Monday, January 11, 2016

ဗိုလ်မှူး ကျော်နုမော်ကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ စစ်ဆေးမည်

ဗိုလ်မှူး ကျော်နုမော်ကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ စစ်ဆေးမည်
----------------------------------------------------
ဇန်န၀ါရီ ၁၀
ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ အိမ်ခြံဝင်းတစ်ခုတွင် အသက် ၄၀ကျော် အိမ်အကူ အမျိုးသမီးက ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို ကိုယ်တုံးလုံးချွတ်ကာ နေပူလှမ်းပြီး ရိုက်နှက် နှိပ်စက်မှုနှင့်ပတ်သက်၍ အိမ်ရှင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က စစ်ဆေးမည်ဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“ဗိုလ်မှူး ကျော်နုမော်ကို တပ်မတော်က အပြီးအပိုင်ထုတ်ပယ်လိုက်တာကြောင့် ရဲတပ်ဖွဲ့ထံ အရပ်သားအဖြစ် အစစ်ဆေးခံဖို့ ဇန်နဝါရီလ ၁၂ရက်နေ့မှာ ပြန်လွှဲအပ်မယ်၊ သူ့ရဲ့ စစ်ဆေးချက်တစ်ခုသာ ကျန်နေလို့ တရားရုံးက အမှုဆက်လက်စစ်ဆေးနိုင်အောင် ဒီတစ်ပတ် တရားရုံးထုတ်အမီ သူ့တပ်ရင်းကနေ ရဲတပ်ဖွဲ့ထံ လွှဲအပ်သွားမှာပါ” ဟု တပ်မတော် အသိုင်းအဝိုင်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
နိုဝင်ဘာလ ၁၉ရက်နေ့က လူမှုကွန်ရက Facebook စာမျက်နှာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်၏ အိမ်ခြံဝင်းတွင် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နှိပ်စက်ခံရမှုကို သတင်းနှင့်ဓာတ်ပုံ ဖော်ပြခဲ့ရာမှ အမှုနှင့်ပတ်သက်ဆက်နွယ်နေသူများကို ခေါ်ယူစစ်ဆေးရန် ဗဟန်းမြို့နယ် တရားရုံးက ကျင့် ၂၀၂ ဖြင့် ရဲတပ်ဖွဲ့ကို တာဝန်ပေးအပ်ခဲ့သည်။
“ဒီလိုဖြစ်တုန်းက ဗိုလ်မှူးကျော်နုမော်က အိမ်မှာမရှိခဲ့ပေမယ့် အိမ်ရှင်ဖြစ်တဲ့သူ့မှာ တာဝန်ရှိပါတယ်၊ ကလေးငယ် နှိပ်စက်ခံရမှုနဲ့ မိသားစုဝင်တွေ စစ်ဆေးမခံရခင် ကလေးရဲ့မိဘတွေထံ ငွေ ၁၀သိန်းပေးပြီး မွေးစားခွင့်ပြုကြောင်း စာချုပ်အဟောင်းပုံစံ လုပ်ဆောင်ခဲ့တာက ပိုအပြစ်ဖြစ်စေခဲ့တာကြောင့် တပ်မတော်က ထုတ်ပယ်ခံရတဲ့အထိ ပြင်းပြင်းထန်ထန် အရေးယူခံခဲ့ရတာ”ဟု တပ်မတော် အသိုင်းအဝိုင်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ကလေးနှိပ်စက်ခံရမှုနှင့်ပတ်သက်၍ ဖြစ်ပွားသောနေအိမ်မှ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်မှမြင်တွေ့သူများကို ဗဟန်းမြို့မ ရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးပြီး ဖြစ်ကြောင်း၊ အိမ်ရှင်ဗိုလ်မှူးကို စစ်ဆေးနိုင်ရေးအတွက် စစ်ဆေးခွင့် ဒီဇင်ဘာလ ၂၁ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်က ခွင်ပြုခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် မြိတ်တွင်ရှိသော ၎င်း၏ မိခင်တပ်ရင်းထံမှ ဇန်နဝါရီလ ၁၅ရက်နေ့ ရုံးထုတ်မတိုင်မီ ဗိုလ်မှူးကျော်နုမော်ကို ရဲတပ်ဖွဲ့ထံ လာရောက် အစစ်ဆေးခံ လွှဲအပ်ပေးမည် ဟု အကြောင်းကြားစာရရှိထားကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။
ရှစ်နှစ်အရွယ် မိန်းကလေးငယ် နှိပ်စက်ခံရသည်ဟု သတင်းထွက်ပေါ်စဉ်က ရဲတပ်ဖွဲ့ကနေ အိမ်ထဲဝင်ရောက်စစ်ဆေးခဲ့ရာ ကလေးနှင့် ရိုက်နှက် နှိပ်စက်ခဲ့သူဟုဆိုသူ အသက် ၄၂နှစ်အရွယ် အိမ်အကူမှာ ရုတ်တရက်ပျောက်သွားခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အိမ်ရှင်ဗိုလ်မှူးကိုယ်တိုင် ယင်းအမျိုးသမီးနှင့် ကလေးငယ်တို့ကို ခေါ်ဆောင်ကာ ဗဟန်းမြို့မ ရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ နှိပ်စက်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ဝန်ခံထွက်ဆိုထားသော အသက် ၄၂နှစ် အရွယ်ရှိ အိမ်အကူ အမျိုးသမီးကို ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားပြီး ဇန်နဝါရီလ ၁၅ရက်နေ့တွင် ယင်းအမှုကို ဗဟန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း၊ ထပ်မံ စစ်ဆေးချက်များအရ ကလေးငယ်ကို နှိပ်စက်ရာတွင် တိုက်ရိုက်စေခိုင်းသူ သို့မဟုတ် နောက်ကွယ်မှစေခိုင်းသူများကို တရားရုံးက ထပ်မံအမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

No comments: