Monday, January 11, 2016

မြန်မာတွင် သိပ္ပံပညာ ဖွံဖြိုးတိုးတက်ရေး ကူညီမည်ဟု အမေရိကန် သိပ္ပံပညာရှင်ပြော

မြန်မာတွင် သိပ္ပံပညာ ဖွံဖြိုးတိုးတက်ရေး ကူညီမည်ဟု အမေရိကန် သိပ္ပံပညာရှင်ပြော
------------------------------------------------------
ရန်ကုန်၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံတွင် သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဖွား အမေရိကန် နာနို(Nano) သိပ္ပံပညာရှင် ပါမောက္ခ ဒေါက်တာ စောဝေလှက ပြောကြားသည်။
Bass ဂီတာသမားတစ်ဦးဘ၀မှ ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ဦးဖြစ်လာသည့် ရခိုင်လူမျိုးတစ်ဦးဖြစ်သည့် ဒေါက်တာ စောဝေလှ၏ ဘ၀ဖြတ်သန်းမှု၊ နာနိုသိပ္ပံပညာရပ်နှင့် ပတ်သက်၍ ဟောပြောသည့် အခမ်းအနား တစ်ရပ်ကို ဇန်နဝါရီလ ၁၀ ရက်နေ့က ဗဟန်းမြို့နယ်ရှိ CB Business Center တွင် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် သိပ္ပံပညာရပ်ဖွံဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရန် မြန်မာအစိုးရက တစ်စုံတစ်ရာ ကမ်းလှမ်းမှု မရှိသေးကြောင်း၊ သိပ္ပံပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီခွင့်ရလိုကြောင်း ဒေါက်တာ စောဝေလှက ပြောကြားသည်။
“နာနိုနဲ့ပတ်သက်လို့ Lab (ဓာတ်ခွဲခန်း) တွေ ထောင်ပေးနိုင်တယ်။ ကမ္ဘာမှာ နာမည်ကြီး ပရော်ဖက်ဆာတွေကို ဖိတ်ပြီး သင်ပေးခိုင်းဖို့၊ Conference တွေ လုပ်ပေးဖို့ စီစဉ်ထားတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အခြားနိုင်ငံက ကျောင်းသား၊ ကျောင်းသူ၊ ဆ ရာ၊ ဆရာမတို့နှင့် နည်းပညာ ဖလှယ်ခွင့်ရအောင် ကူညီပေးနိုင်ကြောင်း ဒေါက်တာ စောဝေလှကပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပညာရေးကို ရင်းနှီးမြုပ်နှံရန် အစိုးရကို တိုက်တွန်းလိုကြောင်း ၎င်းကဆိုသည်။
“အရမ်း အရေးကြီးပါတယ်။ ပညာရေးအတွက် ရှိသင့်ရှိထိုက်တာ အကုန်လုံးရှိဖို့လိုတယ်” ဟု ၎င်းက ပြောဆိုသည်။
ပါမောက္ခ ဒေါက်တာ စောဝေလှသည် အမေရိကန်နိုင်ငံသား ခံယူထားပြီး အိုဟိုင်းယိုး တက္ကသိုလ် Condensed Physics & Astronomy ဌာန Matter and Surface Science Program တွင် ဒါရိုက်တာ တာဝန် ထမ်းဆောင်နေသည် ။

No comments: