Monday, January 11, 2016

မင်္ဂလာဈေးရှိ ဆိုင်ခန်းရှင်များ၏ ရောင်းကုန်ပစ္စည်းများကို ပြန်လည်ထုတ်ပေး

မင်္ဂလာဈေးရှိ ဆိုင်ခန်းရှင်များ၏ ရောင်းကုန်ပစ္စည်းများကို ပြန်လည်ထုတ်ပေး
--------------------------------------------------------
ရန်ကုန် ၊ ဇန်နဝါရီ ၁၀
ဆိုင်ခန်းပေါင်း ၁၆၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့သော မင်္ဂလာဈေးတွင် မီးမလောင်ဘဲ ကျန်ရစ်ခဲ့သော ဆိုင်ခန်းရှင်များ၏ ရောင်းကုန်ပစ္စည်းများကို ဇန်နဝါရီလ ၁၀ရက်နေ့ မှ စတင်ကာ ပြန်လည် ထုတ်ပေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
လတ်တလောတွင် ဆိုင်ခန်းရှင်များက ရောင်းချသော ပစ္စည်းများကို အထောက်အထား များနှင့် တကွ ပြသပြီး ပြန်လည် ထုတ်ယူနိုင်ကြောင်း၊ ဆိုင်ခန်းရှင် ၄၀၀၀ကျော် ဈေးရောင်းချနိုင်ရန် ယာယီဆိုင်ခန်းများကို မင်္ဂလာဈေးဝင်းရှိ ရွှေမင်္ဂလာ ကားပါကင်နေရာတွင် ပေးအပ်မည် ဖြစ်ပြီး ယာယီဆိုင်ခန်းများကို ရွေ့ပြောင်းရောင်းချမည့်နေ့ကို ဆွေးနွေးနေဆဲ ဖြစ်ကြောင်း မင်္ဂလာဈေး သာယာရေးကော်မတီ မှ ဒုတိယ ဥက္ကဌ ဦးမြင့်သိန်းက ပြောကြားသည်။
“ပစ္စည်းပြန်ထုတ်ပေးတာက ငါးရက်ကနေ တစ်ပတ်လောက် ကြာမှာ၊ ပစ္စည်းတွေ ပေးပြီးမှ ယာယီဆိုင်ခန်းကိစ္စကို လုပ်နိုင်မှာပါ ၊ ဆိုင်ခန်းမရသူ မရှိအောင် လုပ်သွားမှာပါ”ဟု ၎င်းက ရှင်းပြသည်။
ယာယီဆိုင်ခန်းများ ပြန်လည်ပေးအပ်ရန်အတွက် စည်ပင်ဈေးများဌာန၊ မီးသတ်ဦးစီးဌာန တို့နှင့် ဆွေးနွေးညှိနှိုင်းမည် ဖြစ်ပြီး ဆိုင်ခန်းများကို မဲနှိုက်ကာ နေရာချထားမည် ဖြစ်ကြောင်း၊ လက်တလောတွင် မီးလောင်ပြင် ရှင်းလင်းရေးများကို မကြာမီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မင်္ဂလာဈေး သာယာရေးကော်မတီ မှ ဒုတိယ ဥက္ကဌ ဦးမြင့်သိန်းက ပြောကြားသည်။
ယာယီဆိုင်ခန်းအတွက် ရွှေမင်္ဂလာဈေး ကားပါကင် တတိယထပ်၊ စတုတ္ထထပ်၊ ပဉ္ဓမထပ်များ အပြင် မီးဘေးဒဏ်သင့် ဈေးသူဈေးသာများအတွက် ဆိုင်ခန်းနေရာ လိုအပ်ချက်ရှိပါက ရွှေပြည့်စုံဈေး၏ နေရာလွတ်များတွင် ယာယီ နေရာပေးရန် စီစဉ်ထားကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။
“နည်းနည်းပဲ ဖြစ်ဖြစ် များများပဲ ဖြစ်ဖြစ် ဆုံးရှုံးတဲ့သူတွေ ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်တိုင်ကြုံမှ သိနိုင်မယ်၊ ယာယီဆိုင်ခန်းမှာ ဈေးရောင်းဖို့ကတော့ ၊ အရင်တစ်ခေါက် မီးလောင်တုန်းကလို တစ်လကျော်လောက်စောင့်ရဦးမယ်ထင်တယ်”ဟု မင်္ဂလာဈေးတွင် ပါတိတ်ဆိုင်ဖွင့်လှစ်ထားသူ ဒေါ်တင်မေရီ က ပြောကြားသည်။
ဇန်နဝါရီလ ၉ရက် နံနက် ၁နာရီခွဲက လောင်ကျွမ်းခဲ့သော မင်္ဂလာဈေး မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသော တတိယထပ် အပါအဝင် စတုတ္ထထပ်နှင့် ခေါင်မိုးထပ်တို့ မီးလောင်ကျွမ်းမှုကြောင့် ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းနှင့် စားသောက်ဆိုင်ခန်းပေါင်း ၁၆၃၆ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

No comments: