Tuesday, January 12, 2016

သူငယ်တန်းသင်ရိုးညွှန်းတမ်းသစ် သင်ကြားရန် ကိုယ်ပိုင်ကျောင်းနှင့်ဘကကျောင်းမှ ဆရာများကိုပါ သင်တန်းပေးမည်

သူငယ်တန်းသင်ရိုးညွှန်းတမ်းသစ် သင်ကြားရန် ကိုယ်ပိုင်ကျောင်းနှင့်ဘကကျောင်းမှ ဆရာများကိုပါ သင်တန်းပေးမည်
---------------------------------------------------------------------
ရန်ကုန်၊ ဇန်နဝါရီ ၁၁
လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စသင်သင်ကြားမည့် သူငယ်တန်းသင်ရိုးညွှန်းတမ်းသစ်ကို သင်ကြားနိုင်ရန် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာများကိုပါ မြို့နယ်အလိုက် သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း ဆရာအတတ်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုကိုယ်ပိုင်ကျောင်းများနှင့် သာသနာရေးဝန်ကြီးဌာနအသိအမှတ်ပြု ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမ တစ်သောင်းကျော်ကို ဗဟိုအဆင့်နည်းပြ သင်တန်းဆင်းဆရာများက သင်္ကြန်အပြီး ဧပြီလအတွင်း ၂၅ရက်ခန့်ကြာ ထပ်မံပို့ချမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
တစ်နိုင်ငံလုံးတွင် ပညာရေးဝန်ကြီးဌာနအသိအမှတ်ပြု ပုဂ္ဂိလိကကိုယ်ပိုင်ကျောင်း ၄၀၀ကျော်ရှိပြီး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၉၀၀နီးပါးအထိရှိ ကြောင်း ဘုန်းတော်ကြီးသင်ပညာရေး အဖွဲ့အစည်းများမှ ပြုစုထား သည့် စာရင်းများအရ သိရှိရသည်။
ထို့သို့ သင်တန်းပို့ချရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ သင်တန်းပို့တက်ရောက်မည့် ဆရာ၊ ဆရာမများကိုရွေးချယ်ကာ ဇန်နဝါရီလ ၁၈ရက် နောက်ဆုံးပေးပို့ရန် ဇန်နဝါရီလ ၅ရက်က ညွှန်ကြားထားကြောင်း
ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးထံမှ သိရှိရသည်။
လက်ရှိတွင် အစိုးရကျောင်းများမှ ဆရာ၊ ဆရာများကို ဗဟိုအဆင့်နည်းပြ သင်တန်းပို့ချနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆရာ၊ ဆရာမပေါင်း
ကိုးသောင်းကို ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ဟူ၍ သုံးဆင့်ခွဲခြားသက်မှတ်ကာ သင်တန်းပို့ချမည်ဖြစ်ကြောင်း ဆရာအတတ်ပညာ ဦးစီးဌာနထံမှ သိရှိရသည်။
ယခု ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အထိ အသုံးပြုသင်ကြားနေသည့် သူငယ်တန်းသင်ရိုးညွှန်းတမ်းသည် ဘာသာရပ်အခြေပြုဖြစ်သောကြောင့် အလွတ်ကျက်မှတ်သည်ကို ဦးစားပေးဖြစ်ပြီး လာမည့်သင်ရိုးညွှန်းတမ်းအသစ်တွင် စဉ်းစားတွေးခေါ်မှုကို ဦးတည်ထားသည်။ သင်ယူမှု ဖွံဖြိုးမှုနယ်ပယ်ခြောက်ခုကို အခြေခံလေ့လာရမည့်သင်ရိုးဖြစ်ကြောင်း သင်ရိုးရေးဆွဲရေးအဖွဲ့ထံမှ သိရှိရသည်။
သင်ရိုးသစ်တွင် သင်ယူချိန်ကို တစ်ရက်လျှင် ၄နာရီ၊ တစ်ပတ်လျှင် ငါးရက်၊ စုစုပေါင်းကျောင်းတက်ရက်ပေါင်း ၁၆၀ရက်အတွင်း သင်ယူချိန်
၆၄၀နာရီရှိမည်ဖြစ်သည်။ အကူ အပြောင်းချော့မွေ့စေရန် စာသင်နှစ်၏ နောက်ဆုံးသုံးလတွင် မြန်မာဗျည်းအက္ခရာများ(ဗျည်း၂၅လုံး)ကို
အရစ်အဆွဲမှန်ကန်စွာကူးရေးစေခြင်း အတွက် ဗျည်း ၃၃လုံးရှိသည့် အနက် ခက်ခဲမည့် “ဋ၊ ဏ၊ ဌ၊ ဍ” ကဲ့သို့သော ဗျည်းရှစ်လုံးကို ချန်ထားမည်ဖြစ်ကြောင်း သင်ရိုးအဖွဲ့ထံမှ သိရှိရသည်။
အင်္ဂလိပ်အက္ခရာစာလုံးကြီးများကို အရစ်အဆွဲမှန်ကန်စွာ ကူးရေးစေခြင်း၊ အင်္ဂလိပ်ကိန်းဂဏန်းများ(၁-၁၀)ကို အရစ်အဆွဲမှန်ကန်စွာကူးရေးစေခြင်း၊
သင်္ချာ အခြေခံဆိုင်ရာလုပ်ငန်းများ၊ သင်္ချာ ကိန်းများ(၁-၂၀)ကို အရစ်အဆွဲ မှန်ကန်စွာ ကူးရေးစေခြင်းကို လွယ်ကူစွာလေ့လာနိုင်မည့်စာအုပ်များဖြင့်
သင်ရိုးပြုစုထားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရှိရသည်။
သူငယ်တန်းတွင် စာမေးပွဲစစ်ဆေးမှု လုံးဝရှိမည်မဟုတ်ဘဲ တစ်နေ့စာအလိုက် ကျောင်းသားကလေးငယ်များ၏ စိတ်ဝင်တစားလေ့လာသင်ယူမှု၊ စဉ်းစားတွေးခေါ်မှုအပေါ်အခြေခံပြီး အရည်အသွေးစစ်ဆေးအကဲဖြတ်ကာ ပထမတန်းသို့ ဆက်လက်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သင်ရိုးရေးဆွဲရေး အဖွဲ့ဝင်တစ်ဦးကဆိုသည်။
လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်ကျင့်သုံးမည့် သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်တွင် ကိုယ် စိတ်နှစ်ဖြာကျန်းမာချမ်းသားခြင်း၊ စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံဖြိုးတိုးတက်ခြင်း ၊ အပြန် အလှန်ပြော ဆိုဆက်သွယ်ခြင်း၊ သချင်၊ာအခြေခံများကို စူးစမ်းလေ့လာခြင်း၊ အနုပညာရသခံစားမှုနှင့် ဖန်တီးခြင်း ဆိုင်ရာ၊ ပတ်ဝန်းကျင်လောကကိုသိရှိနားလည်ခြင်း နယ်ပယ်ခြောက်ခုကို အဓိကဦးတည်သင်ကြားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

No comments: