၊ အစိုးရ ကိုယ်စားလှယ်များအစုအဖွဲ့ ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ၇၅ ဦး၊ တိုင်းရင်းသားကိုယ်စား လှယ်များအစုအဖွဲ့ ၅၀ ဦးနဲ့ အခြားဖိတ်ကြားသင့်သူများအစုအဖွဲ့ ၅၀ ဦး ဆိုပြီး အစုအဖွဲ့ ၇ ဖွဲ့နဲ့ ခေါင်းစဉ် ၅ မျိုးကို ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်ပရောက် နိုင်ငံရေးအင်အားစုအချို့က အမျိုးသားညီလာခံနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်သမှု ပြုလာကြတာကိုလည်း စိတ်မကောင်းဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ ဒီညီလာခံက လူထုက ရွေးချယ်တင်မြှောက် ထားတဲ့ NLD အစိုးရနဲ့ NLD လွှတ်တော်တို့ဆီ လက်ဆင့်ကမ်းပေးပြီး ဆက်လက်ဖော်ဆောင်သွားရမယ့် ဦးသိန်းစိန်ရဲ့ လက်ဆောင်မွန် လို့ ဆိုနိုင်ပါတယ်။

ဆိုလိုတာက အစိုးရကိုယ်စားလှယ်များအစုအဖွဲ့ ၇၅ ဦးဟာ နောက်အစိုးရသစ် လက်ထက်မှာ NLD အစိုးရ ရွေးချယ်သူတွေ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ အလားတူ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ ၇၅ ဦးဆိုရင်လည်း ဒီအတိုင်းပါပဲ။ လက်နက်ကိုင်ပြဿနာကို ညီလာခံ စားပွဲဝိုင်းနဲ့ ဖြေရှင်းမယ့် ဒီအုတ်မြစ်မှာ လက်ကျန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာဖို့ပဲ ကျန်ပါတော့တယ်။ ဒိုင်ယာလော့နဲ့ စားပွဲဝိုင်းဆိုတာက ကိုယ်လိုချင်တာ တစ်ခုတည်း ဆုပ်ကိုင်ထားလို့ မရပါဘူး။ အလျှော့အတင်းနဲ့ အပေးအယူ ရှိရပါတယ်။ ပထဝီနိုင်ငံရေးအားကိုးနဲ့ လှေနံဓါးထစ် မှတ်ယူထားမယ် ဆိုရင်တော့ လက်နက်ကိုင်ပဋိပက္ခတွေ ရှည်ကြာနေဦးမှာပါပဲ။

အဖွင့်အမှာစကားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က -

(၁) လွတ်လပ်ရေး ရရှိပြီးနောက် စုစည်းနိုင်ခဲ့တဲ့ အကြီးမားဆုံးတိုင်းပြုပြည်ပြု ညီလာခံဖြစ်တယ်၊
(၂) လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့၊ ဖက်ဒရယ်စနစ်ကို အခြေ ခံတဲ့ ပြည်ထောင်စုကြီးကို ထူထောင်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဖြစ်တယ်၊
(၃) နောက်အစိုးရသစ် လက်ထက်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးည်ီလာခံအတွက် အခြေခံ အုတ်မြစ်ကောင်း ချမှတ်ခြင်း ဖြစ်တယ် ဆိုတာကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း အဖွင့်အမှာစကားမှာ -

(၁) လက်နက်ရေးထိုးမှု မရှိသေး တဲ့အဖွဲ့များအပေါ် တပ်မတော်အနေနဲ့ သံသယစိတ်မထားဘဲ အချိန် မရွေး လက်မှတ်ရေးထိုးနိုင်ဖို့ တံခါးဖွင့် ပေးထားတယ်၊
(၂) တပ်မတော် တစ်ရပ်တည်းရှိသည့် မူဝါဒကို ကျင့်သုံးဆောင်ရွက်နေတဲ့ မြန်မာ့တပ်မတော်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ကြိုဆို တယ်၊
(၃) ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုအရေးဆွေးနွေးတဲ့အခါ နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းဆောင်ရွက်ရာမှာ အသုံးပြုနေတဲ့ DDR/SSR လုပ်ငန်းစဉ်များအတိုင်း သင့်တင့်တဲ့ အချိန်ဇယား သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမယ် စတဲ့ အဓိကအချက်တွေကို ပြောကြားသွားခဲ့ပါတယ်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့် အမှာစကားမှာလည်း -

(၁) ၂၁ ရာစုနှစ်နဲ့ ကိုက်ညီမှုရှိတဲ့ ပင်လုံညီလာခံမျိုးကို မျှော်လင့်ပါတယ်၊
(၂) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ် ရေးထိုးနိုင်ရန် မလွဲမသွေ ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပြီး NCA စာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စိတ်ဝမ်း မကွဲပြားဖို့ အရေးကြီးပါတယ်၊
(၃) ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာကြီးသုံးရပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို သတိ မူပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ထိရောက်တဲ့ ဆုံးဖြတ်ချက် တွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ် ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ဘုံတူညီချက်တွေ မြင်တွေ့နေရသလို ဘုံပန်းတိုင်ဟာလည်း လှမ်းမြင်နေကြရပါပြီ။ ၂၁ ရာစုရဲ့ ဒုတိယ ပင်လုံ လို့ အချို့ကလည်း ဆိုကြပါတယ်။ ပင်လုံညီလာခံမှာတောင် တိုင်းရင်းသားခေါင်းဆောင်တွေ ဒီလောက် စုံလင်ခဲ့တာ မဟုတ်ဘူး ဆိုပြီး ညီလာခံတက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြုခဲ့ ပါတယ်။

နေပြည်တော် ညီလာခံကနေ လှမ်းမြင်နေရတဲ့ ရွှေပြည်တော်ဟာ မျှော်တိုင်း မဝေးတော့ပါဘူး။ ရေးရေး မြင် သွင်ပြင်ထင်ရှားနေပြီ ဖြစ်တဲ့ ရွှေပြည်တော်ကို ရောက်ဖို့ နောက်ထပ်း ခြေလှမ်းတွေတော့ လှမ်းရဦးမှာပါ။ အမျိုးသားညီညွတ်ရေးဟာ လက်တစ်ကမ်းမှာပါ။

[Democracy Today Daily, 14th Jan 2016]

No comments: