၁၉၄၇ အခြေခံဥပဒေနှင့် ခင်ညွှန့် တိုက်သည့် ၀ါဒမှိုင်း
|| Opinion ||
မြန်မာနိုင်ငံသည် ၁၉၄၈ တွင် လွတ်လပ်ရေးရခဲ့ပြီး မြန်မာ့သမိုင်းတွင် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဟူ၍ အခြေခံ ဥပဒေ ၃ ခုကို အတည်ပြု ခဲ့သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး အခြေခံဥပဒေဖြစ်သော ၁၉၄၇ အခြေခံဥပဒေနှင့် ပတ်သက်၍ လူအများ ထင်မှတ်မှားနေမှု တစ်ခု ရှိသည်။ ထိုအချက်မှာ နိုင်ငံခြားသားများနှင့် လက်ထပ်ထားသူတို့ သမ္မတဖြစ်ခွင့်မရှိဟု ထည့်သွင်းထားသည်ဟု မှားယွင်းမင်မြင်နေခြင်းဖြစ်သည်။
ထိုသို့ အထင်မှားမှုကို ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးထံမှ ပထမဆုံး ကြားခဲ့ဖူးသည်။ ၁၉၄၇ အခြေခံဥပဒေတွင် ထိုကန့်သတ်ချက် ထည့်သွင်းရန် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟူ၍ပင် မှားယွင်းပြောဆိုလျက်ရှိသည်။ ထိုသို့ ကန့်သတ်ထားခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်းကို ချိတ်ဆက်ကာ ဒေါ်အောင်ဆန်းစုကြည်က ဖခင်ဆန္ဒကို ဆန့်ကျင်နေသည်ဟု စစ်ဗိုလ်ချုပ်များက မဟုတ်မမှန် ၀ါဒဖြန့် ပြောကြားလေ့ရှိသည်။
အကယ်၍ ၁၉၄၇ အခြေခံဥပဒေကို အမှန်တကယ် ဖတ်ရှုဖူးသူဖြစ်ပါက အထက်ပါ ပြောကြားချက်များမှာ န၀တ စစ်အစိုးရလက်ထက် အာဏာထက်သည့် ဗိုလ်ချုပ်ခင်ညွန့်၏ ၀ါဒဖြန့်မှုများသာ ဖြစ်ကြောင်း သိရှိမည်ဖြစ်သည်။ သို့သော် ထိုသို့ အထင်အမြင်လွဲမှားမှုမှာ ယခုအချိန်ထိ ဆက်လက် တည်ရှိနေပြီး မကြာသေးမီရက်ပိုင်းကပင် ရန်ကုန်မြို့ရှိ NLD ထောက်ခံသူ တက္ကစီယာဉ်မောင်းတစ်ဦးထံမှ ကြားခဲ့ရသေးသည်။
အမှန်တကယ်အားဖြင့် ၁၉၄၇ ဥပဒေတွင် သမ္မတအဖြစ် ထမ်းဆောင်မည့်သူက မည်သို့သောသူများကို လက်ထပ်ထားခြင်း ရှိရမည် မရှိရဟု၍ ဖော်ပြထားခြင်း မရှိပေ။ ၁၉၄၇ အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပတ်သက်၍ အခန်း ၅ ၊ ပုဒ်မ ၄၉ ၌ “(က) မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါး သော်လည်းကောင်း၊ ပြည်ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်မျိုးမဟုတ်လျှင် မည်သူမျှ နိုင်ငံတော် သမ္မတရာထူးအတွက် ရွေးကောက်ခံခွင့် မရှိစေရ” ဟု ဖော်ပြထားသည်။
ပါလီမန်အမတ်အဖြစ် ရွေးချယ်ခံခြင်း မပြုနိုင်သည့် အချက်များအနက် နိုင်ငံခြား ဆက်နွယ်မှုနှင့် ပတ်သက်၍ အခန်း ၆ ၊ ပုဒ်မ ၇၄ (ခ) (က) ၌ “နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ” ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့သဖြင့် ဗြိတိန်တွင် မှီခိုအဖြစ် နေထိုင်ခွင့်ရရှိသော်လည်း ဗြိတိန်နိုင်ငံသား အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်များ ခံစားခွင့်မရှိပေ။
၁၉၄၇ အခြေခံဥပဒေတွင် သမ္မတအရည်အချင်းနှင့် ပတ်သက်သည့် ကန့်သတ်ချက်များ၏ ရည်ရွယ်ချက်မှာ အိန္ဒိယနွယ်ဖွားများ သမ္မတ မဖြစ်စေရန် တားဆီးခြင်းက အဓိကဖြစ်ဖွယ် ရှိသည်။
အင်္ဂလိပ်ကိုလိုနီခေတ်က ရန်ကုန်မြို့ သည် ကုန်သွယ်ရေး ဆိပ်ကမ်းမြို့ တော် ဖြစ်သည့်အလျောက် လူဦးရေထက်ဝက်ခန့်မှာ အိန္ဒိယနွယ်ဖွားများ ဖြစ်သည်။ မြန်မာနိုင်ငံကို ဗြိတိသျှအိန္ဒိယမှ ခွဲထွက်အပြီး ၁၉၃၀ ပြည့်လွန်နှစ်များတွင် အဓိက အခွန်ထမ်းများဖြစ်ခဲ့သဖြင့် ယင်းတို့က ရန်ကုန်မြို့ အုပ်ချုပ်ရေးတွင် ပိုမိုလွှမ်းမိုးခွင့်ရခဲ့ကြသည်။ ကိုလိုနီခေတ် ၁၉၂၂ မှ ၁၉၃၇ အထိ ရှိခဲ့သည့် ပါလီမန်တွင် အိန္ဒိယနွယ်ဖွားများ အတွက် သီးခြား အမတ်နေရာ သတ်မှတ်ချက်နှင့် အထူးကိုယ်စားလှယ်များ ထားရှိခဲ့သဖြင့် မျိုးချစ်မြန်မာများ၏ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုနှင့် ကြုံတွေ့ခဲ့ရသည်။
အကယ်၍ ၁၉၄၇ အခြေခံဥပဒေက သမ္မတအား နိုင်ငံခြားသားများနှင့် လက်ထပ်ခြင်းကို ပိတ်ပင်ထားသည်ဆိုပါက အာဏာရှင်ဟောင်း ဦးနေ၀င်းသည် ၁၉၇၆ တွင် June Rose Bellamy ဂျွန်ရို့စ်ဘယ်လာမီနှင့် လက်ထပ်ခဲ့စဉ်က ရာထူးမှ နုတ်ထွက်ရမည်ဖြစ်သည်။ June Rose Bellamy ကို မျက်စိကျနေ သဖြင့် ပြဌာန်း ခဲ့သည်ဟု ဆိုသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အခြေခံဥပဒေမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရခေတ် ၁၉၇၄ တွင် ပြဋ္ဌာန်း ခဲ့သည့် ဥပဒေဖြစ်သည်။
ရတနာနတ်မယ် ဆိုသော မြန်မာအမည်ဖြင့် လူသိများသည့် ရို့စ်ဘယ်လာမီသည် သာယာဝတီမင်း၏ သားတော် ကနောင်မင်းသား၏ မြစ်တော်စပ်သူ ဖြစ်သည်။ ရို့စ်ဘယ်လာမီသည် တော်ဝင်မျိုးရိုးဖြစ်သော်လည်း ဦးနေ၀င်းနှင့် လက်ထပ်စဉ်က ဗြိတိန်နိုင်ငံသား ခံယူထားသူဖြစ်သည်။
ရို့စ်ဘယ်လာမီ၏ မိခင်မှ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့် ၁၈၈၅ ထိ နိုင်ငံကို အုပ်စိုးခဲ့သည့် ကုန်းဘောင်မင်းဆက်မှ မင်းသမီး ထိပ်တင်မလတ် ဖြစ်သည်။ ဖခင်မှာ မြန်မာနိုင်ငံတွင် နေထိုင်သော သြစတြေးလျနိုင်ငံသား သစ်ခွစုဆောင်းသူနှင့် မြင်းပွဲလုပ်ငန်းရှင် ဟာဘတ်ဘယ်လာမီ ဖြစ်သည်။
မိန်းမလိုက်စားသူဟု လူပြောများသည့် ဦးနေ၀င်းနှင့် ဗြိတိန်နိုင်ငံသူ တစ်ခုလပ် တစ်လင်ကွာ ရတနာနတ်မယ် လက်ထပ်မီ အသက်ဝင်ခဲ့သည့် အဆိုပါ ၁၉၇၄ အခြေခံဥပဒေတွင် သမ္မတနှင့် ပတ်သက်၍ အခန်း ၅ ၊ ပုဒ်မ ၆၆(က) ၌ “နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ သည် နိုင်ငံတော် သမ္မတ ဖြစ်သည်“ ဟုသာ ဖော်ပြထားပြီး ပါလီမန် အမတ်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်တွင် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် ရှိသူအဖြစ် အခန်း ၁၂ ၊ ပုဒ်မ ၁၇၇(က) တွင် “နိုင်ငံသား မိဘနှစ်ပါး မှ မွေးဖွားသော နိုင်ငံသားဖြစ်သူ” ဟူ၍ ဖော်ပြထားသည်။ သို့ဖြစ်၍ တိုင်းရင်းသား မဟုတ်သည့် မိဘများမှ ပေါက်ဖွားလာသည့် နိုင်ငံသားတိုင်းသည် ပါလီမန် အမတ်အဖြစ်မှ တစ်ဆင့် ဆိုရှယ်လစ်ပါတီ ဥက္ကဌ (၀ါ) နိုင်ငံတော်ကောင်စီ ဥက္ကဌ ဖြစ်လာနိုင်သည်ဟု ဝေဖန်သူများက ဆိုသည်။
ဦးနေ၀င်းသည် ၁၉၆၂ ခုနှစ်က အာဏာသိမ်းခဲ့သော်လည်း နောင် ၁၄ နှစ်ကြာမှ ဆိုရှယ်လစ်နိုင်ငံတော်ကြီးတည်ဆောက်ရန်ဆိုသည့် ခေါင်းစဉ်အောက်တွင် အခြေခံဥပဒေသစ် တစ်ခုကို ထပ်မံရေးဆွဲအတည်ပြုခဲ့ခြင်းကို ၄င်းနှင့် ခေတ်ပြိုင် နိုင်ငံရေးသမားများက သရော်ရေးသားခဲ့မှုများ ရှိသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်ကို ၁၉၇၂ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၁၉၇၃ တွင် သားဦး ဖွားမြင်ခဲ့သည်။
တနည်းအားဖြင့် ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၄၇ အခြေခံဥပဒေနှင့် ၁၉၇၆ အခြေခံဥပဒေ နှစ်ခုစလုံးအရ သူမသည် နိုင်ငံ၏ ခေါင်းဆောင် ဖြစ်ခွင့်ရှိသူဖြစ်သည်။ သို့ဖြစ်၍ ဦးသန်းရွှေနှင့် ဦးခင်ညွှန့်တို့ ဦးဆောင်သည့် စစ်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေတွင်သာ သမ္မတနှင့် ဒုတိယသမ္မတများ၏ ဇနီး၊ ခင်ပွန်းနှင့် သက်ဆိုင်သော ကန့်သတ်ချက် ကို အခန်း ၃ ၊ ပုဒ်မ ၅၉ (စ) တွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေတွင်သာ ပါဝင်သည့် ထိုကန့်သတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် အား နိုင်ငံတော်သမ္မတ ဖြစ်မလာစေရန် တားဆီးခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ထိုအချက်ကို ဦးနေ၀င်းက ကန့်လန့်ကာနောက်ကွယ်မှနေ၍ ၄င်း၏ တပည့်ရင်းဖြစ်သူ ဗိုလ်ချုပ်ခင်ညွှန့်အား ညောင်နှစ်ပင် ညီလာခံမှ တစ်ဆင့် ထည့်သွင်းစေ ခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်နှင့်အတူ အိန္ဒိယနှင့် နီပေါ နိုင်ငံတွင်လည်းကောင်း၊ ခင်ပွန်းဖြစ်သူနှင့် အင်္ဂလန်၊ ဘူတန်နိုင်ငံတို့တွင် နေထိုင်ဖူးသော်လည်း မည်သည့်အခါတွင်မူ နိုင်ငံခြားသား အဖြစ် ခံယူမှု၊ ခံယူရန် လျောက်ထားမူ အလျဉ်းမရှိခဲ့ပေ။
ထိုနည်းတူစွာ ၄င်း၏ သားနှစ်ယောက်ကိုလည်း မွေးဖွားပြီးနောက် လန်ဒန်ရှိ မြန်မာကောင်စစ်ဝင်ရုံးတွင် မြင့်ဆန်းအောင်နှင့် ထိန်လင်း အမည်တို့ဖြင့် မှတ်ပုံတင် စာရင်းပေးသွင်းခြင်းဖြင့် မြန်မာနိုင်ငံသားများ အဖြစ်သာ ရပ်တည်စေခဲ့သည်ဟု ဆိုသည်။ သို့သော် နအဖ အစိုးရလက်ထက် သူမ အကျယ်ချုပ် ကြနေစဉ်အတွင်း သူမထံ အလည်လာရောက်သည့် သားနှစ်ဦး၏ မြန်မာပတ်စပို့စ်များကို ရန်ကုန်လေဆိပ်တွင် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၄ လူထုဟောပြောပွဲတစ်ခုတွင် ပြည်သူအား အတိအလင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား တိုင်းပြည်ကို ခေါင်းဆောင်ခြင်းမှ တားမြစ်ထားသည့် အဆိုပါပုဒ်မကို ပြင်ဆင်၍ ရနိုင် မရနိုင် မေးခွန်းထုတ်စရာရှိသည်။ လက်ရှိ ပြဋ္ဌာန်းချက်အရ အခြေခံဥပဒေပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀% က ဥပဒေမူကြမ်း တင်ပြလာပါက ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေး ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့သော် အခြေခံဥပဒေပါ ပုဒ်မခွဲ ၁၀၄ ခု မှာ ပြင်ဆင် လိုပါက လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၇၅% ကျော်၏ ထောက်ခံ အတည်ပြုချက် လိုအပ်ပြီး ထိုသို့ အတည်ပြုသည့်တိုင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်သည်။
လွှတ်တော်အမတ်နေရာ ၂၅% ကို စစ်တပ်က ရယူထားသဖြင့် ရွေးချယ်ခံ အမတ်များအားလုံး သဘောတူသည့်တိုင် စစ်တပ်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်ကမျှ သဘောမတူပါက ပြင်ဆင်နိုင်မည် မဟုတ်ပေ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် မည်သည့်ကြိုးစားမှု ပြုလုပ်သည်ဖြစ်စေ NLD သည် “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်” ဟု ခံယူထားသဖြင့် အဆိုပါ အခြေခံဥပဒေအပေါ် ပြင်းထန်သည့် ဝေဖန်ဆွေးနွေးမှုများ ပြုလုပ်နိုင်ချေမရှိ။ ပြုလုပ်ပါကလည်း တိုင်းပြည်အတွက် အန္တရယ်ရှိနိုင်သည့် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ကြုံတွေ့နိုင်သည်။
ထိုသို့ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုအပြင် ၁၉၇၄ အခြေခံဥပဒေအတွက် ၁၉၇၃ ဒီဇင်ဘာတွင် ပြုလုပ်သော လူထုဆန္ဒခံယူပွဲ ၊ လက်ရှိ အခြေခံဥပဒေ အတွက် ၂၀၀၈ မေက ပြုလုပ်ခဲ့သော လူထုဆန္ဒခံယူပွဲများ၏ အငြင်းပွားဖွယ် သမိုင်းအရ စစ်တပ်၏ အာဏာကိုင်ဆွဲထားမှုကို ကာကွယ်ပေးထားသည့် ထိုပုဒ်မများ အား ပြင်ဆင်ရန် မဖြစ်နိုင်သယောင်ပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရန် ဆန္ဒစောနေသူများက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူ့၏ အမေရိကန်တွင် နေထိုင်နေသည့် သားအကြီးနှင့် အင်္ဂလန်နိုင်ငံတွင် နေထိုင်နေသည့် သားအငယ်တို့ကို သားအဖြစ်မှ စွန့်လွှတ်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၆ ခုနှစ်တွင် သမ္မတဖြစ်ခွင့် ရနိုင်မည်ဟု ဆိုသည်။
သို့သော် မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ သားသမီး အဖြစ် စွန့်လွှတ်ခြင်းသည် သတင်းစာထဲ ထည့်ပြီး အမွေပြတ် ကြေညာရုံနှင့် အထမမြောက်။ ယခင် နအဖ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ခင်ညွှန့်သည် စင်ကာပူနိုင်ငံသူအား လက်ထပ်ယူခဲ့သည့် သားဖြစ်သူကို သတင်းစာထဲမှ အမွေပြတ် ကြေညာထားသော်လည်း ၂၀၀၁ ခုနှစ်တွင် ပုဂံဆိုင်ဘာတက်ခ် ကုမ္မဏီအနေဖြင့် ဆက်သွယ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခြင်းတို့ဖြင့် သူကောင်းပြု ခဲ့သည်။
ဆိုလိုသည်မှာ သားသမီးအဖြစ်မှ စွန့်လွှတ်ခြင်းသည် လူအများ၏ မျက်စိတကွယ်တွင်သာ ဖြစ်သည်။ အသက် ၄၀ ပတ်ဝန်းကျင်ရှိနေပြီ ဖြစ်ပြီး သူမနှင့် အနှစ် ၂၀ ကျော် နိုင်ငံခြားတွင်ကွဲကွာနေထိုင်သည့် သား ၂ ယောက်ကို စိတ်အနာတရ ဖြစ်စေမည့် အပြုအမူမျိုးကို မလုပ်တန်ရာဟု ယူဆထားသူများလည်း ရှိသည်။
နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့ခြင်းက တိုင်းပြည်၏ အာဏာ ဖွဲ့စည်းပုံ အခြေခံတွင် စစ်တပ် လွှမ်းမိုးထားမှုအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိမည်မဟုတ်ပေ။ လက်ရှိ ဆောင်ရွက်နိုင်သည့် အရာမှာ ရှေ့တွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို စောင့်ကြည့်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကြီးမားသည့် လူထုလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲရလဒ်ကို ပြည်သူ၏ အင်အားအဖြစ် ပုံသွင်းနေသူဖြစ်သည်။ သူမက နိုင်ငံရေးတိုက်ပွဲများကို အသားကျနေပြီး အစိုးရသစ်တွင် သမ္မတ အထက်၌ ရှိနေမည်ဖြစ်ကာ ဆုံးဖြတ်ချက်အားလုံး ချမှတ်သူဖြစ်မည်ဟု ရွေးကောက်ပွဲ မတိုင်မီနှင့် အနိုင်ရရှိပြီးအချိန်တို့တွင် နိုင်ငံတကာ မီဒီယာများသို့ ပြောကြားခဲ့သည်။
ထိုပြောကြားချက်က စောင့်ကြည့်လေ့လာနေသူများအားလုံးအတွက် အံ့အားသင့်ဖွယ် ပွင့်လင်းမှုဖြစ်ပြီး စစ်ဗိုလ်ချုပ်များကို ကသိကအောက် ဖြစ်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုပြောတာ အံ့သြစရာ ဖြစ်နိုင်ပေမယ့် ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ပြောထားတာ ကောင်းပါတယ်” ဟု ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ တိုင်းပြည်တစ်ခုတွင် အရေးကြီးသော အဆုံးအဖြတ်များကို တိုက်ရိုက်တာဝန်ခံရန် မလိုပဲ ဦးဆောင်ရမည့် အနေအထားကို ရောက်ရှိအောင် တွန်းပို့ခဲ့သူများမှာ ယခင် စစ်အစိုးရခေါင်းဆောင်များသာ ဖြစ်ကြောင်း သိသာထင်ရှားခဲ့ပြီ ဖြစ်သည်။
မောင်သာနိုး
(The Ladies News Journal မှ ကူးယူပြီး ဖော်ပြပါသည်။)
No comments:
Post a Comment