Tuesday, December 8, 2015

ဂြိုဟ်တု ဘယ်လို လွှတ်သင့်သလဲ ==========================

ဂြိုဟ်တု ဘယ်လို လွှတ်သင့်သလဲ
========================================
ကျွန်တော့်မိတ်ဆွေ တစ်ဦးက လာအိုတောင် ဂြိုဟ်တုလွှတ်နေပြီ၊ တို့နိုင်ငံ ဘယ်တော့ဂြိုဟ်တု လွှတ်နိုင်မလဲ ဟုမေးလာသည်။ ကျွန်တော်တို့ နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုဖြစ်သည့် လာအို ဒီမိုကရက်တစ်နိုင်ငံက ဆက်သွယ်ရေးနှင့် ရုပ်သံလွှင့် ထုတ်နိုင်မည့် ဂြိုဟ်တုတစ်လုံးကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် ဒေသစံတော်ချိန် (ဘေဂျင်းအချိန်) ၇ နာရီမှာ တရုတ်နိုင်ငံ စီချွမ်း ပြည်နယ် ဇီချမ်းမြို့ရှိ တရုတ် အာကာသ လွှတ်တင်ရေးဌာနမှ (Long March 3B) ဒုံးပျံယာဉ် ဖြင့် လွှတ်တင် ပေးခဲ့ခြင်းဖြစ်သည်။ ဒုံးပျံကို လွှတ်တင်ပြီး ၂၉ မိနစ် အကြာတွင် ဂြိုဟ်တုသည် ဒုံးပျံမှ ခွာထုတ်လျက် ၎င်း၏ ဆိုလာပြားများကို ဆန့်ထုတ်ကာ ဂြိုဟ်ပတ်လမ်းအတွင်းသို့ ၃၇ မိနစ်အကြာတွင် အောင်မြင်စွာ လည်ပတ်လျက်ရှိသည်။ အဆိုပါ လာအိုနိုင်ငံ၏ ပထမဆုံး သော (Lao Sat-1) ဂြိုဟ်တု တည်ဆောက် လွှတ်တင်နိုင်ရေးအတွက် လာအိုစာတိုက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံတို့ သဘောတူညီမှုအရ တရုတ်အာကာသ နည်း ပညာ အကယ်ဒမီက ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၅၉ သန်းဖြင့် တည်ဆောက် လွှတ် တင် ပေးခဲ့ခြင်းဖြစ်သည်။ ဂြိုဟ်တုတွင် (C-band) အမျိုးအစား ထရန်စဖောင်ဒါ ၁၄ လုံးနှင့် (Ku-band) အမျိုးအစား ရှစ်လုံးတို့ပါရှိပြီး ဆက်သွယ်ရေးနှင့် ရုပ်သံ ထုတ်လွှင့်မှုတို့ကို အသုံး ပြုနိုင်ကြောင်း သိရှိရသည်။ ဂြိုဟ်တုကို အရှေ့လောင်ဂျီတွဒ် ၁၂၈ ဒသမ ၅ ဒီဂရီမှ ကမ္ဘာမြေ နှင့်အတူ လည်ပတ်သည့် တည်ငြိမ်ဂြိုဟ်ပတ် လမ်းသို့ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

အာကာသ အစီအစဉ်များက ဖွံ့ဖြိုးမှု ထောက်အကူ ပြုစေသလား

ယခုအခါ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉ဝ ကျော်အနက် ထက်ဝက်ခန့်မှာ ဂြိုဟ်တု လွှတ်တင်ထားပြီးဖြစ်ရာ ဖွံ့ဖြိုးပြီးနိုင်ငံအများစု ပါဝင်သကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါဝင် သည်ကိုတွေ့ရသည်။ ထို့ကြောင့် သိပ္ပံနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွန်ရက် အာကာသ အစီအစဉ် များက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုစေသလားဟု မေးခွန်းထုတ် လိုက်ခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျန်းမာရေးနှင့် ပညာရေးအတွက် နိုင်ငံတကာမှ အလှူရှင်များက ထောက်ပံ့နေချိန်တွင် အဆိုပါ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အာကာသ အစီအစဉ် အတွက် ရင်းနှီးမြှုပ်နှံမှုများကို အလွန်အမင်း ပြုလုပ်နေကြောင်း၊ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးအတွက် ရန်ပုံငွေများကို ဂုဏ်သိက္ခာရရှိဖို့ရန် အာကာသ အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံနေကြောင်း သုံးသပ်ထားသည်။ အာကာသ ဈေး ကွက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Euroconsult  ၏ စစ်တမ်းအရ ၂ဝ၁၂ ခုနှစ်တွင် အရှေ့ တောင် အာရှနိုင်ငံများအနက် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၉၃ သန်းဖြင့် ရင်းနှီး မြှုပ်နှံမှု အကြီးမားဆုံး နိုင်ငံဖြစ်ပြီး လာအိုနိုင်ငံက ၈၇ သန်းဖြင့် ဒုတိယ၊ အင်ဒိုနီးရှားနိုင်ငံက ၃၈ သန်း၊ ထိုင်းနိုင်ငံက သန်း ၂ဝ နှင့် မလေးရှားနိုင်ငံက ၁၈ သန်းရှိကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ Euroconsult ၏ CEO ဖြစ်သူ Bochinger က အမေရိကန် အမျိုးသား အာကာသ အုပ်ချုပ်ရေးအဖွဲ့ (NASA) ၏ ဘတ်ဂျက် အသုံးစရိတ်ကို ၂ဝဝဝ ပြည့်နှစ်တွင် ၁၈ ဒသမ ၇ ဘီလီယံမှ ၂ဝ၁၂ ခုနှစ်တွင် ၁၇ ဒသမ ၇ ဘီလီယံသို့ လျှော့ချ နေချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အစိုးရများအနေဖြင့် အာကာသ သုတေသနအတွက် ၂ဝဝဝ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံရှိရာမှ ၂ဝ၁၂ ခုနှစ်တွင် ၇၃ ဘီလီယံအထိ တိုးတက်လာကြောင်း ဖော်ပြထား သည်။ ထိုသုံးသပ်ချက်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် အာကာသအစီအစဉ်တွင် ရင်းနှီး မြှုပ်နှံရာ၌ ရေတိုရေရှည် ထိရောက်အကျိုးရှိမှု၊ ဂုဏ်သိက္ခာတစ်ခုအဖြစ် ဂြိုဟ်တုလွှတ်တင် သင့်၊ မတင်သင့် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများအတွက် အထောက်အကူပြု စေမည့် မည်သည့် အာကာသ အစီအစဉ်မျိုးကို ရွေးချယ်ဆောင်ရွက်နိုင်ရန် ထောက်ပြခြင်းဖြစ် သည်။

ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု၏ အကျိုးကျေးဇူးများ

ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုများကို ကမ္ဘာနှင့်အနီးဆုံးရှိ (Low Earth Orbit-LEO) ဂြိုဟ်ပတ် လမ်း ကီလိုမီတာ ၁၆ဝ မှ ၂ဝဝဝ ခန့်တွင် လွှတ်တင်ကြပြီး အသေးစားဂြိုဟ်တု၊ အလွန်သေး ငယ်သောဂြိုဟ်တုများ (Micro Satellite နှင့် Nano-Satellite) ကို အသုံးပြုကြသည်။ ကမ္ဘာ မြေ လေ့လာရေး ဂြိုဟ်တုများကို ကဏ္ဍတော်တော်များများတွင် အသုံးပြုနိုင်သကဲ့သို့ တိုင်း ပြည်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ကြောင်းလေ့လာ သိရှိရ သည်။ ဥပမာအားဖြင့် သြစတြေးလျနိုင်ငံတွင် ၂ဝဝ၈ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အကြား ကမ္ဘာမြေ လေ့လာရေးဂြိုဟ်တုမှ သတင်း အချက်အလက်များကြောင့် စီးပွားရေးဖွံ့ဖြိုးမှုတွင် အထောက် အပံ့ပေးနိုင်မှု လေ့လာ ဆန်းစစ်ချက်များအရ တိုင်းပြည် ဂျီဒီပီ၏ သုည ဒသမ ၂ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ) အထိရှိခဲ့ကြောင်း၊ တိုက်ရိုက် အထောက်အပံ့မှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ထုတ်လုပ်မှုတွင် ထောက်ပံ့ပေးနိုင်မှုမှ ၁ ဒသမ ၄ ဘီလီယံတို့ ရရှိကြောင်း၊ ထို့အပြင် တခြား အကျိုးကျေးဇူးများအဖြစ် သဘာဝအရင်းအမြစ် စီမံခန့်ခွဲခြင်း၊ အရေးပေါ်စီမံခန့်ခွဲမှု၊ ရာသီဥတု ပြောင်းလဲမှုတို့အတွက် တစ်ဘီလီယံဖိုး သက်သာစေခဲ့ကြောင်း လေ့လာရသည်။ ကမ္ဘာမြေ လေ့လာရေးဂြိုဟ်တုမှ သတင်းအချက်အလက် များကို ကဏ္ဍအလိုက် အသုံးပြုနိုင်မှုများမှာ အောက်ပါ အတိုင်း ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍ။ ။ သီးနှံဖြစ်ထွန်းမှု စောင့်ကြည့်ရေးနှင့် စီမံခန့်ခွဲမှု၊ သီးနှံအထွက်နှုန်း ခန့်မှန်းခြင်း၊ သီးနှံပျက်စီးမှုဆန်းစစ်ခြင်း၊ ထုတ်လုပ်မှုစီမံခန့်ခွဲခြင်း၊ မြေသြဇာအသုံးပြုမှုလိုအပ်ချက်၊ တရားမဝင်သီးနှံ စိုက်ပျိုး မှုစောင့်ကြည့်ခြင်း၊ သီးနှံဖျက်ပိုး ကျရောက်မှု စောင့်ကြည့်ခြင်း၊ ရေသွင်းရန်လိုအပ်ချက်၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုဆန်းစစ်ခြင်း စသည်တို့တွင် ကမ္ဘာမြေ သတင်းအချက်အလက်များကို အကျိုးရှိစွာ အသုံးပြုနိုင်သည်။

သစ်တောကဏ္ဍ။ ။ သစ်တောများ ဖြစ်ထွန်းမှုလေ့လာ စောင့်ကြည့်ခြင်း၊ တောမီး၊ မုန်တိုင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သစ်တောပျက်စီးမှု ခန့်မှန်းတွက်ချက်ခြင်း၊ ထိန်းသိမ်းတောများ ကာကွယ်ခြင်းနှင့် စီမံကိန်းရေး ဆွဲခြင်း၊ သစ်တောပြုန်းတီးမှု လေ့လာဆန်းစစ်ခြင်း၊ သစ်တော ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုများ လေ့လာစောင့်ကြည့်ခြင်းတို့တွင် အသုံးပြုနိုင်သည်။

ပတ်ဝန်းကျင်နှင့်သဘာဝအရင်းအမြစ်ကဏ္ဍ။ ။

သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာခြင်း၊ သဘာဝအရင်းအမြစ် စာရင်းပြုစုခြင်း၊ ရာသီ ဥတုပြောင်းလဲမှု ပုံစံထုတ်ယူခြင်းတို့တွင် ဂြိုဟ်တု သတင်း အချက်အလက်များကို ထိရောက် စွာ အသုံးချနိုင်သည်။

မြို့ပြစီမံကိန်းကဏ္ဍ။ ။ မြေအသုံးပြုမှု အမျိုးအစား ခွဲခြားသတ်မှတ်ခြင်း၊ မြို့ပြချဲ့ထွင်မှု လေ့လာ စောင့်ကြည့် ခြင်း၊ မြို့ပြစီမံကိန်းများရေးဆွဲခြင်း၊ မြေဆီလွှာ အမျိုးအစား ခွဲခြားခြင်းတို့တွင် ကမ္ဘာမြေ သတင်း အချက် အလက်များဖြင့် လုပ်ငန်းမြန်ဆန် သက်သာစေနိုင်သည်။

သဘာဝဘေးစီမံခန့်ခွဲမှုကဏ္ဍ။ ။ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲခြင်း၊ သဘာဝဘေးကြောင့် ထိခိုက် ဆုံးရှုံးမှုဆန်းစစ်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို လေ့လာစောင့်ကြည့် ခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် သတင်းအချက်အလက် ပံ့ပိုးပေးနိုင်ခြင်းတို့ကို အထောက်အကူ ပြုစေနိုင်သည်။

ပင်လယ်ရေကြောင်းအသုံးပြုမှုကဏ္ဍ။ ။ ပင်လယ်ပိုင်နက်အတွင်း တရားမဝင် သင်္ဘောများ ဝင် ရောက်မှု၊တရားမဝင်ငါးဖမ်းမှု၊ တရားမဝင် ရေကြောင်းကုန်သွယ်မှုများ လေ့လာစောင့်ကြည့် ခြင်းနှင့် ထိန်းချုပ်ခြင်း တို့ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်သည်။

ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ။ ။ ရန်သူ့ လေယာဉ်၊သင်္ဘော၊ ယာဉ်တို့ကို ခြေရာခံခြင်း၊ နယ်နိ မိတ်ထိန်းချုပ်စောင့်ကြည့်ခြင်း၊ အရေးပေါ်တုံ့ပြန်မှု စီမံခန့်ခွဲခြင်း၊ စစ်ဆင်ရေးများ၊ လေ့ကျင့်မှု များအတွက် ကမ္ဘာမြေ သတင်းအချက်အလက်များ ရယူ အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူး ပိုမို ရရှိစေသည်။

ဂြိုလ်တုလွှင့်တင်ရာတွင် စဉ်းစားရမည့် အချက်များ

စာရေးသူအနေဖြင့် ''အာကာသနည်းပညာနှင့် အသုံးပြုမှုဖွံ့ဖြိုးတိုးတက်ရေး''ဆောင်းပါးတွင် ကိုယ်ပိုင် ဂြိုဟ်တုလွှတ်တင်သည့်အခါ ထည့်သွင်းစဉ်းစားသင့် သည့် အချက်များကို အကြံပြုတင်ပြခဲ့သည်။ ကိုယ်ပိုင် ဂြိုဟ်တုလွှတ်တင်သည့်အခါ နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်ခြင်းရှိ၊ မရှိ၊ ရေတို၊ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းမှု အခြေအနေ၊ အသင့်လျော်ဆုံး စီးပွားရေးပုံစံဖြင့် ဆောင်ရွက်မှု၊ နည်းပညာလွှဲပြောင်း ပိုင်ဆိုင်နိုင်မှု၊ ဂြိုဟ်တုနည်းပညာနှင့် အာကာသနည်းပညာ ပိုင်ဆိုင်အသုံး ပြုနိုင်ရန် ရေရှည် အစီအစဉ်တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

မိမိတို့နိုင်ငံအနေဖြင့် ချမ်းသာသော နိုင်ငံမဟုတ်သဖြင့် ဂြိုဟ်တုလွှတ်တင်သည့်အခါ ကဏ္ဍမည်မျှကို အကျိုးရှိစေသလဲ၊ စီးပွားရေး အကျိုးအမြတ်အနေဖြင့် မည်မျှပြန်ရနိုင် သလဲ၊ လက်ငင်း အကျိုးကျေးဇူး၊ ရေရှည် အကျိုးကျေးဇူး မည်မျှရနိုင်သလဲ စသည်တို့ကို ထည့်သွင်းတွက်ချက်ရန် လိုအပ်သည်။ ပြန်လည်ရရှိသည့် အကျိုးကျေးဇူးနည်းပြီး ကဏ္ဍအနည်းငယ်ကိုသာ အထောက်အကူပြုစေပါက ငါတို့နိုင်ငံဂြိုဟ်တု လွှတ်နိုင်ပြီ ဟု ဝါကြွား နိုင်ရုံသာဖြစ်စေမည်ကို သတိပြုသင့်သည်။

အရေးအကြီးဆုံးမှာ နိုင်ငံတော်၏ လုံခြုံရေးဖြစ်သည်။ မိမိတို့က ငွေကြေးအကုန်ခံ လွှတ်တင်ထားသည့်ဂြိုဟ်တု၏ အကြောင်းကို ဂဃနဏ နားမလည်ပါက၊ မည်သည့် ထောက်လှမ်းရေး ပစ္စည်းပါ၊ မပါမသိရှိပါက လုံခြုံရေး ကိုပါ ထိခိုက်စေနိုင်မည် ဖြစ်သည်။ ထို့အပြင် မိမိတို့၏ ဂြိုဟ်တုကို မိမိနိုင်ငံရှိ မြေပြင်ထိန်းချုပ်ရေး စခန်းမှ Mission Control လုပ်နိုင်ဖို့လိုပြီး ကိုယ့်ဂြိုဟ်တုကို သူများနိုင်ငံက ထိန်းချုပ်နေလျှင် သတင်းအချက်အလက်များ၊ အရင်းအမြစ်များ အားလုံးကို တစ်ဖက်ကအလွယ် တကူသိရှိနိုင်ခြင်း၊ နည်းပညာ မှီခိုနေရပါက လုံခြုံစိတ်ချမှု မရနိုင်ခြင်းတို့ ဖြစ်လာနိုင်စရာ ရှိသည်။

တစ်ခါက စာရေးသူ အာကာသလုံခြုံရေးဆွေးနွေးပွဲ

တစ်ခုတက်ရောက်ခဲ့ရာ ယခုအခါ အာကာသအတွင်း၌ ထိန်းချုပ်မှုမဲ့ဂြိုဟ်တုများ၊ သက်တမ်းကုန်ဂြိုဟ်တုများဖြင့် အာကာသအမှိုက်ပေါများနေပြီး အသုံးပြုဆဲဂြိုဟ်တု များကိုတိုက်မိနိုင်ခြင်း၊ ကမ္ဘာမြေသို့ ကျရောက်နိုင်ခြင်း တို့မှ မည်သို့ကာကွယ်မည်ကို ပူးပေါင်းအဖြေရှာကြရန် ဆွေးနွေးကြသည်။ သက်တမ်း မကုန်သေးသော်လည်း ထိန်းချုပ်မှုမဲ့ နေသည့် တချို့ ဂြိုဟ်တုများမှာ ဂြိုဟ်တုနည်းပညာ မြင့်မားသည့် နိုင်ငံတချို့၏ ကြားဖြတ်လှိုင်း များလွှင့်ထုတ်၍ မြေပြင်ထိန်းချုပ်မှု လွတ်ကင်းအောင် ပြုလုပ်ခြင်းသည်လည်း အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။

ဂြိုဟ်တုလွှတ်တင်ပြီး ဂြိုဟ်ပတ်လမ်း အတွင်း အလုပ်လုပ်နေရာမှ သက်တမ်း မကုန်မီ Mission Control လုပ်မရလျှင် ငွေကုန်ကြေးကျခံသမျှ မိမိတို့ဂြိုဟ်တုကို ဆုံးရှုံးရ၊ အာမခံကြေးလည်းပြန်မရနှင့်မြွေပါလည်းဆုံး သားလည်းဆုံး အဖြစ်ကို ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် ဂြိုဟ်တုနည်းပညာလွှဲပြောင်းပိုင်ဆိုင်မှု၊ ဂြိုဟ်တုနည်း ပညာကို ဂဃနဏ တတ်ကျွမ်းသည့် လူ့စွမ်းအားအရင်း အမြစ်ရရှိမှုသည် မဖြစ်မနေ ထည့်သွင်းဆောင် ရွက်သင့်သည့် အချက်တစ်ရပ်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဝန်ကြီးဌာန အလိုက်ဖြစ်စေ၊ ပုဂ္ဂလိကမှဖြစ်စေ ဂြိုဟ်တု နည်းပညာအနေဖြင့် လည်းကောင်း၊ အာကာသအသုံး ပြုမှုအနေဖြင့် လည်းကောင်း၊ လူ့စွမ်းအား အရင်းအမြစ်၊ အဆောက် အအုံတို့ ထိုက်သင့်သရွေ့ ရှိကြောင်း သိရှိရပြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် တိုးတက်မှု၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းခြင်း ဖြစ်ကြောင်း သုံးသပ်မိသည်။

ယနေ့ခေတ်တွင် ဂြိုဟ်တုနည်းပညာ၊ အာကာသ နည်းပညာ အသုံးပြုမှုတို့၏ အကျိုးကျေးဇူးများမှာ မည်သူမျှငြင်း၍ မရအောင် များပြားသကဲ့သို့ ဂြိုဟ်တု လွှတ်တင်ခြင်းဖြင့် တိုင်းပြည်၏ လူမှုစီးပွား ဘဝတိုးတက် စေနိုင် သည်ကိုလည်း သာဓက များစွာရှိသည်။ ထို့ကြောင့် မိမိတို့လို မချမ်းသာသော နိုင်ငံအနေဖြင့် တိုင်းပြည်၏ ပြည်ပကြွေးမြီ မတိုးပွားစေရေး၊ အာကာသ နည်းပညာကို ကဏ္ဍများစွာတွင် အသုံးပြုနိုင်မှု၊ နိုင်ငံ၏ ရေရှည်အကျိုး စီးပွားနှင့် လုံခြုံမှုတို့အတွက် မည်သည့် ဂြိုဟ်တုအမျိုးအစားကို ဦးစားပေး လွှတ်သင့်သည်၊ မည်သို့ဆောင်ရွက်သင့်သည် ဂြိုဟ်တုနည်းပညာ လွှဲပြောင်း ရယူနိုင်မှုတို့ကို စုပေါင်းညှိနှိုင်း အဖြေရှာ၍ အားလုံး ပူးပေါင်း ဆောင် ရွက် သင့်ကြောင်း အကြံပြု တင်ပြလိုပါသည်။ ။

ဒေါက်တာကြည်သွင် (လေကြောင်းနှင့် အာကာသ)

No comments: