Saturday, December 5, 2015

ကောင်းစေချင်လို့ပြောတာပါ =======

ကောင်းစေချင်လို့ပြောတာပါ
=======

ခုတလော သတင်းစာ၊ ဂျာနယ်နှင့် မီဒီယာတွေထဲမှာ ဖတ်ရသည့်  သတင်းများထဲတွင် ရဲတပ်ဖွဲ့နှင့် ပတ်သက်သည့် သတင်းအချို့တွေ့ရှိရပါသည်။ ပထမဆုံးတင်ပြလိုသည့် သတင်းမှာ ''စိတ်ကြွဆေးပြား အရေ အတွက် ခုနစ်သောင်းကျော်နှင့်အတူ မိထားသူ တရားခံနှစ်ဦးအား တရားစွဲဆိုရန် မိတ္ထီလာခရိုင် တရားရုံးသို့ ပို့ပြီး ပြန်အလာတွင် တရားခံနှစ်ဦးက အမှုစစ်ရဲအရာရှိနှင့် ယာဉ်မောင်းတို့ကို လုံးထွေးသတ်ပုတ်ကာ ၎င်းတို့ ဘက်မှ အကူရောက်ရှိလာသူတဦးက သက်သေခံကားကို မောင်းနှင်၍ ထွက်ပြေးသည့်သတင်း''ဖြစ်ပါသည်။

သက်သေခံပစ္စည်းအဖြစ် တရားရုံးသို့ တင်ပြရသည့် (ဆေးပြားများ တင်ဆောင်လာခဲ့သော) ကားမှ YGN 1H/5588 ကရီနာ ခဲရောင်ယာဉ်ပေါ်တွင် ယာဉ်မောင်း၊ အမှုစစ် အရာရှိနှင့်ဇနီး၊ ဇနီး၏ သူငယ်ချင်းမတို့နှင့် တရားခံနှစ်ဦးပေါင်း ခြောက်ဦးတို့ စီးနင်းလိုက်ပါလာခဲ့ကြကြောင်း၊ တရားခံ နှစ်ဦးကို လက်ထိပ်တခုတည်းဖြင့်တွဲ၍ လက်တဖက်စီခတ်ထားခဲ့ရာ ၎င်းလက်ထိပ်မှာ ပြန်လည်ပြုပြင်ထားရသော လက်ထိပ်ဖြစ်၍အကြောင်း သိသူက ဖြုတ်နိုင်ဖွင့်နိုင်သည့် လက်ထိပ်ဖြစ်ကြောင်း၊ တရားခံတဦး၏ အစ်ကိုက ဆိုင်ကယ်ဖြင့် ကားနောက်မှလိုက်လာပြီး ယာဉ်မောင်းနှင့် ရဲအုပ်ဇနီး၏ သူငယ်ချင်းမတို့ကို ကားပေါ်မှ ကန်ချခဲ့ကာ ထိုအစ်ကိုက ကားကို တက်မောင်းလာခဲ့ကြောင်း၊ လမ်းတွင်တွေ့သမျှ ဂိတ်များ၊ အတားအဆီး များကို ၀င်တိုက်၍ အတင်းမောင်းထွက်သွားခဲ့ကြောင်း၊ ရဲအုပ်၏ဇနီးနှင့် ကားကို ဟဲဟိုးမြို့အ၀င် ဂိတ်အနီး၌ ထားခဲ့ပြီး ရဲအုပ်၊ တရားခံများနှင့် ကူညီသူတို့ကထွက်ပြေးသွားခဲ့ကြရာ ဟဲဟိုးမြို့ပေါ်နှင့် အနီးတ၀ိုက်တို့၌ ကောက်သင်းကောက်သလို လိုက်လံရှာဖွေ တွေ့ရှိဖမ်းဆီးခဲ့ကြောင်း အကျယ်တ၀င့် သိရှိရပါသည်။

ဤမျှ များပြားလှသော စိတ်ြွကဆေးပြားများနှင့် ဖမ်းမိခဲ့သူနှစ်ဦး ကို ရုံးထုတ်ရာတွင် ကရီနာကား (ရှေ့ခန်း၌ ယာဉ်မောင်းနှင့် အမျိုးသမီး နှစ်ဦးထိုင်ပြီး နောက်ခန်း၌ ရဲအုပ်နှင့် တရားခံနှစ်ဦးထိုင်ဟု ယူဆရ) ပေါ်၌ လုံခြုံရေးတယောက်မှမပါဘဲ အမှုစစ်ရဲအုပ်၊ ဇနီးနှင့် သူငယ်ချင်းမတို့ က ဈေးဝယ်အလည်ထွက်သလို၊ အပျော်ခရီးထွက်သလို လိုက်ပါသွားခဲ့ ကြပါသည်။ ကြီးလေးသော ပြစ်မှုကြီးကို ကျူးလွန်ထားသူ တရားခံများ အနေဖြင့် ၎င်းတို့၏ လွတ်လမ်းကို အမျိုးမျိုးရှာဖွေနေမည်ဖြစ်ရာ ထိုကဲ့သို့သော တရားခံများကို အလွန်ပေါ့ဆစွာ မကြောက်မရွံ့စေလွှတ်လိုက်သော  (ရဲအုပ်၏ အထက်အရာရှိ) စီမံခန့်ခွဲသူကိုလည်းကောင်း၊  တာဝန်ထမ်းဆောင် နေစဉ်မှာ ဇနီးနှင့် သူငယ်ချင်းမတို့ကို ကားကြုံလိုက် အလည်ခေါ်သွားသည်ထိ ပေါ့ပျက် ပျက်နိုင်လွန်းလှသော အမှုစစ်ရဲအုပ်ကိုလည်းကောင်း အထူးပင် အံ့သြစိတ်ပျက်မိပါတော့သည်။ တရားခံ နှစ်ဦးက ထိုအထက်အရာရှိနှင့် ထိုရဲအုပ်တို့ကို မည်သို့မည်ပုံ အယုံသွင်း၍ ပေါင်းသင်းထားလေသည်မသိ၊ လုပ်ချင်သလိုလုပ် လွှတ်လိုက်ခဲ့ရာ ယခုတော့ ဖြစ်ချင်သလို ဖြစ်သွားပါတော့၏။
တရားခံများက ရဲအုပ်နှင့်တကွ အမျိုးသမီးများကိုပါ လက်စတုံး သတ်ဖြတ်ပစ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းတို့ မပြုလုပ်ဘဲသည်တိုင်း လွတ်မြောက်လာခဲ့ရသည်ကိုပင် ပြန်ကျေးဇူးတင်နေရပါသေးသည်။ လုပ်ခွင့်မသာလို့လား၊ အချိန်မရလို့လား၊ တမင်တကာ မလုပ်ဘဲ ပြန်လွှတ် ပေးလိုက်တာလား ဆိုသည်ကိုတော့ တရားခံများသာ သိကြပါလိမ့်မည်။

သန်လျင်မှာ တရားခံပြေး တင်မြင့် ဖြစ်စဉ်ပေါ်ပေါက်ပြီးသည့်  နောက် ဘာမှမကြာသေးမီ (တနိုင်ငံလုံးရှိ ရဲတပ်ဖွဲ့ဝင်များထံ သတိပေး အမိန့်များထုတ်ပြန်ပြီးခါစ) အချိန်မျိုးမှာ သည်လိုဖြစ်စဉ်မျိုးပေါ်ပေါက်လာ သဖြင့်လည်း အထူးပင် အံ့သြမိပါတော့သည်။ လက်နက်ဆိုလျှင် အပ်တို တချောင်းပင်မရှိသည့် ရဲလက်ထက်မှ ထွက်ပြေးဖို့ စိတ်တောင်မကူးသည့်၊ မတရား (မတရား) ဥပဒေကို ရဲရဲရင့်ရင့် ရင်ဆိုင်ဝံ့သည့်  ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနှင့် ပြည်သူလူထုတို့ကို ရုံးထုတ်လာလျှင်မူ (အတိသယ၀ုတ္တိဟုဆိုချင်လည်းဆိုတော့) နေပြောက်ပင် မထိုးနိုင်လောက် အောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ခြံရံပြီး ထုတ်လာတတ်ကြရာ ထိုသူတွေမှာ မူးယစ်ဆေးဝါး တရားခံများထက်ပင် နိုင်ငံတော်ကို ပိုမို ဆန့်ကျင်ဖျက်ဆီးနေကြသည့် ကြောက်စရာ ရွံစရာ သတ္တ၀ါကြီးတွေကို ဖြစ်နေပါတော့သည်။ ဘယ်သူတွေက ဘာတွေလွဲနေသည် မသိပါ။ ပကတိ အခြေအနေမှန်ကတော့ အထက်ပါအတိုင်း ဖြစ်ပေါ်ကြုံတွေ့နေရ ပါသည်။

နောက် သတင်းတပုဒ်ကတော့ ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင်း ရှိ ရွာတရွာမှ ရွာသူမလေးမှာ ပြည်မြို့ ကားဂိတ်ဝင်းအနီးမှ လက်ဖက်ရည်ဆိုင်တွင် လစာကျပ်ငါးသောင်းနှင့် အလုပ်လုပ်နေခဲ့ရာ ထိုဆိုင်သို့ မကြာ ခဏလာလေ့ရှိသူ ဖောက်သည်လင်မယားက ၎င်းတို့ထံတွင် လာအလုပ်လုပ်ပါက တလ ကျပ်နှစ်သိန်းပေးမည်ဟု သွေးဆောင်မြူဆွယ်ခဲ့သည်ကို အဟုတ်မှတ်ပြီး ထိုလင်မယားထံ သွားရောက်လုပ်ကိုင်ခဲ့ကြောင်း၊ တကယ်တမ်း အလုပ်ဝင်တော့မှ ထမင်းချက်မဟုတ်ဘဲ အနှိပ်ခန်းမှ အနှိပ်သမ အဖြစ် ပြည့်တန်ဆာအဖြစ်ကိုပါ တွဲဖက်လုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းအနှိပ် ခန်းမှ ထိုရွာသူလေး အပါအ၀င် အမျိုးသမီးလေးဦး ထွက်ပြေးလာခဲ့ရာ လောလောဆယ်တွင် ကံသာကျောင်းဆရာတော်က စောင့်ရှောက်ထိန်း သိမ်းထားပြီး ပြည်ခရိုင်  လူကုန်ကူးမှုရုံးသို့ တိုင်တန်းကာ ပြည်အမှတ် (၃) ရဲစခန်းတွင် အမှုဖွင့်၍ တရားခံများ အား ဖမ်းဆီးထားကြောင်း'' သတင်းပင် ဖြစ်ပါသည်။

အထူးစိတ်မကောင်းရသည့်တချက်မှာ ထွက်ပြေးလာသူ အမျိုးသမီးလေးဦးထဲမှ အသက်အငယ်ဆုံးဖြစ်သူ (၁၆ နှစ်) အမျိုးသမီးလေးမှာ သစ်သမားကြီး တယောက် လာရောက်ပျော်ပါးသွားခဲ့ချိန်က ကွန်ဒုံးဖိုး ကျပ်ငါးရာမပေးသဖြင့် ဘာအကာအကွယ်မှမရှိဘဲ ဆက်ဆံခံခဲ့ရပြီး ယခုကိုယ်ဝန်သုံးလရှိနေပြီဆိုခြင်းကြောင့်ပင်။ ဆင်းရဲနွမ်း ပါးပြီး အကြားအမြင်၊ အတွေ့အကြုံ၊ လူမှုရေးနှင့် ကျန်းမာရေး ဗဟုသုတတို့ နည်းပါးရသည့်အထဲ အပျိုငယ်လေးဘ၀မှာပင် ပန်းကောင်းအညွန့်ကျိုးခဲ့ရပါပြီ။
အဆိုပါ သတင်းကိုပင် ပုဂ္ဂလိကသတင်းစာများ၊ ဂျာနယ်များတွင် အသေးစိတ်ဖော်ပြထားခြင်းကို ဖတ်ရှုရသည့်အခါ ''ရဲတွေ ဘာတွေ လာရင် အလကားကြေးနဲ့ ၀င်ပေးရတယ်'' ''နယ်ထိန်းတို့၊ ဘာတို့လာရင် အလကား နေပေးရတယ်''ဟူ၍ ပါရှိလာပါသည်။ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည့် တရားဥပဒေကို စောင့်ထိန်းကာကွယ်ရမည့် ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင်ကပင် သည်လိုဖြစ်နေပါလားဟု ပြည်သူအများ မေးငေါ့စရာ၊ နှာခေါင်းရှုံ့စရာ တွေ့ကြုံနေရပါသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်၊ (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရွှေရတုနေ့) အထိမ်းအမှတ်အဖြစ် (ထိုစဉ်က နံနက်ခင်းဂျာနယ်တွင်) ကျွန်တော်ရေးသားခဲ့သည့် ''အမှန်တကယ် 'ကူညီလိုသူများ' ဖြစ်ပါစေ'' ဆောင်းပါးထဲမှ အချက်အလက်လေးနှစ်ခုလောက် ပြန်လည်ဖော်ပြပါရစေ ခင်ဗျား။
၁၉၉၇-၉၈ ခန့်က ကျွန်တော် ရင်းနှီးခင်မင်ခဲ့သူ ရဲမြို့နယ်မှူး (ဒုရဲမှူး)တဦး (ထိုသူမှာ သန္ဓေရဲအရာရှိစစ်စစ် ဖြစ်ပြီး တပ်မတော်မှ အသွင်ပြောင်းလာသူမဟုတ်ပါ) ပြောပြဖူးသည်မှာ

''သူသည် ရှေးပုလိပ် အိုကြီးများ၏ သွန်သင်ဆုံးမမှုကို အပြည့်အ၀ခံယူခဲ့ရကြောင်း၊ ရှေးပုလိပ် စစ်စစ်ကြီးများမှာ 'စည်း'ထားရှိကြောင်း၊ ဥပမာပြရလျှင် ရှေးပုလိပ်ကြီး များသည် ပြည့်တန်ဆာအိမ်သွားပြီး 'ခေါင်း'ထံမှ ပိုက်ဆံတောင်းလျှင်  ပိုက်ဆံကို သာ ယူလာကြောင်း၊ မိန်းကလေးများနှင့် မထိပါးခဲ့ကြောင်း၊ ထိုသို့ မဟုတ်ဘဲ မိန်းကလေးများနှင့် ပျော်ပါးလာခဲ့ပါကလည်း ထိုအိမ်မှ ပိုက်ဆံတပြားမှယူမလာခဲ့ကြောင်း၊ တမျိုးဆို တမျိုးတည်းသာယူလေ့ ရှိကြောင်း၊ အချို့ပုလိပ်ကြီးများဆိုလျှင် ထိုသို့ သွားရောက်ပျော်ပါးပြီးသည့် အခါ 'စတိ'သဘောမျိုး ပိုက်ဆံ တကျပ်တန်ဖြစ်စေ၊ ငါးကျပ်တန်ဖြစ်စေ (ထိုခေတ်က တကျပ်သည် ယခုခေတ် ကျပ်တထောင်မကတန်ပါသည်) ပျော်ပါးခအဖြစ် ပြန်ပေးခဲ့ကြကြောင်း၊ ခေါင်းများ၊ ပြည့်တန်ဆာများအနေ ဖြင့် ထိုကဲ့သို့ ပုလိပ်က ပေးသွား သည့်ငွေ (မိမိတို့ လုံးဝမတောင်းဘဲ သူ့သဘောနှင့်သူပေးသွားသည့်ငွေ)ကိုရပါက အလွန်ဝမ်းသာကြကြောင်း၊ ထိုပိုက်ဆံလေးနှင့် အိမ်တံခါးကိုဖြစ်စေ၊ မိန်းကလေးများကိုဖြစ်စေ ပုတ်ထားကြကြောင်း၊ ပုလိပ်ထံမှ မတောင်းဘဲရသည့်ငွေဆိုသည်မှာ အလွန်ကောင်းသော 'လာဘ်ခေါ်ငွေ'ဖြစ်ကြောင်း၊ ထို တရက်၊ နှစ်ရက် အတွင်း ၎င်းအိမ်သို့ ဧည့်သည်ကောင်းများ၊ လက်ဖွာသူများ အလာများပြီး လာဘ်အလွန်ရွှင်တတ်သည်ဟု ယုံကြည်ယူဆတတ်ကြကြောင်း'' ကြားသိခဲ့ရဖူးပါသည်။

ထို့မြို့နယ်မှူးကပင် ''ခုခေတ်ရဲတွေကျတော့ အဲဒီလိုကို မဟုတ်တော့ပါဘူးဗျာ။ ပြည့်တန်ဆာအိမ်ရောက်ပြီဆိုတာနှင့် အရက်အကောင်းစားဝယ်ခိုင်း၊ အမြည်းဝယ်ခိုင်း၊ သောက်စားမူးရူးပြီး ကာရာအိုကေ ဆိုလိုက်သေးတယ်။ ပြီးတော့ ကလေးမတွေနှင့် ပျော်ပါး၊ ပြန်ခါနီးကျတော့ 'ခေါင်း'ဆီကနေ ပိုက်ဆံတောင်း၊ အိမ်ဝင်းဝရောက်တော့ ငါသွားစရာ နှစ်နေရာလောက်ရှိသေးလို့ မင်းဆိုင်ကယ်ခဏယူသွားမယ်၊ မနက်ဖြန် နေ့လယ်ကျမှ စခန်းမှာ လာပြန်ယူကွာ။ ဒါနှင့် ဆိုင်ကယ်ထဲ ဆီရောရှိရဲ့လား။ ဆီနည်းနေရင် ဆီတပုလင်းဖိုးလောက်ပေးလိုက်ဦးဆိုတဲ့ အစားမျိုးတွေ ဖြစ်ကုန်ပြီဗျာ။ ဘယ်လိုမှကို ထိန်းလို့မရတော့ဘူး''ဟု ပြောခဲ့ပါသေးသည်။
သည်မျှလောက် လွန်လွန်ကျူးကျူးဖြစ်လာမှတော့ ဘယ်သူက သဒ္ဓါကြည်ဖြူပါတော့မည်နည်း။

မတတ်သာလွန်းလို့သာ၊ ကြောက်လွန်းလို့သာ ပေးလိုက်တာ။ မေတ္တာ စေတနာ လုံးဝခန်းသွားခဲ့ပါပြီ။ ဤကဲ့သို့ သော 'အပူစာ'များကို စားသုံးရသူများမှာ ဘယ်လိုမှ အာဟာရ မဖြစ်နိုင်ဘဲ 'အပင်း'မျိုရသလိုသာ ဖြစ်နေပါလိမ့်မည်။ ရှေးပုလိပ်ကြီးတွေက တမျိုးသာ ယူခဲ့ရာ ကိုယ့်လက်ထက်မှာ လုံးဝမယူဘဲ နေနိုင်ပါက အကောင်းဆုံးပင်။
ခေတ်ပြောင်း၊ စနစ်ပြောင်း၊ အစိုးရပြောင်းတော့မည့် (အကောင်းကို ရှေးရှု)နေချိန်တွင် ကျွန်တော်တို့ အားလုံး၏ မကောင်းသော အကျင့်စရိုက်များကိုလည်း လုံးဝဖယ်ရှားချန်ထားရစ်ခဲ့ကြရပါသည်။ 
 
မှန်ဘီလူး

No comments: