Wednesday, December 16, 2015

ရင်းမြစ်ကိုလည်း လိုက်ပါ ----------------------

ရင်းမြစ်ကိုလည်း လိုက်ပါ
----------------------

ရန်ကုန်မြို့တော် ဧရိယာအတွင်းတွင်ပင် မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လုယက်မှုများ ကျူးလွန်မှုနှုန်း မြင့်မားလာသောကြောင့် ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် စီးနင်းနေသည့် မော်တော်ဆိုင်ကယ်များကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အထူးစီမံချက်ဖြင့် ပိတ်ဆို့ ဖမ်းဆီးနေခြင်းသည် လုယက်မှုများ ကာလတိုတစ်ခုအထိ ကျဆင်းသွားနိုင်သော်လည်း ရေရှည်ခံသော အခြားနည်းများ စဉ်းစားထားရန် လိုပေမည်။

ကမ္ဘာ့နိုင်ငံ အများစုတွင် ရန်ကုန်မြို့တော်ကဲ့သို့ မြို့တွင်းလမ်းမများ ပေါ်တွင် မော်တော်ဆိုင်ကယ် မစီးနင်းရသော စည်းကမ်းမျိုး ချမှတ်ထားခြင်းမရှိဘဲ စက်တပ်ယာဉ်များကို အမျိုးအစားအလိုက် သတ်မှတ်ထားသော စည်းကမ်း ဥပဒေများဖြင့်သာ ထိန်းချုပ်ထားခြင်းဖြစ်သည်။

စည်းကမ်း၊ ဥပဒေများ ချမှတ် ပြဋ္ဌာန်းထားပြီးပြီ ဆိုပါကလည်း သတ်မှတ် ထားသော ဥပဒေစည်းကမ်းများ အတိုင်း မည်သူ့ကိုမဆို၊ မည်သည့် အဖွဲ့အစည်း ကိုမဆို ဥပဒေနှင့်အညီ ကြပ်မတ် ထိန်းသိမ်းပေးရမည် ဖြစ်သည်။

ရန်ကုန်မြို့တော်တွင်မူ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ အပါအဝင် ဆင်ခြေဖုံး မြို့နယ်အများစုတွင် မော်တော်ဆိုင်ကယ်များ ဥဒဟို စီးနင်း သွားလာနေသည့်အပြင် မော်တော်ဆိုင်ကယ် ကယ်ရီသမားများပင် ပေါ်ပေါ်တင်တင် ခွင့်ပြုထားသည်ကို တွေ့မြင်ရသည်။

လုယက်မှု ကျူးလွန်သူများသည် မော်တော်ဆိုင်ကယ်ကို အသုံးပြုနေ သောကြောင့် မော်တော်ဆိုင်ကယ်များကို ပိတ်ဆို့ ဖမ်းဆီးနေခြင်းမှာ ပြဿနာ၏ အဖျားအနားကို ဆေးမြီးတိုဖြင့် ကုသသကဲ့သို့ တစ်နည်းအားဖြင့် ဆန်စဉ်ရာ ကျည်ပွေ့လိုက်သကဲ့သို့ ဖြစ်နေပေသည်။

တရားဥပဒေစိုးမိုးသော မည်သည့်နိုင်ငံ တွင်မဆို နိုင်ငံအတွင်း အသုံးပြုသည့် မည်သည့်စက်တပ်ယာဉ် အမျိုးအစားမဆို မှတ်ပုံတင်ခြင်း၊ ယာဉ်အမျိုးအစားကို လိုက်၍ ယာဉ်မောင်းလိုင်စင် ရှိမှသာ မောင်းနှင်ခွင့် ရှိခြင်း၊ ယာဉ်အမျိုးအစား အလိုက် မောင်းနှင်ခွင့်ရှိသော နေရာဒေသ သတ်မှတ်ပေးခြင်းတို့  စနစ်တကျ ရှိနေပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ ယနေ့အချိန်အထိ တရားဝင် လိုင်စင်မရှိဘဲ၊ ယာဉ်မောင်းလိုင်စင် မရှိဘဲ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်နေခြင်းကို တရားဝင် ခွင့်ပြုထားသကဲ့သို့ ဖြစ်နေခဲ့ပြီး အမှုအခင်းများ ဖြစ်ပွားသည့်အခါမှ ကွက်ကျားမိုး ရွာသကဲ့သို့ ရှောင်တခင် ဖမ်းဆီးအရေးယူခြင်းကို ပြန်လည် သုံးသပ်ပြင်ဆင်သင့်နေပြီ ဖြစ်သည်။

ထို့အတူ နံပါတ်မပါသော မော်တော်ယာဉ်များလည်း ရန်ကုန်မြို့တော်၏ လမ်းမများတွင် ညအချိန်သာမက နေ့အချိန်များတွင်ပါ ဥဒဟို မောင်းနှင်နေပေရာ လုယက်မှုကဲ့သို့ ကိစ္စမျိုးအပြင် ထို့ထက်ကြီးမားသော အကြမ်းဖက်ဖောက်ခွဲမှု၊ ပစ်ခတ်လုပ်ကြံမှုများ အထိပါ ကျူးလွန်ရန် အခွင့်အရေး ပေးထားသကဲ့သို့ ဖြစ်နေပေသည်။

စင်စစ်အားဖြင့် ရန်ကုန်မြို့တော်တွင် တရားဝင်လိုင်စင် မရှိသော လက်ဖက်ရည်ဆိုင်၊ ကားပွဲစားတန်းများ၊ မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင်များ မှတစ်ဆင့် လိုင်စင်မဲ့၊ နံပါတ်မဲ့ယာဉ်များ၊ ဆိုင်ကယ်များကို တရားဝင် မောင်းနှင်ခွင့်ပြုသကဲ့သို့ ဖြစ်နေသည့် ဥပဒေအားနည်းချက်နှင့် ဥပဒေအတိုင်း ထိန်းသိမ်းကြီးကြပ် အရေးယူရမည့်သူများ၏ အားနည်းချက်ကြောင့် မလိုလားအပ်သော အမှုအခင်းများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၅-၁၂-၂၀၁၅)

---------------------
Editorial, The Voice Daily Vol-3/No-216 (#voiceeditorial)


No comments: