Tuesday, January 12, 2016

အဆင့်မြင့်မင်္ဂလာဈေးမီးလောင်ခဲ့မှုကြောင့်အဆောက်အအုံကြီး တစ်ခုလုံးကြံခိုင်မှုမရှိတော့၍ အသစ်တည်ဆောက်မည်

 
နေပြည်တော် ဇန်နဝါရီ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့် မင်္ဂလာဈေးသို့ရောက်ရှိပြီး ဇန်နဝါရီ ၉ ရက် မီးလောင်မှု ဖြစ်စဉ်အတွင်း တတိယထပ်၊ စတုတ္ထထပ်နှင့် အပေါ်ဆုံး ထပ်ရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတအား ရန်ကုန်မြို့တော် ဘဏ် အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လက်ရှိအဆင့်မြင့်မင်္ဂလာဈေးကို ၁၉၉၈ ခုနှစ် ဇူလိုင် ၅ ရက်က စတင်ဖွင့်လှစ်ခဲ့မှု၊ ၂ဝ၁ဝ ပြည့်နှစ် မေ ၂၄ ရက်တွင် မီးလောင်ကျွမ်းခဲ့မှုနှင့် ဆုံးရှုံးမှုတန်ဖိုး၊ ပြန်လည်တည်ဆောက်မှု၊ ယခု ဇန်နဝါရီ ၉ ရက်က မီးလောင်ကျွမ်းမှု၊ လောင်ကျွမ်းခံခဲ့ရသည့် ဆိုင်ခန်းများနှင့်ဆုံးရှုံးမှုတန်ဖိုး၊ လတ်တလောဆောင်ရွက်ထားရှိမှု၊ ဈေးဆိုင်ခန်းများမှပစ္စည်းများ ရွှေ့ပြောင်းမှုနှင့် ဈေးဆိုင် ခန်းများကို ယာယီနေရာချထားပေးမည့် အစီအစဉ်၊ မီးလောင်ကျွမ်းခံရသည့် ဈေးဆိုင်များအား ချေးငွေ ထုတ်ပေးမည့် အစီအစဉ်နှင့် အဆင့်မြင့်မင်္ဂလာဈေးအား ပြန်လည် တည်ဆောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးကျော်လွင်တို့က ပြန်လည်တည် ဆောက်မည့် အဆင့်မြင့်မင်္ဂလာဈေး ဆိုင်ခန်းများအကျယ်အဝန်းကို ယခု ထက်ပိုမို ဧရိယာအကျယ်ထားပေး ရေး၊ မီးလောင်ကျွမ်းခံရသည့် ဈေးဆိုင်များအား သက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးရေး၊ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး နှင့် အဆောက်အအုံကြံ့ခိုင်မှု ကောင်းမွန်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆွေးနွေးပြောကြားရာတွင် ဈေးသူ ဈေးသားများကို ယာယီဈေး၌ နေရာ ချထားရာတွင် တတ်နိုင်သမျှ စုစု စည်းစည်းဖြစ်စေရေး၊ ယာယီ ဆိုင်ခန်းများ သပ်ရပ်တောင့်တင်း ခိုင်မာပြီး ရာသီဥတုဒဏ်ခံနိုင်ရေး အတွက် အလေးထားဆောင်ရွက် ပေးရန်၊ မီးလောင်ဆုံးရှုံးသွားသည့် ဈေးသူ ဈေးသားများ လုပ်ငန်းပြန် လည်စတင်နိုင်ရန်အတွက် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဘဏ်မှ သက်သာသော အတိုးနှုန်းဖြင့် ငွေထုတ်ချေးပေးရန်၊ ယာယီဈေးသို့ ရွှေ့ပြောင်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံတော်အစိုးရက မီးဘေးသင့် ဆိုင်ခန်းတစ်ခန်းချင်းအလိုက် သင့် လျော်သည့် ထောက်ပံ့ကြေးများ ထောက်ပံ့ပေးရန်၊ ဈေးအဆောက် အအုံသစ် ပြန်လည်တည်ဆောက် ရာတွင် မီးဘေးအပါအဝင် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်မည့် တည်ဆောက်မှုဖြစ်စေရေး၊ ရေရှည်အားဖြင့် အဆင့်မီ အဆင့်မြင့် ဈေးသစ်ဖြစ်စေရေးအတွက် ကောင်း မွန်သော ဗိသုကာဒီဇိုင်းများ၊ အဆောက်အအုံပုံစံများ ရရှိနိုင်ရန် အတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း စသည်တို့နှင့် ညှိနှိုင်း တိုင်ပင်ဆောင်ရွက်သွားရန်၊ လျှပ်စစ် သုံးစွဲမှု၊ ဓာတ်အားကြိုးများ ဖြန့်ခွဲ တပ်ဆင်မှု စသည်တို့နှင့် ပတ်သက်၍ လည်း ဘေးကင်းလုံခြုံစေရေးအတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစေရေး အလေးထားဆောင် ရွက်သွားရန် ဆွေးနွေးမှာကြားသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတ သည် ရန်ကုန်မြို့တော်ဘဏ် မြေညီ ထပ်၌ ဈေးသူ ဈေးသားများအား တွေ့ဆုံ၍ ဈေးသူ ဈေးသားများ တင်ပြ သည့် အခက်အခဲများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး မီးလောင် မှုဖြစ်စဉ်ကြောင့် ဆုံးရှုံးခဲ့ရသည့် ဈေးသူ ဈေးသားများအတွက် နိုင်ငံ တော်က ရှေ့ဆက်လက် ထောက်ပံ့ ဆောင်ရွက်ပေးသွားမည့် အစီအမံ များကို ရှင်းလင်းပြောကြားခဲ့သည်။
ဇန်နဝါရီ ၉ ရက် နံနက် ၁ နာရီ မိနစ် ၂ဝ ခန့်တွင် စတင် လောင်ကျွမ်းခဲ့သည့် အဆင့်မြင့် မင်္ဂလာဈေး မီးလောင်မှုကြောင့် တတိယထပ်လေးလွှာရှိ ဆိုင်ခန်း ၇၉၁ ခန်း၊ စတုတ္ထထပ်ငါးလွှာရှိ ဆိုင်ခန်း ၇၉၇ ခန်းနှင့် အပေါ်ဆုံးထပ် ခြောက် လွှာရှိ ဆိုင်ခန်း ၄၈ ခန်း အပါအဝင် ဆိုင်ခန်း စုစုပေါင်း ၁၆၃၆ ခန်း မီးလောင်ကျွမ်းခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုး ခန့်မှန်းငွေကျပ် ၃၆ ဘီလီယံ ဆုံးရှုံးခဲ့သည်။
လက်ရှိကာလတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန၊ အဆင့်မြင့်မင်္ဂလာဈေး ဈေးသာယာရေးအဖွဲ့တို့မှ တာဝန် ရှိသူများ၏ ကြီးကြပ်မှုဖြင့် မီးလောင် ကျွမ်းမှုတွင် မပါဝင်သည့် မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်ရှိ ဆိုင်ခန်း များမှ ပစ္စည်းများကို ရွှေ့ပြောင်း ပေးလျက်ရှိရာ မြေညီထပ်မှ ဆိုင်ခန်း ၈၄၉ ခန်းရှိ ပစ္စည်းများကို ဇန်နဝါရီ ၁ဝ ရက်မှ ၁၂ ရက်အထိ လည်း ကောင်း၊ ပထမထပ်မှ ဆိုင်ခန်း ၇၉၁ ခန်းရှိ ပစ္စည်းများကို ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ လည်းကောင်း၊ ဒုတိယထပ်မှ ဆိုင်ခန်း ၇၉၁ ခန်းမှ ပစ္စည်းများကို ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ လည်းကောင်း၊ ကျန် ဆိုင်ခန်းများကို ဇန်နဝါရီ ၁၇ ရက် တွင်လည်းကောင်း ဈေးသူ ဈေးသား များ၏ အစီအစဉ်ဖြင့် သယ်ယူခွင့်ပြု ထားပြီးဖြစ်သည်။


အကျယ်အဝန်း အလျား ပေ ၂၆ဝ နှင့် အနံ ၂၂၈ ပေရှိ အဆင့်မြင့် မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁ဝ ပြည့် နှစ်တွင် ပထမအကြိမ် စတုတ္ထထပ်နှင့် ခေါင်မိုးထပ်မီးလောင်ခဲ့၍ ပြန်လည် တည်ဆောက်ခဲ့ရသည်။ ယခုတစ်ဖန် တတိယထပ်မှ ခေါင်မိုးထပ်ထိ ထပ်မံ မီးလောင်ခဲ့မှုကြောင့် အဆောက်အအုံ ကြီးတစ်ခုလုံး ကြံ့ခိုင်မှုမရှိတော့သဖြင့် အသစ်ပြန်လည် တည်ဆောက်သွား မည်ဖြစ်သည်။
ဈေးသစ် ပြန်လည်တည်ဆောက် နိုင်ရန်အတွက် မြေညီထပ်မှ ပဉ္စမ ထပ်ရှိ ဆိုင်ခန်းပေါင်း ၄ဝ၆၇ ခန်းကို မင်္ဂလာဈေးဝင်းအတွင်းရှိ ရွှေမင်္ဂလာ ဈေး တတိယထပ်မှ ပဉ္စမထပ်ရှိ ယာဉ်ရပ်နားနေရာ၊ ရွှေပြည့်စုံဈေး စတုတ္ထထပ်ရှိ လစ်လပ်နေရာနှင့် မင်္ဂလာမွန်ဈေး ရှေ့မျက်နှာစာ ယာဉ်ရပ်နားနေရာတို့တွင် (၅ ပေx ၅ ပေ) ဆိုင်ခန်းနေရာများ စီစဉ်၍ ယာယီနေရာချထားပေးမည် ဖြစ် ကြောင်း သိရသည်။ (သတင်းစဉ်)

No comments: