အချစ်ချင်းတူရင် မောင်ဒင်တို့အရှုံးပေးလိုက်မယ်
|| မင်းဒင် ||
(တစ်)
“သရေစည်သူ၊ ဝဏ္ဏကျော်ထင်၊ သီရိပျံချီဆြာဦးဒင်
အဓိပတိ
မြန်မာ့မာရေးချာရေး အသင်းကြီး
ဖူးခက်မြို့၊ ထိုင်းနိုင်ငံတောင်ပိုင်း”
နေရောင်ဖြာသည့် တစ်ခုသော နံနက်ခင်းတွင်ဖြစ်၏။ ကျွန်ုပ်သည် နေအိမ်ခြံ
တံခါးရှေ့တွင် ခပ်ငူငူရပ်နေမိရင်း အထက်ပါ စာတမ်းရေးထိုးထားသည့်
အလျားအနံအားဖြင့် တောင်ဆုပ်ခန့်ရှိသော သွပ်ပြားပိုင်းငယ် ဆိုင်းဘုတ်ငယ်ကို
မမှိတ်မသုန်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေမိလေရာ ယင်းဆိုင်းဘုတ်ငယ်မှ
ခပ်မှိန်မှိန်စာလုံးတို့သည် ကျွန်ုပ်အား မခိုးမခန့် လှောင်ပြောင်ကျီစယ်နေသကဲ့သို့
ရှိလေသည်။
ထိုဆိုင်းဘုတ်ပါ ကျွန်ုပ်၏ဘွဲ့ရည်ဂုဏ်ဒြပ်တို့ကား တပည့်ကျော်များဖြစ်ကြသော
ကပ္ပလီ၊ ဖေကြည်နှင့် လေမင်းသားတို့က ကျွန်ုပ်အား လေးစားရင်းစွဲရှိသည့်အညီ
သူတို့ သဘောအလျောက် တီထွင် လက်ကမြင်း ချီးမြှင့်ခဲ့ကြခြင်း ဖြစ်ချေ၏။ သို့သော်
ထိုဂုဏ်ပုဒ်စာသားတို့၏ အနက်အဓိပ္ပာယ်ကိုကား သင်းတို့ကိုယ်တိုင် ခြေခြေမြစ်မြစ်
သိကြဟန်မတူလေ။ မည်သို့ပင်ဆိုစေ ဇာတိနိုင်ငံမှ မင်းစိုးရာဇာတို့၏ အမည်နာမ
တို့ရှေ့တွင် သုံးစွဲလေ့ရှိသဖြင့် ယင်းဘွဲ့ရည်ဂုဏ်ဒြပ်သည် ပေါ့သေးသေးဖြင့်
ဟုတ်ဟန်မတူကြောင်းကိုမူ ကျွန်ုပ်ကောင်းစွာ ရိပ်စားမိသဖြင့် ထိုအမည်ကောင်း
ဂုဏ်ပုဒ်အတွက် ကျွန်ုပ်များစွာ ဝမ်းမြောက်ဂုဏ်ယူရပါ၏။
ဆြာကိုချစ်လွန်းကြသော ဆြာကလည်းချစ်ရသော တပည့်ကျော်တို့သည် ဆြာ့အား
မိုးပေါ်မှကျလာသော နတ်သားငယ်တစ်ပါးနှယ် ထင်မှတ်မှားကြသည်အထိ
မြတ်နိုးလေးစား ယုံကြည်ကိုးစားကြသကဲ့သို့ ဆြာအနေဖြင့်လည်း တပည့်တို့
အကျိုးစီးပွားအတွက် ကြုံလျှင်ကြုံသလို အကွက်ချ ဇယားခင်းပေးရသည်တို့လည်း
တစ်ရံမလပ်ရှိလေရာ ဘုတ်နှင့်ကျီးပမာ အလွန်လိုက်ဖက်ညီသော ဆြာ့တပည့်များဟု
ဖူးခက်နေမြန်မာတို့က အလေးအနက် အသိအမှတ်ပြုကြပေ၏။
မနာလိုသူတချို့ကမူ ဘုတ်ကျီးမြှောက်၊ ကျီးဘုတ်မြှောက် နေကြသည့် ဆြာတပည့်
များဟု အမနာပဆိုကြသည်များ ရှိသော်ငြား ကျွန်ုပ်တို့၏ ခိုင်မြဲလှသော ဆြာတပည့်
စည်းလုံးညီညွတ်မှုကိုမူ ပြိုကွဲအောင်မစွမ်းနိုင်ကြလေ။
ထိုသို့လျှင် ဆိုင်းဘုတ်ငယ်ရှေ့၌ ကျွန်ုပ် အတွေးမျိုးစုံပွားနေမိသည်မှာ အချိန်မည်မျှ
ကြာညောင်းသွားသည်မသိ။ ကျွန်ုပ်၏ နောက်ကျောဘက်ဆီမှ ပေါ်ထွက်လာသည့်
အသံတစ်ခုကြောင့် ကျွန်ုပ်ရုတ်ခြည်း သတိပြန်ဝင်လာခဲ့၏။
“သူတို့နိုင်သွားကြပြီဆြာ။ စည်းကမ်းအတိုင်း ရာထူးကိုအမြန်လွှဲပါတော့ ... တဲ့”
(နှစ်)
အသံရှင်ကား ကပ္ပလီဖြစ်၏။ သူ့အသံကား ညှိုးငယ်သည့်အသံဖြစ်သည်။
မျက်နှာမူကား မရွှင်ပြလေ။ ကပ္ပလီငယ်၏ စကားဆိုလိုရင်းကို ကျွန်ုပ်ကောင်းစွာ
နားလည်သဘောပေါက်ပါ၏။ ဖူးခက်မြို့ မြန်မာ့မာရေးချာရေးအသင်းကြီး၏
အဓိပတိရာထူးကို ကျွန်ုပ်စွန့်လွှတ်ရပေတော့မည်။ စင်စစ် ကျွန်ုပ်၏ တပည့်ကျော်များ
ဖူးခက်မှ ထိုင်းဂျပိုးမြန်မာလူမိုက်များနှင့် ထိုင်းပုလိပ်တို့၏ အရှိန်အဝါကြောင့်
ထိုရာထူးကို ပြိုင်ဘက်မရှိ ကျွန်ုပ်ရရှိခဲ့ခြင်းဖြစ်၏။ ယခုသော် အသိအမြင်
ပွင့်လင်းလာသည်ဆိုသော ဖူးခက်ရောက် မြန်မာတို့အနေဖြင့် ၎င်းအသင်းကြီး၏
ရာထူးနေရာအသီးသီးကို ဒီမိုကရေစီနည်းကျကျ အစည်းအဝေး ခေါ်ယူဆုံးဖြတ်ခဲ့ရာ
ကျွန်ုပ်တို့လူသိုက်အား ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ မထောက်ခံကြလေသဖြင့်
အသီးသီးရာထူးများမှ ဆင်းပေးရပေတော့မည်။ အမှန်အားဖြင့် ဖူးခက်ရောက်
မြန်မာတို့အား ကျွန်ုပ်လွန်စွာချစ်လှပါ၏။ သာမှုနာမှုအရေးကိစ္စတို့တွင် သင်းတို့
မျက်နှာမငယ်ရမည့်အရေးကို တွေးပူလျက် ထိုင်းပုလိပ် ထိုင်းအာဏာပိုင်တို့နှင့်
ကြိမ်ဖန်များစွာ စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ရဖူးပါ၏။ ခြွင်းချက်အားဖြင့်
ထိုထိုသောကိစ္စရပ်များကို တာဝန်ယူဖြေရှင်းရာမှ ရရှိလာသောငွေကြေးတို့ကိုမူ
ထိုင်းပုလိပ်တစ်ဝက်၊ ကျွန်ုပ်တစ်ဝက် အတ္တပရဒွန်တွဲ၍ ခံစားခဲ့သည်တော့ရှိပါ၏။
ထို့နည်းတူ ကျွန်ုပ်၏တပည့်ကျော်တို့သည်လည်း မြန်မာအလုပ်သမားအရေးနှင့်
ပတ်သက်၍ အခွင့်အရေးရလျှင်ရသလို လစ်လျှင်လစ်သလို သင်းတို့ကိုယ်ကျိုး
အတွက် ခွင်ဖန်တတ်သော လုပ်ရပ်တချို့လည်းရှိပါ၏။
ဖူးခက်ရောက် မြန်မာတို့ကား ကျွန်ုပ်တို့ဆြာတပည့်၏ အားနည်းချက်ကိုသာ
မြင်ဟန်ရှိပြီး သင်းတို့အပေါ် ထားရှိသော ကျွန်ုပ်တို့၏ ချစ်ခြင်းတရားကိုကား
အလေးမူဂရုထားကြဟန် မရှိလေ။ သို့ကြောင့်ပင် ပြီးခဲ့သောရွေးကောက်ပွဲ၌
ကျွန်ုပ်တို့လူမိုက် ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်နိုင်လေသည်။
အဆိုပါရွေးကောက်ပွဲမတိုင်မီ မြန်မာအလုပ်သမားတို့၏ အိမ်ပေါက်စေ့
လိုက်လံဝေငှခဲ့သော ကြာဆံကြော်နှင့် စမူဆာတို့သည် စိုးစဉ်းမျှ တန်ခိုးမပြခဲ့လေ
သည်မှာ ဝမ်းနည်းဖွယ်ပေတည်း။ ကျွန်ုပ်ချစ်မိအပြစ်ရှိသည်ဟုပင် ဆိုရချေတော့
မည်တမုံ့။
(သုံး)
“အသင်းရဲ့တံဆိပ်တုံး၊ စာရင်းဇယား၊ အသင်းပိုင် ပစ္စည်းပစ္စယတွေကို
စာရင်းအင်းနဲ့တကွ လွှဲပြောင်းပေးရတော့မယ် ဆြာ၊ ပြဿနာမတက်အောင်
ကြံပါဦးဆြာရဲ့”
ရာထူးလွှဲပြောင်းရေးနှင့် ပတ်သက်၍ ကျွန်ုပ်တတ်နိုင်သမျှ အချိန်ဆွဲခဲ့ပြီးဖြစ်ပါ၏။
ရာထူးရွေးပွဲပြီးလျှင်ပြီးချင်း နောက်တက်မည့် အဓိပတိအသစ်က တွေ့ဆုံညှိနှိုင်းခွင့်
တောင်းဆိုသည့်ကိစ္စကိုလည်း ကျွန်ုပ်တတ်သမျှမှတ်သမျှ အရူးကွက်နင်းသည့်
နည်းလမ်းဖြင့် ရှောင်ဖယ်ဖယ် ဂျက်ဆီဂျိမ်းခဲ့ပြီးလေပြီ။ မလွှဲမရှောင်သာသည့်
အဆုံးတင်စီးသည့်အနေဖြင့် ကျွန်ုပ်၏နေအိမ်တွင် အနိုင်ရခေါင်းဆောင်အား
အပူရုပ်ကို ဟန်လုပ်ကာ အောင့်သီးအောင့်သက်ဖြင့် လက်ခံတွေ့ဆုံခဲ့ပြီးဖြစ်၏။
ထို့ပြင် ဖူးခက်နယ်တစ်ကြောတွင် ကျွန်ုပ်၏ နောက်တော်ပါ လက်မရွံ့လူမိုက်
အင်အားမည်မျှရှိသည်ကို ပြသသည့်အနေဖြင့် ဖူးခက်လူတန်းစားပေါင်းစုံနှင့်
ကျွန်ုပ်တွေ့ဆုံသည့် အခမ်းအနားကြီးတစ်ရပ်ကိုလည်း ခြိမ့်သဲစွာကျင်းပပြီးခဲ့ဖြစ်ပါ၏။
သို့သော် ယင်းအစည်းအဝေးမှာ သဲထူထူသောင်ပြင်တွင် သေးပေါက်သကဲ့သို့
အရာမထင်လေ။ ဖူးခက်မှ မြန်မာတို့သည် ကျွန်ုပ်၏ ချစ်ခြင်းတရားမှ ထွက်ပေါ်လာ
သည့် သံယောဇဉ်ကို နှောင်ကြိုးဟု ထင်နေကြလေရော့သလားဟုပင်
ဒေါမနဿဖြစ်ရသည်အထိ ခံစားရချေသည်။
“ပြဿနာကတော့ မသေးဘူးဆြာရေ။ အခုတက်လာမယ့် အဖွဲ့သစ်က
နာရေးကိစ္စတွေကို လက်တွေ့ဆောင်ရွက်တဲ့အခါ တပည့်တို့ပိုပြထားတဲ့
မသာစရိတ်တွေ အလိမ်ပေါ်ကုန်တော့မှာ ဘယ်လိုလုပ်ကြမတုံး”
ကပ္ပလီ၏အမေးကို အာစေးမိသကဲ့သို့ ခွန်းတုံ့မပြန်နိုင်မီမှာပင် နောက်မေးခွန်း
တစ်ခုဖြင့် ဘူးလေးရာဖရုံဆင့်လာပြန်သူကား အာရုံခေါ် ဖေကြည်ပေတည်း။
သူ့ပုံစံသည်လည်း ခွေးဝဲစားကို ဘိန်းကျွေးထားသည့် မျက်နှာထားမျိုးဖြစ်၏။
“ဟေ့ကောင်ဖေကြည်၊ မင်းခဏနေပါဦးဟ။ ငတို့ဆြာကို စဉ်းစားချိန်ပေးလိုက်ပါဦး။
မင်းကိစ္စအသာထား၊ ငါ့မှာလည်း တရားပွဲတွေလုပ်တုန်းက ဆရာတော်တွေရဲ့
ကပ္ပိယတွေနဲ့ စည်းဝါးရိုက်ပြီး ရာခိုင်နှုန်းနဲ့ယူထားမိတဲ့ ဓမ္မပူဇာအလှူငွေ
ပြဿနာတက်လာရင် ဘယ်နှယ့်လုပ်ရှင်းရမတုံးဆိုတာ ဆြာ့ကိုမေးရဦးမယ်ဟ”
အချိန်နာရီတို့ကား ကုန်လွယ်လွန်းလှချေသည်တကား။ ဥာဏ်နီဥာဏ်နက်
ထွက်စိမ့်သောငှာ ခေါင်းကိုတဗျင်းဗျင်းမြည်အောင် ကျွန်ုပ်ဆက်တိုက်ကုတ်မိ၏။
“ငါဘာလုပ်လုပ်၊ ဘယ်သူမှလျှာမရှည်နှင့်” ဟူသော အခြေခံမူဖြင့် ကျွန်ုပ်
စခန်းသွားခဲ့ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်တို့ကို မည်သို့လျှင်
ထွက်ပေါက်ရှာပါအံ့နည်း။ အကြံအိုက်လှ၏။ နဂိုကမှ မကောင်းချင်လှသော
နှလုံးသည် စည်းချက်မမှန်ချင်တော့သလို ခံစားလာရ၏။
(လေး)
“ဆြာရေ။ အသင်းငွေစာရင်းတွေကတော့ ကွာမှာပဲဆြာ။ ကော်ဆန်း
(ဆောက်လုပ်ရေး) ဆိုက်တွေကို ဝင်မွှေဖို့ ထိုင်းရဲကိုလက်တို့ပြီး ဝေစားမျှစား
လုပ်ခဲ့တာတွေလည်း ပေါ်ချင်ပေါ်လာဦးမှာ။ အာစီယံသောက်တဲ့ ကောင်တွေ
စာရင်းကို လက်ထောက်ချပြီး ငွေညှစ်လို့ရတဲ့အထဲကနေ တပည့်တို့ဝေစုခွဲခဲ့
တာလည်း သိပ်စိတ်မချရဘူးဆြာ”
မျောက်တစ်ကောင်က နားရင်းကိုဖြတ်ရိုက်လိုက်သဖြင့် ခရမ်းသီးမီးဖုတ်လို
ရှုံ့တွတွဖြစ်နေသော တောဇီးကွက်၏ မျက်နှာပေးဖြင့် ကျွန်ုပ်၏ထံပါးတွင်
ပေါ်လာပြန်သူကား လေမင်းသားဖြစ်လေသည်။ ပြဿနာစုံလူစုံဖြစ်နေသော
အခြေအနေတွင် ကျွန်ုပ်ဆိတ်ဆိတ်နေ၍ မဖြစ်တော့ပြီ။ လည်ချောင်းတွင်းက
သလိပ်တို့ကို ဝမ်းခေါင်းတွင်းမှလေဖြင့် ခပ်ပြင်းပြင်း ရှင်းထုတ်လိုက်ရင်း
အားငယ်နေသော တပည့်တို့အား တုံ့ပြန်စကားဆိုလိုက်ရချေသည်။
“အဟမ်း၊ အဟမ်း။ ဒီမယ်ကွဲ့ မောင်ကပ္ပလီရဲ့”
“ဟုတ်၊ အမိန့်ရှိပါဆြာ”
“အခုငတို့အဖွဲ့က နောက်လာမယ့်အဖွဲ့သစ်ကို တရားဝင် အာဏာမလွှဲရသေး
ဘူးဆိုတာ ဟုတ်တယ်နော်”
“ဟုတ်တာပေါ့ဆြာ။ ဒါပေမဲ့ သုံးလအတွင်း လွှဲရမှာဆြာရဲ့”
“အေးပါလေ။ နောက်လာမယ့်အဖွဲ့သစ်ဆီကို အေးချမ်းတည်ငြိမ်စွာ အာဏာ
လွှဲပြောင်းရေးအတွက် တပည့်တို့ပါပါဝင်တဲ့ ကော်မီတီတစ်ခု အမြန်ဖွဲ့လိုက်
လေကွယ်။ အခုလက်ကျန်အချိန်လေး ရှိသေးတာမို့ ငတို့ဆြာတပည့်တစ်တွေ
မတ်တတ်ရပ်ရင်း အစည်းအဝေးထိုင်လိုက်ကြစို့ကွယ်”
“ဗျာ”
“မဗျာနဲ့ မောင်ဖေကြည်။ အချိန်ရှိခိုက် လုံ့လစိုက်တဲ့။ ရှေးလူကြီးသူမများ
ဆုံးမခဲ့ဘူးသကွဲ့”
“ဟုတ်ကဲ့ပါဆြာ။ ဆြာက ဘုန်းကြီးတွေကိုတောင် စာချခဲ့ဖူးတာဆိုတော့ ဆြာ့ကို
တပည့်တို့ ယုံကြည်ပြီးသားပါဆြာ။ ဒါနဲ့၊ ဖူးခက်က အလှူမင်္ဂလာဆောင်တွေမှာ
ကျွန်တော်တို့ ဆြာတပည့်တစ်တွေ ဝက်သားဟင်း၊ ကြက်သားဟင်းတွေကို
ချိုင့်ကြီးချိုင့်ငယ်နဲ့ အိမ်သယ်တဲ့ကိစ္စ၊ စတီးဒန်အိုးတွေ အပျောက်ရိုက်ထားတဲ့
ကိစ္စတွေလည်း ပွဲပြီးမီးသေဖြစ်ပါစေဆြာ။ အဲ ... အဲ … နောက်ပြီးတော့ ရာထူး
လက်လွတ်ပြီးတဲ့နောက် ရင်းနှီးစားသောက်ဖို့ ငွေလေးကြေးလေး ခပ်မျက်မျက်
ကလေး ရအောင်လည်း ကြံပါဦးဆြာရဲ့”
“အေး။ ဒါဆို အခုဆြာရွတ်ပြမယ့် အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ပေါင်ပေါ်မှာ
စာရွက်တင်ပြီး လိုက်ရေးစမ်းလကွယ်။ ဟေ့ ... လေမင်းသား မင်းအိတ်ကပ်ထဲက
ဘော့ပင်ထုတ်ပေးလိုက်လေ”
ဤသို့လျှင် လက်ရင်းတပည့်ကျော်တို့ တောင်တွေးမြောက်တွေး ရင်လေးနေရလေ
သည့် အာဏာလွှဲပြောင်းမည့်ဆဲဆဲ ကာလအတွင်း ကြုံတွေ့နေရသော
ပြဿနာပေါင်း သောင်းခြောက်ထောင်အား အပူအပင်ကင်းစွာ ရှင်းလင်းနိုင်မည့်
လမ်းညွှန်ချက်နည်းလမ်းများကို ကျွန်ုပ်နှုတ်တိုက်ရွတ်ဆိုလျက် တပည့်တို့အား
မှတ်တမ်းတင်ကြေညာချက် ထုတ်စေခဲ့ရာ ယင်းတို့အနက် အရေးကြီးသော အချက်
အလက်အချို့မှာ အောက်ပါအတိုင်းဖြစ်၏။
(ငါး)
၁။ ဖူးခက်ရောက် မြန်မာ့မာရေးချာရေးအသင်းကြီးမှ အမှုဆောင်ဟောင်းများအား
ဆုကြေးငွေအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ငါးသောင်းစီ ထုတ်ပေးရမည်။
၂။ အမှုဆောင်အဖွဲ့ဟောင်းအနေဖြင့် ဖူးခက်ရောက် မြန်မာတို့အားချစ်လွန်း၍
ကောင်းမည်ထင်သောကြောင့် လုပ်ခဲ့သမျှကိစ္စရပ်တို့အား ဝေဖန်ခြင်း၊ ပြဿနာ
တစ်စုံတစ်ရာ ရှာခြင်းမပြုလုပ်ရ။
၃။ အထူးသဖြင့် အသင်း၏အဓိပတိ ဆြာဦးဒင်အား မည်သည့်အကြောင်းပြချက်နှင့်မျှ
တရားစွဲဆိုခြင်း၊ ပြစ်တင်ရှုတ်ချခြင်းမပြုရ။
၎။ အမှုဆောင်အဖွဲ့ဟောင်းအနေဖြင့် ဘာပဲလုပ်ခဲ့၊လုပ်ခဲ့ တရားသည်ဟု မှတ်ယူရ
မည်။
ကျွန်ုပ်၏နှုတ်မှ တဖွဖွရွတ်ဆိုနေသော အစည်းအဝေး ဆုံးဖြတ်ချက်တို့ကား ဆုံးခန်း
မတိုင်သေး။ သို့သော် တပည့်ကျော်တို့၏ မျက်နှာများမှာ တိမ်ညိုတိမ်မည်းတို့ကြားမှ
ထွက်ပြူလာသော တိမ်စင်လနှယ်သို့ ရွှန်းမြဝင်းပလာချေ၏။ ရုတ်တရက်အားဖြင့်မူ
ကျွန်ုပ်၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည့် ဆုံးဖြတ်ချက်များကြောင့် လူတချို့
အနေဖြင့် ကျွန်ုပ်အပေါ် အတ္တတရားကြီးလှချည့်ရဲ့ဟု အထင်အမြင်း မှားနိုင်ဖွယ်ရှိ၏။
ဧကန်အားဖြင့်ကား ထို့သို့မဟုတ်။ ကျွန်ုပ်၏ရင်ထဲတွင် ကြီးမားသော အစိုင်အခဲအဖြစ်
ထုနှင့်ထည်နှင့်တည်ရှိနေသော မြန်မာလူမျိုးတို့အား ချစ်စိတ်၊ တပည့်တို့အပေါ်
ချစ်စိတ်တို့ကို နွယ်တစ်မျှင်မြက်တစ်ပင်လို တိခနဲဒုံးခနဲနေအောင် ဖြတ်တောက်
လိုရင်းသာ ဖြစ်ပါ၏။ သင်းတို့နှင့် နောက်တစ်ဖန်ပြန်၍ မျက်နှာချင်း မဆိုင်လိုတော့
၍သာ ဖြစ်လေ၏။
ကျွန်ုပ်ဘဝရှေ့ရေးအတွက်မူကား အဓိပတိကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က
စုမိဆောင်းမိထားသော ငွေကြေးအရင်းအနှီးဖြင့် ခြံလေးစိုက်၊ မုန့်ဟင်းခါးဆိုင်လေး
ဖွင့်ကာ ဒူးနှံ့လျက် နေထိုင်ပါသော်ငြား ရန်သူ့လက်တွင် ခွေးသေဝက်သေ
သေပေ့စေတော့ဟူသော စိတ်ထားမျိုး မမွေးနိုင်လေသဖြင့် ငါမရှိလျှင်ဖြင့်
ဒင်းတို့ခက်ချေဦးမည်တကားဟု နေ့ညမဟူ တွေးတောပူပင်နေမိသည်မှာ ချစ်ခြင်း
ကြောင့်ဖြစ်ရသော ဒုက္ခပေတကား။
မင်းဒင်
The Ladies News Journal
No comments:
Post a Comment