Friday, November 14, 2014

မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာပါ Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော

မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာပါ Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော ဖော်ပြချက်နှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ညှိနှိုင်းရန် ခေါ်ယူမှုအား ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ လာရောက်နိုင်ခြင်း မရှိခဲ့

ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာပါ Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော ဖော်ပြချက်နှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ညှိနှိုင်းရန်ခေါ်ယူမှုအား ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ လာရောက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် “ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက Eleven Media Group အပေါ် တရားစွဲဆိုထားသည့်အမှုကို တတိယအကြိမ်မြောက် ရုံးချိန်ခေါ်ယူ” ဟူသောခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့သည်။ ယင်းသတင်းပါ ဖော်ပြချက်အချို့မှာ မှားယွင်းနေပြီး Eleven Media Group ၏ ဂုဏ်သိက္ခာနှင့် တရားစွဲဆိုခံရမှုတွင် ပါဝင်ခြင်းမရှိသော အခြားဒါရိုက်တာအဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာနှင့် အသရေဖျက်ရာရောက်သည့်အတွက် Eleven Media Group ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ရဲနောင်က နိုဝင်ဘာလ ၇ ရက်နေ့တွင် စာနယ်ဇင်းကောင်စီ(ယာယီ) သို့ ညှိနှိုင်းဖြေရှင်းပေးရန် တိုင်ကြားစာပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါတိုင်ကြားစာနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် စာနယ်ဇင်းကောင်စီ (ယာယီ) အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီက တိုင်ကြားခံရသည့်ဘက်မှ တာဝန်ရှိသူများအား တွေ့ဆုံရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စအား ညှိနှိုင်းရန် နိုဝင်ဘာ ၁ဝ ရက်တွင် ချိန်းဆိုခဲ့သော်လည်း ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ တာဝန်ရှိသူများက လာရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ နေပြည်တော်တွင်ကျင်းပနေသော အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ပတ်သက်ပြီး အလုပ်အလွန်ရှုပ်နေသောကြောင့် ရက်အနည်းငယ်ဆိုင်းငံ့ပေးရန် ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ အကြောင်းပြန်ထားကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) သို့ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“ကျွန်တော်က အယ်ဒီတာချုပ် ဦးခင်မောင်ကျော်ဒင် ဆိုတာကို ဖုန်းဆက်တယ်ဗျ။ နောက်တော့ ကျွန်တော်ကိုယ်တိုင်လဲ ဆက်ပါတယ်။ ဆက်တော့ သူတို့လောလောဆယ်မှာ နေပြည်တော်ကဆင်းလာဖို့ အလုပ်တွေရှုပ်နေလို့ အဆင်မပြေတဲ့အကြောင်း ပြောတယ်။ ရက် ၂ဝ ပတ်ဝန်းကျင်လောက်လို့ ပြောတယ်။ ကျွန်တော်တို့က ပြောလိုက်တာကတော့ စာနဲ့အကြောင်းပြန်ပေးပါလို့ ပြောထားတယ်။ အဲ့တော့ စာပြန်ပို့ပေးမယ်လို့ ပြောတယ်။ ရုံးကိုရောက်ပြီလား မရောက်ပြီလားတော့ မသိဘူးဗျ။ ကျွန်တော်တို့ကတော့ အယ်ဒီတာချုပ်တွေကိုပဲ အကြောင်းကြားရတာပေါ့။ တွေ့ဖို့ကိုတော့ ကျွန်တော်တို့ကတော့ ၂ဝ၊ ၂၁ လောက်လို့ ခန့်မှန်းတယ်ဗျ။ ဖုန်းနဲ့ပြောတာဆိုတော့ အဲ့ရက်ပိုင်းလို့ပြောတယ်” ဟု အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီဥက္ကဠ ဦးဖေမြင့်က ပြောပါသည်။

ထို့အတူ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမျိုးသန့်တင်အား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ မြန်မာ့အလင်းကိုခေါ်ထားတာ သူတို့က အာဆီယံပွဲတွေရှိနေလို့ ရှေ့အပတ်လောက်မှ လာနိုင်မယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က သူတို့ကို ဒီလိုဆိုရင် စာနဲ့ပြန်ပေးပါလို့ ပြောထားတယ်။ ကျွန်တော်တို့သိသိချင်း အကြောင်းကြားပါ့မယ်နော်။ စာနဲ့ပြန်ပေးမယ်ဆိုတာ အဲ့လိုမလာနိုင်ဘူး ဘယ်နေ့မှလာမယ်ဆိုတဲ့ကိစ္စကိုလေ သူတို့ကိုယ်တိုင်ကတော့ လာရမှာပေါ့” ဟု ပြောကြားခဲ့ပါသည်။

No comments: